သတင်း

ဒေါက်တာ အေးမောင်နှင့် နိုင်ငံရေးဖြင့် ဆက်စပ်ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်နိုင်ငံရေးသမား ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် အပါအဝင် နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီး ထောင်ကျခံနေရသော ကျောင်းသား လူငယ်များ၊ ရခိုင်ကျေးရွာသားများကို ပြန်လွှတ်ပေးရန် အမ်း ဒေသခံ ပြည်သူများက တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

ထိုသို့ ပြန်လွှတ်ပေးရန်အတွက် အမ်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ ရွာသားများမှာ ဇန်နဝါရီလ ၆ ရက် ညနေ ၉ နာရီဝန်းကျင်က မြို့ပေါ်ရှိ လမ်းဆုံ လမ်းခွများ၊ မြို့မဈေးကြီး ရှေ့တို့တွင် စာရွက်များ လိုက်ကပ်သည့် ကမ် ပိန်းတခု ပြုလုပ်ခဲ့ကြသလို ကျေးရွာများတွင်လည်း စာကပ်သည့် ကမ်ပိန်းလုပ်ဆောင်၍ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း အမ်း မြို့ခံ ကိုမျိုးလွင်က ပြောသည်။

ကိုမျိုးလွင်က “ဒေါက်တာ အေးမောင် ဆိုတာ ကျနော်တို့ အမ်းပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ်တယောက် ဖြစ်တယ်။ အဲဒါကြောင့် သူလွတ်မြောက်ဖို့အတွက် ကျနော်တို့ အမ်းမြို့နယ်က စပြီးတော့ ကမ်ပိန်းလုပ်ပြီး တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အမ်းမြို့သူများ တောင်းဆိုသည့် ကမ်ပိန်းစာရွက်တွင် ထောင်တွင်း အကျဉ်းချခံနေရသော ဒေါက်တာအေးမောင်၊ ဝေဟင်အောင်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံနေရသော တက်ကြွလှုပ်ရှားသူများအား ခြွင်းချက်မရှိ လွှတ်ပေးရေး စသည်တို့ ရေးသား ပါရှိသည်။

ယင်းပြင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုဖြင့် မြန်မာ ပြည်အနှံ့ အမှုရင်ဆိုင်နေရသော ကျောင်းသား/သူများအား ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ရခိုင်ပြည်နယ်အနှံ့ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်းခံနေရသော ရခိုင်ပြည်သူများအား ခြွင်း ချက်မရှိ လွှတ်ပေးရေး စသည့်ဖြင့်လည်း တောင်းဆိုထားကြသည်။

ဒေါက်တာ အေးမောင် လွှတ်ပေးရေး ကမ်ပိန်း လှုပ်ရှားရာတွင် ပါဝင်သူ အမ်းမြို့နယ် ကံကျွန်းကျေးရွာမှ ကိုဌေးအောင်က “ဒီအချိန်မှာ ကျနော်တို့ မြို့နယ်က တင်မြှောက်ထားတဲ့ ဒေါက်တာ အေးမောင်နဲ့ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ၊ ရခိုင်ရွာသားတွေကို လွတ်မြောက်လာဖို့အတွက် ကျနော်တို့ ရပ်သူ၊ ရွာသားတွေ၊ ကျွန်းသူ၊ ကျွန်းသား တွေ စုပေါင်းပြီး ကမ်ပိန်းတခု လုပ်ပြီးတော့ တောင်းဆိုလိုက်ရတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အမ်းမြို့နယ်အတွင်းက ဒေသခံပြည်သူများ တောင်းဆိုသည့်အတိုင်း လွတ်မြောက်လာခြင်း မရှိပါက ထပ်မံ၍ ရခိုင်တပြည် နယ်လုံးတွင် ကမ်ပိန်းလုပ်ဆောင်ကာ တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း ကမ်ပိန်းပြုလုပ်ရာတွင် ပါဝင်သူ အမ်းမြို့ခံ များက ဆိုသည်။

ဒေါက်တာ အေးမောင်၏ ဇနီးဖြစ်သူ ဒေါ်မြမြသက်က “အမ်းပြည်သူတွေ အခုလို တောင်းဆိုတဲ့အပေါ် ကျမအနေနဲ့လည်း ကြိုဆိုပါတယ်။ ပြည်သူတွေလည်း တောင်းဆိုတယ်။ နိုင်ငံရေး တတ်သိ ပညာရှင်တွေကလည်း လွှတ်ပေးဖို့ ပြောဆိုနေ ကြတယ်။ ဆိုတော့ အစိုးရအနေနဲ့ ပြည်ထောင်စု စိတ်ဓာတ်ရှိရင်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို လိုလားတယ်၊ ငြိမ်း ချမ်းရေးကို လိုလားတယ်ဆိုရင် သူတို့ကို ပြန်လွှတ် ပေးစေချင်တယ်။ ကျမအနေနဲ့လည်း အမ်းပြည်သူတွေနဲ့အတူ ပြန် လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ မျိုးညွန့်ကို ဧရာဝတီမှ ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းကိစ္စမှာ အုပ်ချုပ်ရေးပိုင်းက စဉ်းစားရမည့်ကိစ္စသာ ဖြစ်ကြောင်း ပြော သည်။

ဒေါက်တာ မျိုးညွန့်က “ဒါကတော့ အုပ်ချုပ်ရေးပိုင်းက စဉ်းစားရမယ့် ကိစ္စပါ။ ကျနော်တို့ ပါတီရဲ့သဘောထားကတော့ တရားဥပဒေ စိုးမိုးရေးကို အလေးထားပါတယ်။ ဥပဒေနဲ့ အညီ ဘယ်အလုပ်ကို လုပ်လုပ် လက်ခံပါတယ်။ ဥပဒေရဲ့ ခွင့်ပြု ချက်အရ ဘယ်လို ဖြေလျှော့မှုတွေ လုပ်နိုင်သလဲ ဆိုတာကတော့ အုပ်ချုပ်ရေး တာဝန်ယူထားသူတွေ စဉ်းစားရမယ့် ကိစ္စ ဖြစ်ပါတယ် ခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့်၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့နယ်၌ ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင် အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်း ဟုဆိုကာ အစိုးရ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်။

၂၀၂၀ အောက်တိုဘာလအတွင်းတွင် ရက္ခိုင် စစ်တပ် (AA) အဖွဲ့က တောင်ကုတ် အမတ်လောင်း ၃ ဦးကို ဖမ်းဆီးထားခြင်း နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းရင်းသား အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိုဖြေရှင်းနိုင်ရေးကို ဖြေရှင်းလိုသည့် ဆန္ဒရှိပါက ဖမ်းဆီးထားသည့် အမတ်လောင်း ၃ ဦးကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ သည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ဖမ်းဆီးထားသည့် တောင်ကုတ် အမတ်လောင်း ၃ ဦးကို AA ပြန်လွှတ်ပေးခဲ့သည့်အတွက် လွတ်လပ်ရေးနေ့တွင် ဒေါက်တာ အေးမောင် အပါအဝင် ဖမ်းဆီးခံနေရသော ရခိုင် ကျေးရွာသားများ ပြန်လွှတ်လာရန် မျှော်လင့်ခဲ့သော်လည်း နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်သည် ထိုနေ့က မရှိခဲ့ပေ။

You may also like these stories:

ဒေါက်တာအေးမောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်၍ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်

ဒေါက်တာအေးမောင်အမှု၏နောက်ဆုံးအယူခံပယ်ချခံရ

AA ဖမ်းဆီးထားသည့် NLD အမတ်လောင်း ၃ ဦး ယနေ့ ပြန်လွှတ်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading