ကိုဗစ်ကာလ တားမြစ်ချက်များကို ဖောက်ဖျက်ပြီး လူစုဝေးခဲ့သူများအား တရားစွဲ အရေးယူရာတွင် ဥပဒေပုဒ်မ တူညီမှု မရှိဘဲ ကွဲပြားခြားနားနေသည့်အပေါ် ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
ကိုဗစ်ကာလအတွင်း တရားမဝင် လူစုလူဝေး ပြုလုပ်သူများ၊ တရားမဝင်ဖွင့်သည့် KTV နှင့် အနှိပ်ခန်းများကို အရေးယူရာ တွင် တနေရာနှင့်တနေရာ မတူညီဘဲ ကွဲပြားခြားနားစွာ ပုဒ်မတပ် အရေးယူနေသည့်အပေါ် ဝေဖန်မေးခွန်းထုတ်နေကြ ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက မန္တလေးတိုင်း မြစ်သားမြို့နယ် မင်းဝန်ကျေးရွာရှိ မွေးနေ့ပွဲတခုတွင် သွားရောက် သီချင်း ဆိုခဲ့သည့် တေးသံရှင် ခြိမ့်ကေကို (ခ) ဘနားနားကို မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၄ ရက်တွင် ဖမ်းဆီးလိုက် သည်။
ခြိမ့်ကေကိုသည် မင်းဝန်ကျေးရွာသို့ မကြာခဏ လာရောက် နေထိုင်သူဖြစ်ပြီး မွေးနေ့ပွဲသို့ လူ ၅၀ ခန့် ဖိတ်ကြား၍ လူစု လူဝေးဖြင့် ခွင့်ပြုချက်မရှိဘဲ တီးဝိုင်းများဖြင့် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည် ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့က သတင်းမီဒီယာများသို့ ပြောကြားထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မွေးနေ့ပွဲ ဦးဆောင်ကျင်းပသည့် ဦးဇော်မင်းထိုက်နှင့် ဖျော်ဖြေသူ ခြိမ့်ကေကို တို့အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၃၀(က) အရ မြစ်သားမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
ထို့အတူ သတင်းပေး တိုင်ကြားချက်အရ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ရှိ အနှိပ်ခန်းတခုကိုလည်း မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁ ရက်တွင် ဝင်ရောက် ဖမ်းဆီးခဲ့သေးသည်။
ကိုဗစ်ကာလ ဆိုင်ဖွင့်လှစ်ခွင့် မပြုသည့်ကြားက အနှိပ်ခန်းဖွင့်နေသဖြင့် ဆိုင်မန်နေဂျာ အပါအဝင် ဝန်ထမ်းများနှင့် ဆိုင်သို့ လာရောက်သည့် ဧည့်သည် ၁၉ ဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သို့သော်လည်း ရန်ကုန်တိုင်းတွင်မူ မန္တလေးတိုင်းနှင့် မတူဘဲ တူညီသည့် အမှုဖြစ်စဉ်အပေါ်တွင် အမှုဖွင့် အရေးယူမှုများက ကွဲပြား ခြားနားလျက် ရှိနေပြန်သည်။
ဥပမာပြရလျှင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ခွင့်ပြုချက် မရဘဲ တိတ်တဆိတ် ဖွင့်နေသော YGN KTV ကို ဇန်နဝါရီလ ၅ ရက်တွင် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့သည်။
မန်နေဂျာ အပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၃ ဦး၊ လာရောက် သီဆိုသူ အမျိုးသား ၃၅ ဦးနှင့် အမျိုး သမီး ၁၆ ဦး စုစုပေါင်း ၈၂ ဦးအား ဖမ်းဆီးခဲ့သည်။
