အီရန်တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးထားသော မြန်မာသင်္ဘောသား ၁၁ ဦးပြန်လည်လွတ်မြောက်လာရေးအတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်နည်းလမ်းဖြင့် ကူညီဆောင်ရွက်နေကြောင်း ဇန်နဝါရီလ ၇ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဗန်ကောက်နှင့် နယူးဒေလီမြို့ရှိ မြန်မာသံရုံးများမှ တဆင့် အီရန်သံရုံးနှင့် ဆက်သွယ်၍ မြန်မာသင်္ဘောသားများ ဖမ်းဆီးခံရမှုကို စုံစမ်း နေပြီး သင်္ဘောသားများ ပြန်လည်လွတ်မြောက်နိုင်ရေး အတွက် တတ်နိုင်သမျှ ကူညီသွားရန် သံရုံးများအားညွှန်ကြားထားကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က “အခုတော့ သံရုံးတွေကို သင်္ဘောကုမ္ပဏီနဲ့လည်း ဆက်သွယ်ခိုင်းထားတယ်။ ဘာပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေဆိုတော့ ကျနော်တို့ ဒီဘက်က လုပ်နိုင်တာလေးတွေ လုပ်နေပါတယ်။ ကိုရီးယားမှာ ရှိတဲ့ မြန်မာသံရုံးကို အကြောင်း ကြားထားတယ်။ အဓိကတော့ အဲဒီကုမ္ပဏီနဲ့ အရင်ချိတ်ဆက်။ ချိတ်ဆက်ပြီးရတဲ့ သတင်းကို အထက်ကို တင်ပြပြီးတော့ ကိုယ့်နိုင်ငံသားတွေ ကယ်ထုတ်ဖို့ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားမှာပေါ့” ဟု ဆိုသည်။
သင်္ဘောသားများအားလုံးသည်လည်း ကျန်းမာရေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံလျက်ရှိနေကြောင်းသိရသည်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း မြန်မာသင်္ဘောသားများ ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအခြေစိုက် သင်္ဘောသားအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေသည်ဟု ဇန်နဝါရီလ ၈ ရက်က ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၎င်းက “အဲဒီကိစ္စကကျနော်သိသလောက်တော့ သူ့ (တောင်ကိုရီးယား) Foreign Minister က အီရန်ကိုသွားပြီးညှိမယ်လို့ ပြောပါတယ်။ သူ့နိုင်ငံပိုင် သင်္ဘောကိစ္စဖြစ်တာကိုး။ ဖြစ်တဲ့အတွက် သူ့နိုင်ငံနိုင်ငံခြားရေးဝန်ကြီးက ညှိနှိုင်းဖြေရှင်းတာပေါ့။ အဲဒါကို ကျနော်တို့က ပြန်စောင့်ကြည့်မှာပေါ့” ဟု ဆိုသည်။
အဆိုပါဖမ်းဆီးမှုသည် တောင်ကိုရီးယား သင်္ဘောကိုသာ ဦးတည်ဖမ်းခြင်း ဖြစ်ပြီး မြန်မာ သင်္ဘောသားများကို ပစ်မှတ်ထား ဖမ်းဆီးခြင်း မဟုတ်ကြောင်းကိုလည်း ရှင်းပြသည်။
လွတ်လပ်သော မြန်မာနိုင်ငံသင်္ဘောသားများ အဖွဲ့ချုပ် (IFOMS) အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်လင်းကမူ နိုင်ငံတော်အစိုးရဘက်က ဝိုင်းဝန်းကူညီနေသဖြင့် သင်္ဘောသားများ ပြန်လည်လွတ်မြောက်လာရေးမှာ လျင်လျင်မြန်မြန် အခြေအနေကောင်းမွန်လာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုက ကိုယ်တို့နိုင်ငံဘက်ကလည်း လိုက်ကူညီပေးနေရင်တော့ တော်တော်အဆင်ပြေမယ်ထင်ပါတယ်။ အစိုးရအချင်းချင်း စကားပြောတာက အများကြီးပိုပြီးထိရောက်တယ်။ ကိုရီးယားအစိုးရလည်း လုပ်နေတယ်ဆိုတော့ သူတို့အတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
မြန်မာ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် သင်္ဘောသားများ တာဝန်ထမ်းဆောင်နေသည့် တောင်ကိုရီးယား နိုင်ငံပိုင် MT Hankuk Chemi အမည်ရှိ သင်္ဘောသည် ဇန်နဝါရီလ ၄ ရက်တွင် ပါရှန်ပင်လယ်ကွေ့၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
အဆိုပါသင်္ဘောသည် ပါရှန်ပင်လယ်ကွေ့နှင့် အီရန်နိုင်ငံထိန်းချုပ်ထားသော ဟောမုဇ်ရေလက်ကြားကို ညစ်ညမ်းစေသည်ဟု စွပ်စွဲကာ အီရန်တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးလိုက်ခြင်းလည်းဖြစ်သည်။
You may also like these stories:
အီရန်က ဖမ်းလိုက်သည့် တောင်ကိုရီးယားသင်္ဘောတွင် မြန်မာသင်္ဘောသားများ ပါဝင်နေ