၂၀၂၁ခုနှစ်အတွင်း အသုံးပြုမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပုံစံအသစ် (New Peace Architecture) တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အခွင့်အာဏာ ပိုမိုတိုးမြှင့်ရရှိရေးအတွက် ဆောင်ရွက်မည့် အခန်းကဏ္ဍ တခုလည်း ပါဝင်လာမည် ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။
ဦးဇော်ဌေးက ဇန်နဝါရီ ၈ရက်၊ နေ့လည်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲ တွင် ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပုံစံအသစ် (New Peace Architecture) အကြောင်း ရှင်းပြရာတွင် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
ဦးဇော်ဌေးက “နောင်ကျရင် ကျနော်တို့က ပြည်ထောင်စုရော တိုင်းဒေသကြီး၊ ပြည်နယ်ရော ပူးတွဲကျင့်သုံးမယ့် ပူးတွဲ အာဏာ concurrent powers ပေါ့။ ဒါမျိုးတွေကို ကျနော်တို့ ဘယ်လိုသတ်မှတ်မလဲ၊ လက်တွေ့မှာ ကျနော်တို့ အစိုးရပိုင်း တချို့ ကြုံတွေ့နေရတဲ့ တချို့ကိစ္စဆိုရင် ပြည်ထောင်စုနဲ့လည်း သက်ဆိုင်တယ်။ တိုင်းဒေသကြီး ပြည်နယ်တွေနဲ့လည်း သက်ဆိုင်တယ်။ ဒီလိုမျိုး ကိစ္စတွေဆိုရင် ကျနော်တို့ ဘယ်လိုခွဲမလဲ ဆိုတာလည်း အသေးစိတ် ဆွေးနွေးသွားဖို့ရှိတယ်” ဟု ပြောသည်။
New Peace Architecture သည် ဇန်နဝါရီ ၁ ရက်၊ နိုင်ငံတကာနှစ်သစ်ကူးနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို မိန့်ခွန်းပြောဆိုရာတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသုံးပြုမည့် ပုံစံသစ် တခုအဖြစ် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
ယခင်က အခြေခံမူများအားလုံးကို ဦးစွာသဘောတူပြီးမှ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည် ဆောက်ရန် သွားနေခြင်းဖြစ်ပြီး ယခုအခါ ပုံစံအသစ်မှာ ဆွေးနွေးပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အခြေအနေကို သွားမည်ဟု သိရသည်။
ဦးဇော်ဌေးက “ဆွေးနွေးတဲ့ အခါကျရင် လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် အနေအထားတခုကို သွားတဲ့အတွက် ကျနော်တို့ သွားမယ့် လုပ်ငန်းစဉ်က မူလက လုပ်ခဲ့တဲ့လုပ်ငန်းစဉ်နဲ့ တော်တော်များများ ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ကွဲပြားမှလည်း ကျနော်တို့ လုပ်လို့ ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲမှာ ရှိတဲ့ ညီလာခံ UPDJC လုပ်ငန်းကော်မတီ၊ National Dialogue ဒါတွေရဲ့ လုပ်ငန်းတာဝန်တွေကလည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်” ဟုလည်း ပြောသည်။
အစိုးရမှ အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် Peace Building (ငြိမ်းချမ်းရေး တည်ဆောက်ခြင်း)၊ State Building ( နိုင်ငံတော်တည်ဆောက်ခြင်း) နှင့် Nation Building (အမျိုးသားလက္ခဏာသို့ မဟုတ် ပြည်ထောင်စု ကြင်အင်လက္ခဏာ တည်ဆောက်ခြင်း) ဟူသည့် လုပ်ငန်းစဉ် ၃ ခုဖြင့် သွားမည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။
ပထမလုပ်ငန်းစဉ် ဖြစ်သည့် Peace Building တွင် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနှင့် အပစ်ရပ် စာချုပ် ချုပ်ဆိုခြင်း၊ အပစ်ရပ်ဆိုင်းအောင်လုပ်ခြင်း၊ ရပ်ဆိုင်းထားသည့် အဆင့်မှ အပစ်ရပ်သည်ကို ခိုင်မာအောင် လုပ်ခြင်း၊ အပစ်ရပ်ဆိုင်းခြင်း ခိုင်မာအောင် စောင့်ကြည့်သည့် ယန္တရားများကိုလည်း ခိုင်မာအောင်လုပ်ခြင်း၊ အပစ်ရပ်ဆိုင်းထားသည့် ဒေသများ၏ ဖွံ့ဖြိုးရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေးများ ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။
ဒုတိယလုပ်ငန်းစဉ် State Building နှင့်ပတ်သတ်၍ ဦးဇော်ဌေးက “အခုတိုင်းဒေသကြီး၊ ပြည်နယ်တွေ အားကောင်းအောင် လုပ်ချင်တယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အခွင့်အရေး ပိုမိုတိုးမြှင့်ရရှိအောင် လုပ်ချင်တယ်။ ဒါဆိုရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ယန္တရားတွေကို ပိုပြီးခိုင်မာအောင် လုပ်ရမယ်။ ပိုပြီး အာဏာခွဲဝေမှုတွေ လုပ်ရမယ်။ အဲ့တာကိုတော့ ကျနော်တို့က State Building လို့ သတ်မှတ်ပါတယ်” ဟု ပြောသည်။