ဆိုင်မန်နေဂျာဖြစ်သူကို ဖမ်းဆီးပြီး ကျန် ၈၁ ဦးကို ခံဝန်နှင့် ပြန်လွှတ်ပေးခဲ့သည်ဖြစ်ရာ အရေးယူမှုသည် မန္တလေးတိုင်းတွင် ဖြစ်ပေါ်ခဲ့သော ခွင့်ပြုချက်မရှိဘဲ အနှိပ်ခန်းဖွင့်မှုများနှင့် မတူညီဘဲ ကွဲပြားနေခြင်းဖြစ်သည်။
အလားတူ အမှုတခုလည်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သေးသည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ World Wide KTV ကို ရဲတပ်ဖွဲ့က ဝင် ရောက် ဖမ်းဆီးခဲ့ရာ ဆိုင်မန်နေဂျာအပါအဝင် ကားဝယ်ရောင်း လုပ်ကိုင်သူ အရည်ကြို ဟုလူသိများသောသူနှင့် လူအချို့ ကို ဖမ်းဆီးရမိခဲ့သည်။
ဆိုင်မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခဲ့ပြီး KTV သို့ လာရောက် သီချင်းဆိုခဲ့သည့် ဦးအောင်ဇော်ဦး (ခ) အရည်ကြို အပါအဝင် စုစုပေါင်း ၈ ဦးကို ဗဟန်းမြို့မ ရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
အထက်ပါ အမှုဖြစ်စဉ်များတွင် ဥပဒေအရ အရေးယူမှုများသည် တနေရာနှင့်တနေရာ တူညီမှု မရှိဘဲ ကွဲပြားခြားနေသည် မှာ ထင်ရှား ပေါ်လွင်လှသည်။
ထိုသို့ အမှုဖွင့်အရေးယူမှု ကွဲပြားနေသည် မဖြစ်သင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ရှေ့နေတဦးလည်း ဖြစ်သည့် ဒေါက်တာ ညိုညိုသင်းက ဤသို့သုံးသပ်ပြသည်။
“လက်ရှိ အရေးယူမှုတွေကို ကြည့်လိုက်ရင် ကျူးလွန်တဲ့သူအပေါ် မူတည်ပြီးတော့ ပုဒ်မတွေက ပြောင်းလဲနေတာ တွေ့ရ တယ်။ ပုဒ်မတွေ ကွဲပြားနေတာကို တွေ့ရတယ်။ အမှန်ကတော့ ဒါမျိုး မဖြစ်ရဘူးပေါ့၊ မဖြစ်သင့်ဘူး” ဟု ၎င်းက မှတ်ချက် ပေးသည်။
တရားဥပဒေစိုးမိုးရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ဥပဒေ စိုးမိုးရန် စည်းကမ်း မလိုက်နာသူများကို အရေးယူ ဆောင်ရွက်ရာတွင် ကွဲပြားခြားနားမှု မရှိစေရဘဲ တပြေးညီ အရေးယူသင့်ကြောင်း ဒေါက်တာ ညိုညိုသင်းက ပြောဆိုသည်။
ထိုသို့ မဟုတ်ပါက တရားဥပဒေအပေါ် လူထုက သံသယနဲ့ မေးခွန်းထုတ်လာနိုင်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
“အများ ပြောဆိုစရာ ဖြစ်တာပေါ့။ ပြည်သူလူထုက တရားဥပဒေ စိုးမိုးရေးကို သံသယဖြစ်လာမယ်။ နောက်တခါ အာဏာ ပိုင်တွေအပေါ်မှာ ပိုပြီး မထီမဲ့မြင်ပြုလာမှာပေါ့” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးကလည်း အဆိုတော် ခြိမ့်ကေ ကိုအား အာမခံပေး၍ မရသော သဘာဝဘေးစီမံဥပဒေပုဒ်မ ၂၅ ဖြင့် အာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့သော်လည်း ရန်ကုန်တိုင်းတွင်မူ လူစုဝေးမှုများအား လုံးဝ အရေးမယူသည်များလည်း ရှိနေကြောင်း ပြောဆိုသည်။
