သတင်း

မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု တရုတ်ကုမ္ပဏီလုပ်ဆောင်မည်

Want create site? Find Free WordPress Themes and plugins.

တရုတ်-မြန်မာ စီးပွားစင်္ကြန် စီမံကိန်း (CMEC) ၏ အစိတ်အပိုင်းတခုဖြစ်သည့် မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း အတွက် ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှု စာချွန်လွှာအတွက် ဇန်နဝါရီလ ၁၀ ရက် တွင် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထား နှင့် တရုတ်နိုင်ငံကုမ္ပဏီ China Railway Eryuan Engineering Group Co., Limited (CREEG) တို့က လက်မှတ်ရေးထိုး ခဲ့ကြခြင်း ဖြစ်သည်။

ထိုတရုတ်ကုမ္ပဏီသည် မူဆယ်- မန္တလေး အမြန်ရထားလမ်း စီမံကိန်းကိုလည်း ဖြစ်မြောက်နိုင်ခြေလေ့လာဆန်းစစ်မှု ပြု လုပ်ခဲ့သည့် ကုမ္ပဏီလည်း ဖြစ်ပြီး တရုတ်အစိုးရ၏ ကျောထောက် နောက်ခံကုမ္ပဏီတခု ဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းအရ တရုတ်နိုင်ငံ၏ ဘေဂျင်း-ကူမင်း- ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် မြန်မာ ဘက်က မူဆယ်- မန္တလေး- ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။ ထိုမှ တဆင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။

ယခု မန္တလေး- ကျောက်ဖြူ ရထားလမ်း စီမံကိန်းသည် ထိုစီမံကိန်းကြီး၏ အစိတ်အပိုင်းတခု ဖြစ်သည်။ ထိုစီမံကိန်းကြီး သည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းရှိ ပင်လယ်ထွက်ပေါက် မရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် တောင်ပိုင်းပြည် နယ်များအား မြန်မာနိုင်ငံမှတဆင့် ပင်လယ်ထွက်ပေါက် ရရှိစေမည် ဖြစ်သည်။

မြန်မာဘက်ခြမ်းတွင် တည်ဆောက်မည့် ရထားလမ်းတခုလုံးသည် အရှည် ကီလိုမီတာ ၈၁၀ ရှိမည်ဖြစ်ပြီး မူဆယ်-မန္တလေး ရထားလမ်းသည် ၄၃၁ ကီလိုမီတာ ရှည်လျားမည်ဖြစ်ကာ မန္တလေး- ကျောက်ဖြူ ရထားလမ်းသည် ၃၈၀ ကီလိုမီတာခန့် ရှိ မည် ဖြစ်သည်။

တရုတ်နိုင်ငံတွင်း တည်ဆောက်နေသော ယူနန် တာလီမှ ရွှေလီ အထိ ရထားလမ်းပိုင်းသည် ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် ဖောက်လုပ် ပြီးစီးကာ ရထားပြေးဆွဲနိုင်မည် ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်အထိ ပေါက်ရောက်မည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ရထားလမ်း ချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံပြည်တွင်း ရထားလမ်း ဖောက်လုပ်ခြင်းသည် မြန်မာနိုင်ငံနှင့် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော ကြီးမားသည့် ဈေးကွက်ကြီးအပြင် အာရှ- ဥရောပ ကုန်းမြေ (Eurasia) ကို ပိုမိုနီးကပ်စွာ ချိတ် ဆက်ပေးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြားကြောင်း တရုတ် သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခု လက်မှတ်ရေးထိုးလိုက်သော စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) အရ တရုတ်ကုမ္ပဏီသည် လေ့လာတွေ့ရှိချက် အစီအရင်ခံစာကို မြန်မာ့မီးရထားသို့ ပြန်လည် တင်ပြရမည်ဖြစ်ပြီး ယင်းနောက် စီမံကိန်း တည် ဆောက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို တတိယအဖွဲ့အစည်းအဖြစ် အကြံပေး ကုမ္ပဏီကို အပ်နှံပြီး ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့မီရထား၏ အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“မူဆယ်- မန္တလေး ရထားလမ်း စီမံကိန်းတုန်းကလိုပဲ၊ သူတို့က လေ့လာတွေ့ရှိချက်တွေကို ကျနော်တို့ဆီ ပြန်အစီအရင်ခံ ရတယ်။ ဒါကို လွတ်လပ်တဲ့ တတိယ အဖွဲ့အစည်းတခုကို အပ်မှာပါ။ တည်ဆောက်ရေးကိစ္စ ဖြစ်လာရင်လည်း နိုင်ငံတကာ ကုမ္ပဏီတွေ အားလုံးပါဝင်လို့ ရမယ့် တင်ဒါစနစ်နဲ့ သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုစီမံကိန်းနှင့် ပတ်သက်သည့် အခြား အသေးစိတ်အကြောင်းအရာများကို သီးခြား သတင်းထုတ်ပြန်သွားမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။