တတိယလုပ်ငန်းစဉ် Nation Building တိုင်းပြည်သည် လူမျိုးပေါင်းစုံနေထိုင်သဖြင့် အမျိုးသားရေး လက္ခဏာ အားလုံး ကို စုပေါင်းထားကာ အားလုံးကလည်း လက်ခံနိုင်သည့် ကြင်အင်လက္ခဏာ တခုကို ဖော်ဆောင်နိုင်မည့် အဆင့်ကို ဆိုလိုသည်ဟု သိရသည်။
ထို့နောက် နိုင်ငံရေးနှင့် စစ်ရေး ပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှု အဆင့် ၂ ဆင့်ဖြစ်သည့် ပြည်ထောင်စု သဘောတူ စာချုပ်များကို အကောင်အထည်ဖော်ရေး၊ တပ်မတော်နှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားတပ်ဖွဲ့များ၏ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကာ ထိုအဆင့် ၂ ဆင့်ကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရောက်လာမည်ဟု အစိုးရက မျှော်မှန်းထားကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။
ပြည်တွင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၀ ရှိသည့်အနက် ၁၈ ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထဲတွင် အဆက်မပြတ် ပါဝင်ဆွေးနွေးလျှက် ရှိသည်။
ထို ၁၈ ဖွဲ့ထဲမှ ၁၀ ဖွဲ့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးထားပြီး ဖြစ်ကာ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင် ဆွေးနွေးနေသည်။

ထို ၁၀ ဖွဲ့သည် Peace Building အဆင့်တွင် အပစ်ရပ်ဆိုင်းခြင်းခိုင်မာစေရန် နှင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အဆင့်ကို ဆောင်ရွက်နေဆဲ ရှိသည့် အပြင် တဖက်တွင် State Building ၌ ပါဝင်မည့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု အတွက် အခြေခံမူများကို ညှိနှိုင်းနေသည်။
အဆိုပါ ၁၀ ဖွဲ့တွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီ (NMSP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက “သူတို့ ပြောတဲ့ ပုံစံအနေအထား အစိုးရဘက်က စုဖွဲ့မှု ဘယ်လိုလုပ်မလဲ ဆိုတာ ကျနော်တို့ကို တိတိကျကျ သေသေချာချာ မပြောရ သေးပါဘူး။ New Peace Architecture ဆိုတာနဲ့ ပတ်သတ်ပြီးလည်း ကျနော်တို့ကို ဘာမှ မပြောရသေးပါဘူး။ အခုလပိုင်းမှာ တခါမှလည်း အစိုးရနဲ့ ကျနော်တို့ မတွေ့ရသေးပါဘူး” ဟု ပြောသည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရှေ့ကို ပိုရောက်နိုင်ရန်အတွက် အစိုးရဘက်မှ အစုအဖွဲ့ဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ၃ စုမှာ သဘောထားများ တစုစီ ကွဲမနေပဲ တစုတည်း၊ တသဘောထားတည်း ညှိနှိုင်းရန် လိုကြောင်း အကြံပြုလိုသည်ဟု နိုင်အောင်မငေးက ပြောသည်။
“အစိုးရ၊ လွှတ်တော်၊ တပ်မတော် အနေအထားအရ အစုအဖွဲ့က ၃ စုဖွဲ့လို ဖြစ်နေတယ်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်က တခုခုရလာဒ်ခြင်း၊ တင်ပြပုံခြင်းမတူရင် ကျနော်တို့မှာ တစ်ဆို့မှု လာဖြစ်တာပေါ့။ ကျနော်တို့ဘက်က ၁၀ ဖွဲ့ကတော့ ကွဲကွဲပြားပြား သိပ်မရှိကြပါဘူး” ဟု နိုင်အောင်မငေးက ဆိုသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အစိုးရက ဦးစီး ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ အစည်းအဝေး များတွင် အပစ်ရပ် ၁၀ ဖွဲ့သည် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) (၂) (၃) တို့ကို ချုပ်ဆိုနိုင်ခဲ့ပြီး နောက်ဆုံးချုပ်ဆိုသည့် အစိတ်အပိုင်း (၃) တွင် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆက်သွားမည့် ကတိကဝတ်များ ရရှိထားသည်။
ကျန် လက်နက်ကိုင် ၈ ဖွဲ့ ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင်စစ်တပ် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP) ၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးပါတီ (KNPP) ၊ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့သည် Peace Building အဆင့်တွင် ဖြစ်သည်။
