မြန်မာနိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ပြီး ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျော့ကျလာပြီ ဖြစ်သော်လည်း မပေါ့ဆ သင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး က သတိပေးလိုက်သည်။
ဒေါက်တာခင်ခင်ကြီးက“လက်ရှိ အနေအထားကောင်းကို ရောက်ရှိနေပါပြီ။ သို့သော်ပေါ့ဆလို့ မရပါဘူး။ အခုနေ လျော့နေ ပြီ တော်တော်လေးတော့ ထိန်းချုပ်နိုင်တယ် ဆိုပြီးတော့ ပေါ့လိုက်တာနဲ့ တပြိုက်တည်း ရောဂါဖြစ်ပွားမှုတွေက ထောင် တက်လာမှာ ဖြစ်ပါတယ်။ အဲဒီကျရင် ကျမတို့ အနေနဲ့ ထိန်းချုပ်ရတာ ယခင်ကထက်စာရင် ပိုပြီးတော့ ခက်သွားမှာပါဖြစ်ပါ တယ်” ပြောသည်။
ကူးစက်ပြန့်ပွားမှု ပြန်လည်မြင့်တက်လာပါက ရောဂါထိန်းချုပ်မှု အပိုင်းတွင် ယခင်ထက် ပိုမိုခက်ခဲလာနိုင်ကြောင်း ၎င်းက ဆိုသည်။
“မတ်လ ၂၃ ရက်နေ့က စတွေ့တာ အခု ၉လ ရှိသွားပြီဆိုတော့ အတိုင်းအတာ တခုအတွင်းမှာ COVID-19 ကုသရေး အတွက် လူအင်အားတွေရော၊ ပစ္စည်းအင်အားတွေရော အတော်ကြီးကို သုံးစွဲခဲ့တဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ဒုတိယလှိုင်း ပြီးသွားရင်တောင် နောက်ထပ် ကပ်ရောဂါ ဖြစ်ပွားမှု မရှိအောင် အထူးစည်းကမ်း လိုက် နာပြီး နေထိုင်ဖို့ လိုပါတယ်။ ပေါ့လို့မရတဲ့ အနေအထားဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် ကိုဗစ်ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီး ရောဂါဖြစ်ပွားသူ ၈၅ ရာခိုင် နှုန်းကျော်ကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့ကြောင်း၊ ရောဂါဖြစ်ပွားသူ ၁၂၈,၀၀၀ ကျော်တွင် ၁၁၁,၀၀၀ ခန့် ပျောက် ကင်းခဲ့သဖြင့် ၈၅ ရာခိုင်နှုန်းကျော် ပျောက်ကင်းခဲ့ကာ သေဆုံးမှုမှာ ၂ ဒသမ ၁၇ ရာခိုင်နှုန်းရှိပြီး ၁၀ ရာခိုင်နှုန်းကျော်မှာ ဆက်လက်ကုသဆဲ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ယခုကဲ့သို့ ကူးစက်ပြန့်ပွားမှုနှုန်း လျော့ကျသွားသည့်တိုင် ကိုဗစ် စည်းကမ်းများကို သတိထားလိုက်နာသင့်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးကလည်း သတိပေးပြောဆိုသည်။
“ကျနော်တို့ အပါအဝင်ပါပဲ နည်းနည်းလေး ကူးစက်မှုနှုန်း ကျလာရင် အရင်လောက် သိပ်စိတ်မပူတော့ဘူးပေါ့။ ဒါပေမယ့် ကိုယ့်ကို ကိုယ်တော့ ကာကွယ်နေတယ်။ အရင်ထက်စာရင် စိတ်ထဲနည်းနည်းပေါ့သွားတဲ့ သဘောတော့ ရှိတယ်။ သို့သော် စိတ်ထဲကပေါ့တယ် ဆိုပေမယ့် ကာကွယ်မှုကိုတော့ မပေါ့ဘူး။ ပြည်သူတွေအနေနဲ့လည်း mask တပ် လက်ဆေးပြီးတော့ ခပ်ခွာခွာ နေဖို့တော့ အရွယ်သုံးပါမရွေး လိုက်နာဖို့တော့ လိုပါတယ်” ဟု ၎င်း ကဆိုသည်။
ဆက်လက်ပြီး ဒေါက်တာကျော်စွာဦးက “စည်းကမ်းမဲ့ mask မတပ်တဲ့ လူတွေကိုတော့ အတိုင်းအတာ တခုခုနဲ့ အရေးယူမှု လုပ်ငန်းလေးတွေ လုပ်စေချင်တယ်။ ဒါမှလည်း ဆက်ပြီးထိန်းနိုင်မယ်လို့ ထင်တယ်။ အခုက ပညာပေးကာလကလည်း တော်တော်လေးကို ကြာလည်းကြာသွားပြီ။ အားလုံးက ဝိုင်းလုပ်နေတာမှ တချို့တွေက စည်းကမ်းမဲ့ မတပ်တာတွေ ပြန် တွေ့နေရတယ်။ အဲဒါကိုတော့ တင်းတင်းကြပ်ကြပ်လေး အရေးယူမှု အပိုင်းလေးတွေတော့ လုပ်စေချင်တယ်။ အရေးယူမှု ဆိုတာ အများကြီးတော့ မဟုတ်ပေမယ့် စည်းကမ်းပိုင်း အနေနဲ့ပေါ့” ဟု ပြောသည်။
လက်ရှိအခြေအနေတွင် ပိုးတွေ့နှုန်း လျော့ကျလာခြင်းမှာ ပြည်သူလူထုအနေဖြင့် လူစုလူဝေးလုပ်ခြင်း၊ ပွဲလမ်းသဘင် ပြုလုပ်ခြင်းများ လျော့ကျလာပြီး စည်းကမ်းလိုက်နာလာခြင်းက အကြောင်းအရင်း တရပ်ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီး က ဆိုသည်။
မတ်လ၂၃ ရက်မှ ဇန်နဝါရီ ၆ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၂၈,၁၇၈ ဦး ရှိနေပြီဖြစ်ကာ သေဆုံးသူ ၂,၇၈၅ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၁,၄၀၁ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ရွှေပြည်သာတွင် ဖမ်းမိသည့် အထောက်အထားမဲ့ ၉၉ ဦးမှ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့
“ဝ” နှင့် မိုင်းလားဒေသတွင် ကိုဗစ်ကူးစက်ခံရသူများကို ပိုက်စိပ်တိုက် ရှာဖွေနေ
ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေးတွင် အများပြည်သူ ပါဝင်လှူဒါန်းရန် အစိုးရ ဖိတ်ခေါ်