“ဒီစီမံကိန်းက တရုတ်အတွက်က ကျောက်ဖြူရေနက်ဆိပ်ကမ်း ဆောက်မယ်ဆိုတော့ သူတို့အတွက်က လိုအပ်နေပြီ။ မြန်မာနိုင်ငံအတွက်က တကယ်လိုအပ်ရဲ့လား ဒီရထားလမ်း ဖြတ်သွားမယ့် နေရာတွေမှာ ဘာစက်မှုဇုန်တွေ ရှိနေပြီလဲ။ တကယ်တမ်း ဖြစ်သင့်တာက တရုတ်လိုချင်တာ လုပ်ချင်တာကို လိုက်လုပ်တာထက် ကိုယ့်နိုင်ငံအတွက် တကယ်အကျိုး ရှိတဲ့ဟာ ဖြစ်ဖို့ လိုတယ်” ဟု ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာဆန်းစစ်ခြင်း၊ အစီရင်ခံစာများ ထုတ်ပြန်ပေးနေသည့် အရပ် ဘက် အဖွဲ့အစည်းတခုဖြစ်သော Sandhi Governance Institute ၏ ဒါရိုက်တာ ဦးခိုင်ဝင်းက ပြောဆိုသည်။

ဖြစ်မြောက်နိုင်ခြေလေ့လာမှု(Feasibility Study) ဆိုင်ရာ လေ့လာမှုများ ပြုလုပ်ရာတွင် စီးပွားရေးတွက်ခြေကိုက်မှု၊ လူမှု ဝန်းကျင်နှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်ခြေများအပြင် အခြေခံဆောက်အအုံ စီမံကိန်းများတွင် နိုင်ငံတော်၏ လုံခြုံရေး အပိုင်းကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ဦးခိုင်ဝင်းက “အဓိကအားဖြင့် စီမံကိန်းကြီးတွေဆိုရင် စီးပွားဖြစ်တွက်ခြေကိုက်ပါ့မလားပေါ့၊ ဒါက အရေးကြီးဆုံးပဲ။ ဒီလို စီမံကိန်းကြီးတွေက တရုတ်ပဲလုပ်လုပ် ဘယ်သူပဲ လုပ်လုပ် ကမ္ဘာမှာ ဖြစ်ခဲ့တာတွေ အများကြီးရှိခဲ့တယ်။ ၁ ဘီလီယံ အထက် စီမံကိန်းကြီးတွေက ပြဿနာက ကုန်ကျစရိတ်တွေ ပိုကုန်တယ်၊ အချိန်က ၅ နှစ်နဲ့ ပြီးမယ်ဆိုရင် ၁၀ နှစ်၊ ၁၅ နှစ်ဖြစ်သွားပြီး Delay တွေ ဖြစ်ကုန်တာတွေ ရှိတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် China Railway Eryuan Engineering Group Co., Limited ၏ မူဆယ်-မန္တလေးရထားလမ်း ဖြစ် မြောက်နိုင်ခြေ လေ့လာမှု အစီရင်ခံစာကို လေ့လာလျက်ရှိပြီး တတိယအဖွဲ့အစည်းအဖြစ် အကြံပေးကုမ္ပဏီ ငှားရမ်းရန် မြန်မာ့ မီးရထားက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်း (CMEC) တွင် နယ်စပ် စီးပွားရေးဇုန်များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာ နိုင်ငံ အလယ်ပိုင်း မန္တလေးမှ ရန်ကုန် အပါအဝင် အနောက်ဘက် ရခိုင်ပြည်နယ်ကျောက်ဖြူအထိ ချိတ်ဆက်မည့် ရထား လမ်း စီမံကိန်းများ၊ ထိုရထားလမ်း စီမံကိန်းများနှင့် ချိတ်ဆက်မည့် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ကျောက်ဖြူအထူး စီးပွား ရေးနှင့် ရေနက်ဆိပ်ကမ်းတို့အထိ ပါဝင်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယနေ့ နေပြည်တော်သို့ ရောက်ရှိလာရာ ၎င်း၏ မြန်မာပြည် ခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်း (CMEC)များအပြင် တရုတ်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး နိုင်ကြောင်း လေ့လာသူများက ဆိုကြပြီး ဤ မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း အတွက် ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမှုမှာလည်း ၎င်းမလာခင် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

You may also like these stories:

စီးပွားရေးစင်္ကြံစီမံကိန်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန် တရုတ် တွန်းအားပေး

မြန်မာရှိ တရုတ် BRI စီမံကိန်း ဆွစ်ဇာလန်ကုမ္ပဏီ စိစစ်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading