ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေအဖြစ် အစိုးရက အမေရိကန်ဒေါ်လာသန်း၂၅၀ နှင့် မြန်မာကျပ်ငွေ သန်း ၁၀၀၀ မတည် ထူ ထောင်လိုက်ပြီး အများပြည်သူများကိုလည်း ပါဝင်လှူဒါန်းရန် ဖိတ်ခေါ်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီး ဌာနက ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်လိုက်သည်။
ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေကို အစိုးရက ကျပ် ၃၃၈ ဘီလီယံနှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို နိုင်ငံခြားငွေစာရင်းနှင့် ကျပ်သန်း ၁၀၀၀ ကို ကျပ်ငွေစာရင်း အဖြစ်လည်းကောင်း ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရ သည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကာကွယ်ဆေး ဝယ်ယူရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ထို ဆပ်ကော်မတီက ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် တွင် ယခုကဲ့သို့ ငွေစာရင်းများ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပါဝင် လှူဒါန်းလိုသူများအနေဖြင့် မြန်မာ့ စီးပွားရေးဘဏ် (နေပြည်တော်)၊ နိုင်ငံ ခြားငွေစာရင်း EDC600012 သို့ မည်သည့် နိုင်ငံခြားငွေမဆို လှူဒါန်းနိုင်မည် ဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် လှူဒါန်းလိုသူများ သည် ကျပ်ငွေစာရင်း OA 013733 သို့ လှူဒါန်းနိုင်မည် ဖြစ်ကြောင်း ကြေညာထားသည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယ၊ တရုတ်တို့ထံမှ ဝယ်ယူမှုအပြင် အမေရိကန်၊ ဂျာမနီနှင့် ရုရှား အစ ရှိသည့် နိုင်ငံတို့မှ ထုတ်လုပ်နေသော ကာကွယ်ဆေးများကို သံတမန် နည်းလမ်းအရ ရရှိနိုင်ရန်အတွက်လည်း ဆောင် ရွက်လျက် ရှိကြောင်း ကျန်းမာရးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဧရာဝတီသို့ ပြောသည်။
“အစိုးရအနေနဲ့ ကာကွယ်ဆေး ဝယ်ယူဖို့ကို အစကတည်းက စီစဉ်ထားပြီးသားပါ။ ကျမတို့လည်း ကာကွယ်ဆေး ဝယ်ယူဖို့ ကို အထူးတလည် အာရုံစိုက်ပြီးတော့ အကောင်းဆုံး လုပ်ဆောင်တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကို ပိုပြီးတော့ များ များစားစား ဝယ်ယူနိုင်ဖို့ ရန်ပုံငွေမှာ ပြည်သူတွေအနေနဲ့ အားတက်သရော ထည့်ဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ၎င်း က ဆိုသည်။
ထိုပြင် မြန်မာနိုင်ငံအနေဖြင့် WHO ၏ COVAX အစီအစဉ်အရ ပေးမည့် ကိုဗစ်ကာကွယ်ဆေးများ ရရှိရေးအတွက်ကိုလည်း လုပ်ဆောင်နေလျက် ရှိသည်။
ဒေါက်တာခင်ခင်ကြီးက “အခု ထပ်ပြီးတော့ အလှူခံတယ်ဆိုတာက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကြောင့် များများထည့် ဝင်မယ် ဆိုရင် များများဝယ်နိုင်မယ် မြန်မြန် ထိုးနှံနိုင်မယ်။ တနည်းအားဖြင့်ဆိုရင် ကျမတို့တွေ မြန်မြန်ဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India ထံမှ ကိုဗစ် ၁၉ ကာကွယ်ဆေးများ ဝယ်ယူရန် အရောင်းအဝယ်စာချုပ် ချုပ်ဆိုထားပြီး ၂၀၂၁ ဖေဖော်ဝါရီလတွင် ကာကွယ်ဆေးများ စတင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ထားသည်။
Serum Institute ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးအနေဖြင့် အောက်စဖို့စ် တက္ကသိုလ်နှင့် AstraZeneca တို့ ပူးပေါင်း သုတေသန ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နေခြင်း ဖြစ်သည်။ နှစ်ဖက် သဘောတူစာချုပ်အရ ကိုဗစ် ၁၉ ကာကွယ်ဆေးကို လူဦးရေ ၁၅ သန်းစာ ဝယ်ယူသွားမည်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံမှ ကိုဗစ် ၁၉ ကာကွယ်ဆေး အပြင် China National Pharmaceutical Group(Sinopharm) နှင့် Sinovac Botech (ဟောင်ကောင်) ကုမ္ပဏီတို့ ပူပေါင်းထုတ်လုပ်သည့် ကာကွယ်ဆေးကိုလည်း ဝယ်ယူရန် ဆွေးနွေး ညှိနှိုင်းမှုများလည်း ရှိနေသည်။
အစိုးရက ကိုဗစ် ၁၉ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ရန်ပုံငွေထူထောင်ပြီး အများပြည်သူသို့ လှူဒါန်းရန် ဖိတ်ခေါ် ပြီး နောက် ပြည်တွင်းထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သည့် ဧဒင်စီးပွားရေးလုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ၎င်း၏ မွေးနေ့အလှူအဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်း လှူဒါန်းကြောင်း ကြေညာခဲ့သည်။
ကိုဗစ် ၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် ယခု ရန်ပုံငွေအပြင် ကမ္ဘာ့ဘဏ်မှ ချေးငွေ ဒေါ်လာသန်း ၆၀၊ ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန် ပုံငွေအဖွဲ့ (IMF) တို့မှလည်း ချေးငွေများ ရယူရန်လည်း စီစဉ်လျက် ရှိကြောင်း သိရသည်။
You may also like these stories:
တရုတ် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိရသမျှ
အင်ဒိုနီးရှားမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ဇန်နဝါရီ ၁၃ ရက် စတင်မည်
မြန်မာနိုင်ငံတွင် ကိုဗစ်ကုသဆေး ထုတ်လုပ်မှု အောင်မြင်
မြန်မာနိုင်ငံရှိ ကိုဗစ်ပိုးမျိုးဗီဇ အနည်းငယ်သာ ပြောင်းလဲ ဟုဆို