“၂ ရက် ၃ ရက်လောက်တော့ ရှိပြီ။ ဗိုလ်တထောင်ဘုရားမှာပေါ့။ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဆိုပြီး လူတအုပ်တမကြီးနဲ့ တွေ့ တယ်။ သူတို့ကျတော့ အရေးယူမှု မရှိဘူးပေါ့။ အဲဒီတော့ ဥပဒေက တနေရာနဲ့ တနေရာမတူဘူး။ လုပ်ပိုင်ခွင့်ရှိတဲ့သူကျ တော့ အရေးမယူဘူး။ လုပ်ပိုင်ခွင့်ထဲက လုပ်နေပြီး သာမန်ပြည်သူကျတော့ ဒီဥပဒေနဲ့ အမျိုးမျိုး အရေးယူခံနေရတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဒေါ်နှင်းနှင်းမွှေးက “အပြစ်ပေးခံနေရတာတွေက တရားမျှတမှုရှိရဲ့လားဆိုတာ စဉ်းစားဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ကိုက တရားဥပဒေဆိုတော့ တရားတဲ့ဥပဒေ ဖြစ်ဖို့လိုတာပေါ့။ အဲဒီလိုမဟုတ်ဘဲ အာဏာ လုပ်ပိုင်ခွင့် ရှိသူတွေအပေါ် တမျိုးကျင့်သုံးပြီး ပြည်သူတွေအပေါ် တမျိုးကျင့်သုံးတယ် ဆိုရင်တော့ မတရား ဥပဒေ ဖြစ် သွားလိမ့်မယ်” ဟု မှတ်ချက်ပေးသည်။
စည်းကမ်း ဖောက်ဖျက်သည်ဟု ဆိုကာ အရေးယူနေမှုများသည် အမှုဖြစ်စဉ် တူနေသော်လည်း အမှုဖွင့်အရေးယူပုံ မတူညီ သည့်အတွက် ဝေဖန်ခံနေရခြင်းလည်း ဖြစ်သည်။
သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ မှာ အာမခံမပေးနိုင်သည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၃၀ မှာ အာမခံပေးနိုင်သည့် ပုဒ်မ ဖြစ်သည်။
ပုဒ်မ ၂၅ တွင် မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစုံ တရာ ကျရောက်နိုင်သည်ကို သိလျက်နှင့်တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်ဟု ဖော်ပြထားသည်။
ပုဒ်မ ၃၀ တွင်မူ ‘မည်သူမဆို အောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင် ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် ရမည်’ ဖြစ်သည် ဟု ဖော်ပြထားသည်။
ကျူးလွန်သည့် အကြောင်းအရာများတွင် ‘သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတရပ်ရပ်ကို ဆောင်ရွက်ရန် ဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက် တရပ်ရပ်ကို လိုက်နာရန် တမင်ပျက် ကွက်ခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်သည့် နေရာ သို့မဟုတ် အဆောက်အအုံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင် ရောက်ခြင်းများ ပါဝင်သည်။
အမှုဖြစ်စဉ် တူသော်လည်း အရေးယူခံရသည့် ပုဒ်မများ ကွဲပြားနေရခြင်းသည် တရားစွဲသည့် ရဲတပ်ဖွဲ့ထံ အကြံပြုသည့် မြို့ နယ် ဥပဒေအရာရှိများ၏ ဥပဒေအပေါ် ယူဆပုံ အကောက်အယူ မတူညီသဖြင့် ကွဲပြားနေခြင်း ဖြစ်နိုင်ကြောင်း ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ထောက်ပြသည်။
“ဥပဒေထဲမှာတော့ ပြဋ္ဌာန်းထားတာ ရှင်းတယ်။ သို့သော်လည်းပဲ တရားစွဲအဖွဲ့အစည်းနဲ့ ဥပဒေရုံးအဆင့်ဆင့်က တရားစွဲတဲ့ အခါမှာ မြို့နယ်တွေ မတူဘူးဆိုရင် တဦးချင်းစီရဲ့ ဥပဒေတွေအပေါ်မှာ မြင်တဲ့အမြင်၊ အယူအဆတွေ မတူတဲ့အခါကျတော့ တချို့ဆိုရင် ပါဝင်တဲ့သူတွေကို အကုန်လုံးကို၂၅ နဲ့ စွဲလိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုသို့ ခွင့်ပြုချက် မရဘဲ ဆောင်ရွက်သည်ဆိုသော အကြောင်းပြချက်ဖြင့် ကျူးလွန်သူများကို အာမခံမပေးနိုင်သည့် ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်လိုက်ခြင်းသည် ပြစ်မှုကျူးလွန်သူများ အပေါ်တွင် နစ်နာမှုများ ဖြစ်စေနိုင်ကြောင်း ဦးခင်မောင်မြင့်က ရှင်းပြ သည်။
“၃၀ နဲ့ စွဲရမှာကို၂၅ နဲ့ စွဲလိုက်တာက နံပါတ် ၁ နစ်နာမှုက အာမခံမရဘဲနဲ့ ကိုဗစ်ကာလကြီးထဲမှာ ထောင်ထဲမှာ ချုပ်နှောင် ခံရတာပေါ့။ နောက်တခုက ဖြစ်စဉ်ခြင်း တူပါရက်နဲ့ ၂၅ နဲ့ စွဲရင် ၃ နှစ် ကျခံရမယ်။ ၃၀ နဲ့ စွဲရင် ၁ နှစ် ကျခံရမယ်။ ဖြစ်စဉ် အတူတူကိုပဲ စွဲဆိုပုံတွေ မတူတာပေါ့။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် စွဲဆိုခံရတဲ့သူတွေမှာ တပြေးညီ ဥပဒေအရ ကျင့်သုံး ခံရတာ မဟုတ်တဲ့အခါကျတော့ နစ်နာတဲ့သူက နစ်နာသွားရတာပေါ့။ လတ်တလောဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ဘနားနား ဖြစ်စဉ်ပေါ့” ဟု ၎င်းက ဝေဖန်ထောက်ပြသည်။
ဥပဒေကိုကျင့်သုံးရာတွင် တသမတ်တည်း မကျင့်သုံးဘဲ ကွဲပြားနေပါက တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများအပေါ် လူထု၏ ယုံကြည်မှုများ လျော့ကျလာနိုင်ကြောင်း ဦးခင်မောင်မြင့်က သတိပေးသည်။
ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုမှာလည်း မည်သည့် ကာလတွင် အဆုံးသတ်မည်ကို မည်သူမျှ မခန့်မှန်းနိုင်သေးသည်ဖြစ်ရာ အသွားအလာနှင့် လူစုဝေးခွင့် ကန့်သတ်ထားသည့် စည်းကမ်းချက်များမှာလည်း မည်သည့်ကာလတွင် နိဂုံးချုပ်မည်မှာ မသေချာသည့် အနေအထား ဖြစ်နေသည်။
ထိုအခါမျိုးတွင် ကန့်သတ်ချက်များအား ချိုးဖောက်သူများလည်း အနည်းနဲ့အများ ဆိုသလို ရှိနေမည်သာ ဖြစ်ပြီး ထိုသို့ ရှိလာသည့်အခါတွင် ချိုးဖောက်သူများအပေါ် သက်ညှာရန် ပြောနေခြင်း မဟုတ်ဘဲ အားလုံးတပြေးညီ ကျောသား၊ ရင် သား မခွဲခြားဘဲ မျှမျှတတ အရေးယူရန် ဝေဖန်ထောက်ပြနေခြင်းသာ ဖြစ်ကြောင်း ဥပဒေနားလည်သူ အချို့နှင့် နိုင်ငံရေး သမားအချို့က ပြောဆိုနေကြသည်။
ကိုဗစ်ကာလ စည်းကမ်းဖောက်ဖျက်မှုများအပေါ် အရေးယူမှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုသည့် ပုဒ်မများ မတူညီသည့် ကိစ္စကို နောက်ပိုင်းတွင် တပြေးညီဖြစ်ရန် ဆောင်ရွက်သွားမည်ဟု ယနေ့ ဇန်နဝါရီ ၈ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
၎င်းက “နောက်ပိုင်းမှာတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သက်ဆိုင်တဲ့ ဒေသတွေမှာ၊ ဒါမျိုးကျတော့ တရားဥပဒေအရ Interpret (ဘာသာပြန်) လုပ်တဲ့ နေရာမှာ မတူဘူးပေါ့။ တရားစွဲအဖွဲ့ကလည်း မတူဘူးပေါ့။ ဒါပေမယ့် အစိုးရဌာနဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး တူအောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြောဆိုသည်။
ကိုဗစ်ပထမလှိုင်း ဝင်ရောက်သည့်ကာလက ဘာသာရေးနှင့် ပတ်သက်၍ လူစုလူဝေး ပြုလုပ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်း များနှင့် ပတ်သက်၍ အရေးယူ ၈မှု ရှိခဲ့သော်လည်း ပြစ်ဒဏ်ချမှတ်ခြင်းမှာ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသည့် စကားနယ် အမျိုးမျိုးကွဲပြားနေသည်။
၂၀၂၀ခု မေလအတွင်းက တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ သာသနာ့ပါလ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုမေဓာ မထေရ်မြတ်၏ အန္တိမဈာပန အခမ်းအနား လူစုလူဝေးဖြင့် ကျင်းပခဲ့မှု အေပါ် အရေးယူရာတွင်ဦးဆောင်သူ ဂေါပကများကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲကာ ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့ သော်လည်းမန္တလေးတွင် နေအိမ်၌ လူစုလူဝေးဖြင့် ဝတ်ပြုခဲ့သူ အစ္စလာမ်ဘာသာဝင် များ အမှုတွင် ၁၂ဦးကိုသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးလစီ ပြစ်ဒဏ် ချမှတ်သည်။
အလားတူ လူစုကာ ဝတ်ပြုဆုတောင်းခဲ့သည့် ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်စတူဒီယို) တို့အား ဒေသန္တရ အမိန့်ချိုးဖောက်မှု ပုဒ်မ ၃၀(က)ဖြင့်အလုပ်နှင့်ထောင်ဒဏ် ၃ လ ကျခံစေခဲ့သည်။
သို့သော် ၂၀၂၀ ခု မေလအတွင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများမှာ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းတွင် ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်ရေချပွဲနှင့် “အမတော် မြနန်းနွယ်” နန်းဆောင်ရွေ့ပြောင်းခြင်း များ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အရေးယူခြင်းမရှိဘဲ သတိပေးဆုံးမခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။
You may also like these stories:
တရားဟောဆရာ စောဒေးဗစ်လားကို အလုပ်နှင့် ထောင်ဒဏ် ၃လ ချမှတ်
ဒေသန္တရအမိန့် ဖောက်ဖျက်၍ ဘုန်းကြီးပျံနှင့် မင်္ဂလာပွဲ ကျင်းပသူများကို ငွေဒဏ်ချမှတ်
လူစုလူဝေးဖြင့် ဝတ်ပြုရာ တွင် ပါဝင်သည့် ကလေး ၂ ဦး မေ ၁၉ ၌ အမိန့်ချမည်
ကိုဗစ်-၁၉ ဥပဒေချိုးဖောက်မှု ပြစ်ဒဏ်အမျိုးမျိုးအပေါ် ဝေဖန်နေ
ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ လူစုလူဝေး ပြုလုပ်မှုဖြင့် တိုင်ကြားခံရ
ချောင်းသာမြေအငြင်းပွားမှု ရှင်းလင်းပွဲလုပ်သူများ သဘာဝဘေး ဥပဒေဖြင့် တရားစွဲ