ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောကြိုးဝိုင်း အတွင်း ကျူးကျော်အိမ်ရာဆောက်လုပ်မှုနှင့် ပတ်သက်၍ သတိပေးမှု ပြုလုပ်ပြီးနောက် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်မြေနှင့် ပတ်သက်၍ ရောင်းသူဝယ်သူ နှစ်ဖက်လုံးကို အရေးယူမည်ဟု သိရသည်။
ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးတင်မျိုးအောင်က “လက်ရှိလုပ်နေတဲ့ လူတွေကို တရားစွဲတဲ့ အခါမှာဆိုရင် ဘယ်သူ့ဆီက ဝယ်ခဲ့ပါတယ်ဆိုတဲ့ သက်သေ အထောက်အထားနဲ့ ပြန်လည်တင်ပြ တဲ့ အခါမှာ ရောင်းတဲ့သူကိုလည်း အရေးယူဆောင်ရွက်မှုတွေ ရှိတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က သစ်တောဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ် ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစုံ တရာမရှိဘဲ ကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်၊ သွပ်ဆူးကြိုး ကာရံခြင်း၊ အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာ ဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင်ဆောင်ရွက်နေသူများ အား ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အတွက် အိမ်ခြံမြေဈေးကွက် လူအများစိတ်ဝင်စားပြီး အရောင်းအဝယ်ဖြစ်နေသည့် ပြင်ဦးလွင်ဒေသ မြေကွက်များနှင့် ပတ်သက်၍ ဂယက်ရိုက်မှုများ ဖြစ်ခဲ့သည်။
ထို့အတွက် မြေကွက်ဝယ်ယူထားသူများမှာ အဓိက နစ်နာကြောင်းနှင့် ရောင်းချသူများကို အဓိက ဖော်ထုတ် အရေး ယူရန် ပြည်သူလူထုက လူမှုကွန်ယက် စာမျက်နှာတွင် ဝေဖန်မှုများ ရှိနေသည်။
ဒေသခံတဦးဖြစ်သည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့ အတွင်းရေးမှူး ဦးကိုကြီးကလည်း “ဝယ်တဲ့ ပြည်သူတွေ အများဆုံးခံနေရတာပဲ။ ဌာနဆိုင်ရာ လူကြီးတွေ ဗိုလ်မှူးကတော်တို့ သူတို့က ပိုက်ဆံလည်းရှိတယ်။ လိုက်နိုင်တဲ့ အကြောလည်း သိတယ်။ သစ်တောမြေမှန်း သိတယ် သိသိရဲ့နဲ့ ဝယ်တယ်။ ဝယ်ပြီး အကွက်စိတ်ရောင်းတယ်ဗျာ။ ရောင်းပြီးတော့ သူတို့က ဖုတ်ဖက်ခါ ထသွားတယ်။ အခု ခံလိုက်ရတော့ ဝယ်တဲ့သူတွေပဲ ခံလိုက်ရတာ။ ဝယ်တဲ့သူတွေ တအား အင်မတန်နစ်နာတယ်” ဟု ပြောသည်။
“အဲဒါမျိုးတွေကို နောက်ကြောင်း လိုက်ပြီးတော့မှ ဖော်ထုတ်အရေးယူပေး စေချင်တယ်။ ရောင်းတဲ့သူကတော့ လစ်သွားပြီ အခုဝယ်တဲ့ပြည်သူက ခံနေရတာ။ ပြည်သူကတော့ မမှားဘူးဗျ။ နီးစပ်ရာနဲ့ လုပ်စားနေတဲ့ လူတွေ က မှားနေတာ အဲဒါကို မိမိရရနဲ့ နောက်ဖြစ်ပေါ်မလာအောင် ထိန်းမှရမှာ။ ဒီလိုမှ မထိန်းဘူးဆိုရင် ဒီထက်ဆိုးရွား တာတွေ အများကြီးပေါ်လာနိုင်တာရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
ပြင်ဦးလွင်မြို့နယ်တွင် သစ်တောကြိုးပြင်၊ ကြိုးဝိုင်း ၁၉ ခုရှိပြီး ဧရိယာအားဖြင့် ၂၁၉,၀၀၀ကျော် ရှိကာ သစ်တောမြေအတွင်း ကျူးကျော်နေမှုများကို အရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပြဋ္ဌာန်းပြီးနောက် အမှုပေါင်း ၄၉ မှု မှ လူပေါင်း ၁၁၇ ဦးကို တရားစွဲဆိုပြီး ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
သစ်တောဦးစီးဌာနမှ ခွင့်ပြုထားသည့် ပုဂ္ဂလိက စိုက်ခင်း၊ ဒေသခံပြည်သူများ၏ အစုအဖွဲ့ပိုင်စိုက်ခင်းများနှင့် ခွင့်ပြုပြီး ပယ်ဖျက်ထားသည့် ဧရိယာအတွင်း ကျူးကျော်မှုနှင့် အခြားသစ်တောမြေအတွင်း ကျူးကျော်မှုများကို အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျူးကျော်မှုများကို တွေ့ရှိပါက ပထမအဆင့်အနေဖြင့် သစ်တောဦးစီးဌာန ဝန်ထမ်းများက သွားရောက် ပြောဆိုတားမြစ်ပြီး ဒုတိယအဆင့်တွင်မူ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးရန် သတိပေးတားမြစ်စာ ပို့မည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း မဖယ်ရှားပေးပါက သစ်တောဥပဒေနှင့် အရေးယူခြင်း ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်သာမက မြန်မာတနိုင်ငံလုံးရှိ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို ကျူးကျော်လျင် ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်ဦးက ပြောသည်။
ဒေါက်တာသန်းနိုင်ဦးက “ပြင်ဦးလွင်မှ မဟုတ်ပါဘူး။ ဘယ်ကြိုးဝိုင်းမဆို မြန်မာပြည်တခုလုံးက သစ်တောကြိုး ဝိုင်းထဲမှာ ဆိုရင်တော့ ဥပဒေအရတော့ သစ်တောကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောမှာ ကျူးကျော်တယ် ဆိုရင်တော့ ဥပဒေအရ ဆောင်ရွက်ရတာ ရှိပါတယ်”ဟု ပြောသည်။
“သစ်တောကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောထဲမှာ တရားမဝင် အခြေချ ကျူးကျော်တာတွေ ဆိုရင် ကျနော်တို့က ဥပဒေအရ ဆောင်ရွက်ရတာတွေ ရှိပါတယ်။ ပြင်ဦးလွင်ရယ်လို့ ဖော်ပြတာ မဟုတ်ပါဘူး။ ပြင်ဦးလွင်ကတော့ ဟိုးအရင်တုန်းက အဆက်အစပ်ကတည်းက ရှုပ်ထွေးခဲ့တာ”ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၄၀ အပိုဒ်ခွဲ (က) တွင် မည်သူမဆို သစ်တောနယ်မြေဧရိယာပေါ်တွင် သတ်မှတ်ထားသည့် ပြဋ္ဌာန်းချက်များကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၄၀ အပိုဒ်ခွဲ ခ တွင် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရ တရားခံကို ပြစ်မှုထင်ရှား စီရင်ပြီး ပြစ်မှုနှင့် သက်ဆိုင်သည့် လူ၊ တိရစ္ဆာန်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို စီရင်ချက်ချမှတ်သည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ဖယ်ရှားစေ၍ ယင်းသစ်တော နယ်မြေအား ဝန်ကြီးဌာနကို လက်ရောက်ပေးအပ်စေရန် အမိန့်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
၂၀၁၈ ခုနှစ် သစ်တောဥပဒေအရ သစ်တောနယ်မြေအတွင်း ကျူးကျော်ဝင်ရောက် အခြေချ နေထိုင်ခြင်း၊ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ မွေးမြူထားသော အိမ်မွေး တိရစ္ဆာန်များကို သစ်တောနယ်မြေအတွင်း ခွင့်ပြုမိန့် မရရှိဘဲ စားကျက်ချခြင်း သို့မဟုတ် ဝင်ရောက်စေခြင်း၊ ခွင့်ပြုမိန့်မရရှိဘဲ သစ်တောနယ်မြေအတွင်း ပျက်စီးစေရန် တမင်ရည်ရွယ်ချက်ဖြင့် ခုတ်ထွင်ခြင်း၊ ရှင်းလင်းခြင်း၊ တူးဆွခြင်း သို့မဟုတ် မူလအနေအထားကို ယိုယွင်းစေခြင်းတို့ကို တားမြစ်ထားသည်။
ထို့ပြင် သစ်တောနယ်မြေအတွင်း ရေစီးရေလာကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျက်စီးစေခြင်း၊ သစ်တောကင်းရုံး၏ စစ်ဆေးခြင်းကို မခံယူဘဲ သစ်တောထွက်ပစ္စည်း သယ်ယူရွှေ့ပြောင်းခြင်း၊ သစ်တောနယ်မြေအတွင်း ရေတွင် လျှပ်စစ်ဓာတ်အားကို ဖြတ်စီးစေခြင်း၊ ဓာတုဗေဒပစ္စည်း သို့မဟုတ် ပေါက်ကွဲစေတတ်သော အရာများ အသုံးပြုခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုထားခြင်းမှ အပ သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်း တစ်စုံတစ်ရာကို ခွင့်ပြုမိန့်မရှိဘဲ ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းတို့ကိုလည်း တားမြစ်ထားသည်။
You may also like these stories:
ကိုဗစ်ကာလ စည်းကမ်းဖောက်ဖျက်မှုအပေါ် တရားစွဲ အရေးယူခြင်းများ မျှတမှု ရှိသလား
အီရန်ဖမ်းထားသည့် မြန်မာသင်္ဘောသားများ လွတ်မြောက်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန ကူညီနေ