KIA ၊TNLA ၊MNDAAနှင့် AA တို့သည် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင်စီချုပ်ဆိုရန် ညှိနှိုင်းနေဆဲဖြစ် ကာ မြစ်ကြီးနား မြို့သို့မဟုတ် ကျိုင်းတုံမြို့၌ ဇန်နဝါရီလအတွင်း တွေ့ရန် စီစဉ်နေကြသည်။
KIA၊ TNLA ၊MDAA၊ AA နှင့် အစိုးရကြား ကြားဝင်ညှိနှိုင်းချိန်းဆိုပေးနေသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့( PCG) မှ ဦးလမိုင်ဂွမ်ဂျာက “ဇန်နဝါရီလ ဒုတိယပတ်မှာ တွေ့ဆုံဖို့ အစိုးရက အဆိုပြုထားတယ်။ သူတို့ ဘက်က အဆင်သင့်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကတော့ မပြောတတ်ဘူး။ သူတို့ဘက်က အကြောင်းပြန်တာ မရှိသေးဘူး။ ဒါပေမယ့် အပေါ်ယံကြားရတာတော့ ဒုတိယပတ် မဟုတ်သည့် တိုင်အောင် ဇန်နဝါရီ မကုန်ခင် တတိယပတ်၊ စတုတ္ထပတ် လမကုန်ခင် တွေ့ဖြစ်အောင် ကြိုးစားမယ်လို့တော့ ပြောထားပါတယ်”ဟု ဆိုသည်။
KNPP နှင့် SSPP သည်လည်း Bilateral ၏ ရှေ့တဆင့်ဖြစ်သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးရန် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်။
ထို့အတူ UWSA နှင့် NDAA တို့ကိုလည်း NCA ထိုးရန် ညှိနှိုင်းနေသော်လည်း ထို ၂ ဖွဲ့မှာ အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အခြေအနေ မတူပါ။
ခြွင်းချက်အနေဖြင့် UWSA နှင့် NDAA သည် Bilateral အဆင့်သာ ရေးထိုးထားသော်လည်း တပ်မတော်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ် ကတည်းက ၎င်းတို့ကို အထူးဒေသ (၂) နှင့် (၄) အဖြစ် သတ်မှတ်ပေးထားသည့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၌ အစိုးရက စွက်ဖက်ခွင့်မရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေများ ရရှိထားသည်။
UWSA နှင့် NDAA သည် ဖက်ဒရယ်စနစ်ထက် အဆင့်မြင့်သည့် အခြေအနေကို ရရှိထားကာ မိမိဒေသကို မိမိအပြည့်အဝ အုပ်ချုပ်ခွင့်အပြင် တပ်မတော်၏ စွက်ဖက်ပိုင်ခွင့် မရှိသည့် ကိုယ်ပိုင်တပ်ဖြင့် ဒေသကို အကာအကွယ်ပြုလုပ်ထားသည်။
UWSA သည် စစ်သားအင်အား ၂သောင်းနှင့်အထက် ၊ NDAA ကလည်း အင်အား ၅၀၀၀ နှင့်အထက် ပိုင်ဆိုင် ထားကြသည်။
UWSA နှင့် NDAA ကို NCA လက်မှတ်ရေးထိုးပြီး အစိုးရ အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပါဝင်ရန် ညှိနှိုင်းနေသော်လည်း ၎င်းတို့ ရထားသည့် လက်ရှိအခွင့်အရေးနှင့် NCA ပါ အချက်များမှာ အခြေအနေခြင်း ကိုက်ညီမှု မရှိသဖြင့် လက်မှတ်ထိုးရေး မထိုးရေးကို အတိအလင်း ပြောဆိုထားခြင်း မရှိသေးပါ။
NDAA က NCAထိုးရန် အစိုးရနှင့် ညှိနှိုင်းနေသည်ဟု ပြောဆိုထားပြီး ၎င်းတို့ အုပ်ချုပ်နေသည့် အထူးဒေသ (၄)ကို မြန်မာနိုင်ငံ၏ ဥပဒေအရ တရားဝင် အသိအမှတ်ပြု အုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုထားသည်။
UWSA ကလည်း ၎င်းတို့ ဆွေးနွေးလိုသည့် အခြေခံမူများ ပါသည် စာတမ်းတစောင်ကို ထုတ်ပြန်ထားပြီး ထိုထဲတွင် ၎င်းတို့ ဒေသကို ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ပေးရန်၊ ဗဟိုအစိုးရမှ တဆင့်မဟုတ်ဘဲ နိုင်ငံတကာနှင့် တိုက်ရိုက် ဆက်ဆံ ခွင့်ပေးရန် စသည့် အချက်အလက်များ အပါအဝင် တိုင်းရင်းသားလူမျိုးများနှင့် လူမျိုးစုများအားလုံး တန်းတူ အခွင့်အရေး ရရှိရန် ဥပဒေဖြင့် အတိအကျပြဌာန်းပေးရေးတို့ကိုလည်း တောင်းဆိုထားသည်။
You may also like these stories:
ANP အစိုးရဖြစ်ရေး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများက လိုလားဟုဆို
ဒေါက်တာ အေးမောင်နှင့် နိုင်ငံရေးဖြင့် ဆက်စပ်ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တောင်းဆို
NLD နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးရေး ဘယ်လို ဆက်သွားမလဲ