သတင်း

မြန်မာဘက်က ခုခံချေပချက်ကို ICJ သို့ အချိန်မီ တင်သွင်းသွားမည်

လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲခံထားရသည့် မြန်မာနိုင်ငံအနေဖြင့် လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် တင်သွင်းရမည့် ခုခံချေပချက်ကို အချိန်မီ တင်သွင်းသွားမည်ဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ယနေ့ နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဦးဇော်ဌေး က “ကျနော်တို့ အစိုးရအနေနဲ့ court process အတိုင်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်စရာရှိတာ အချိန်မီလုပ်ဆောင် သွားမယ်။ soft copy လား၊ hard copy လား ဒါတွေတော့ အသေးစိတ် ပြောဖို့မရှိဘူး။ အချိန်မီပေါ့နော် in time ကျနော် တို့ ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

ဂမ်ဘီယာနိုင်ငံဘက်မှ Memorial ဟုခေါ်သော စာမျက်နှာ ၅၀၀ ပါသည့် အချက်အလက် အပြည့်အစုံ တင်ပြချက်ကို ၂၀၂၀ အောက်တိုဘာ ၂၃ ရက်တွင် ICJ သို့ တင်သွင်းပြီးနောက် မြန်မာဘက်က ပြန်လည် ခုခံချေပချက်ကို ၂၀၂၁ ဇန်နဝါ ရီ ၂၅ ရက်တွင် တင်သွင်းရန် ဖြစ်သည်။

ယင်းသို့ မတင်သွင်းမီ ပြီးခဲ့သည့် လပိုင်းကပဲ ICJ က ချမှတ်ထားသည့် ကြားဖြတ်အစီအမံများ အကောင်အထည်ဖော်ခြင်း ကို စောင့်ကြည့်ရာတွင် ရုံးတော်အားကူညီမည့် တရားသူကြီး ၃ ဦးပါဝင်သော အထူးကော်မတီတရပ် ဖွဲ့စည်းခွင့် ပြုခဲ့သည်။

ယင်းကော်မတီသည် သက်ဆိုင်ရာ အဖွဲ့အစည်းက တင်သွင်းလာသော သတင်းအချက်အလက်များကို စစ်ဆေးပြီး ရုံးတော် သို့ အချိန်ကာလအလိုက် အစီရင်ခံစာ တင်ပြရမည် ဖြစ်သကဲ့သို့ ရုံးတော်အတွက် ရွေးချယ်စရာများကိုလည်း အကြံပြုရ မည်ဖြစ်ကြောင်း၊ လိုအပ်ပါက မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ရုံးတော်က ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သဘောထားကို မေးမြန်းရာ ဦးဇော်ဌေး က “ကျနော်တို့ လေ့ လာသလောက်တော့ သူ့ဟာသူ case by case လုပ်ဖို့အတွက် သီးသန့်ဖွဲ့တာလို့ သိရတယ်။ ဒီအတိုင်းကတော့ ဘာမှ စိုး ရိမ်စရာ မရှိပါဘူး။ ကျနော်တို့ နိုင်ငံအနေနဲ့ ကိုယ်လုပ်စရာရှိတာ လုပ်ပေါ့နော်။ ကိုယ်လုပ်ရမယ်လို့ commend လုပ်ထားတဲ့ ဟာတွေမှာ ကိုယ်လုပ်ဖို့ပဲ လိုတယ်။ အဲဒီလုပ်တဲ့ဟာကိုလည်း မှန်မှန်ကန်ကန် တင်ပြနိုင်ဖို့ပဲ ရှိတယ်။ အဲဒီအတွက်တော့ ဒီ တိုင်းပဲ ကျနော်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။

မြန်မာအစိုးရဘက်က ပြန်လည်ခုခံချေပချက်ကို တင်သွင်းရာ၌ တင်ပြချက်များသည် အောက်ခြေမြေပြင် အခြေအနေကို အခြေမခံဘဲ အမှုမှ လွတ်ရေး၊ စွပ်စွဲချက်များအား ငြင်းဆန်ရေးကိုသာ သွားနေမည်ဆိုပါက တဖက်က အထောက်အထား ခိုင်လုံစွာ တင်ပြလာချိန်တွင် နိုင်ငံအနေဖြင့် သိက္ခာကျမည့်အပြင် လိမ်ညာမှုပါ ဖြစ်သွားနိုင်ကြောင်း Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြသည်။

အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်သည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ အား ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် နယ်သာလန်နိုင်ငံ၊ သည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က တရားစွဲခဲ့ခြင်း ဖြစ်သည်။

အမှုနှင့်ပတ်သက်၍ နှစ်ဖက် အပြန်အလှန် ကြားနာမှုများကို ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ ပြုလုပ်ခဲ့ရာ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က သွားရောက် ဖြေရှင်းခဲ့သည်။

ထိုသို့ နှစ်ဖက်ကြားနာမှုများ ပြုလုပ်အပြီး ၁ လကျော်အချိန် ၂၀၂၀ ဇန်နဝါရီတွင် ICJ က မြန်မာနိုင်ငံ အနေဖြင့် လိုက်နာရ မည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ချမှတ်ခဲ့သည်။

အဆိုပါ ၄ ချက်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မဖြစ်လာစေရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်၊ မြန်မာစစ်တပ် အပါ အဝင် တခြားလက်နက်ကိုင် တပ်ဖွဲ့များက လူမျိုးသုဉ်းသတ်ဖြတ်မှု မကျူးလွန်စေရေး ကြီးကြပ်ပေးရန်၊ လူမျိုးသုဉ်း သတ် ဖြတ်ခြင်း ကျူလွန်မှုများမှ သက်သေအထောက်အထားများကို မပျက်စီးအောင် ထိန်းသိမ်းရန်၊ အမိန့်ချမှတ်သည့် နေ့မှစပြီး ၄ လအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုများကို အစီရင်ခံစာ တင်ရန်နှင့် ထို့နောက်တွင် ၆ လတကြိမ်ဖြင့် အမှု မပြီးမချင်း ပုံမှန်အစီရင်ခံစာ ဆက်လက် တင်သွင်းသွားရန်တို့ ဖြစ်သည်။

You may also like these stories:

ICJ က ဖွဲ့စည်းလိုက်သည့် အထူးကော်မတီ မြန်မာအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အဖြေတရပ်ထွက်လာဖို့ အစိုးရမျှော်လင့်နေ

Loading