၂၀၂၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် ရှုံးနိမ့်ခဲ့မှုကို မကျေနပ်သဖြင့် အတိုက်အခံ ကြံ့ခိုင်ရေးပါတီက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူနိုင်ရေး ကြိုးပမ်းမှုတွင် တပ်မတော်က ပူးပေါင်း ပါဝင်မည် ဖြစ် ကြောင်း သိရသည်။
မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပါတီ၏ ပြော ခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ အရ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းက အထူးအစည်းအဝေးခေါ်ယူရန် ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ယခုရက်ပိုင်းအတွင်း တင်ပြမည် ဖြစ် ကြောင်း ပြောဆိုခဲ့သည်။
အခြေခံဥပဒေ ပုဒ်မ ၈၄ တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေါ်ယူပေးရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး ၄ ပုံ ၁ ပုံက တောင်းဆိုလျှင် ပြည်ထောင်စု လွှတ်တော် နာယကက အထူး အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပရမည်ဟု ဖော်ပြထားသည်။
ယင်းဖော်ပြချက်အရ ကိုယ်စားလှယ်ဦးရေ၏ ၄ ပုံ ၁ ပုံ လိုအပ်ရာ ကြံ့ခိုင်ရေးပါတီတွင် ယင်းကိုယ်စားလှယ် အရည်အတွက် မရှိသဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ရာ ယခုလို တပ်မတော်ဘက်ကလည်း သဘောထား ထုတ်ဖော် လာခြင်း ဖြစ်သည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက“ဥပဒေအရ အကျုံးဝင်တာတွေ အားလုံးကို ကျနော်တို့ဘက် က တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို တပ်မတော်က စတင် လမ်းခင်းပေးခဲ့ခြင်း ဖြစ်ပြီး အခြေခံ ဥပဒေအရ စစ်မှန်၍ စည်း ကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ဖြစ်ရမည်ဟု ဆိုထားသဖြင့် ယင်းလမ်းကြောင်း မယိမ်းယိုင်စေရန် ထိန်းသိမ်း ဆောင်ရွက်ရမည့်တာဝန် တပ်မတော်တွင် ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“အခု အငြင်းပွားနေတဲ့ ကိစ္စတွေပေါ့လေ။ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာလည်း Head of State ကနေ ခန့်တာ ဖြစ် တယ်။ တပ်ဆိုတာလည်း Head of State ထဲက အဖွဲ့ အစည်းတခု ဖြစ်တယ်။ Head of State ရဲ့ အောက်က အဖွဲ့ တခုက ဥပဒေနဲ့ မညီဘူးဆိုရင် ဥပဒေအရ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်အောင်၊ မဖြစ်သင့် မဖြစ်ထိုက်တာတွေ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရမယ်။ ဥပဒေအရ ထိန်းသိမ်း ဆောင်ရွက်ရမယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ စိစစ်တွေ့ ရှိချက်များနှင့် ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်များအရ နိုင်ငံတဝန်းလုံးရှိ မြို့နယ်ပေါင်း ၁၉၀ ကျော်တွင် မဲစာရင်းပေါင်း ၄ သန်းကျော် မှားယွင်းနေသည်ဟု ဖော်ပြခဲ့သည်။
ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းအတွက် အထူးအ စည်းအဝေးခေါ်ယူရန် ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်နှင့် တိုင်းရင်းသားပါတီတချို့ တို့ ပူးပေါင်းရခြင်းမှာ ၂၀၂၀ ရွေးကောက် ပွဲတွင် မဲမသမာမှုများကို လွှတ်တော်တွင် ဥပဒေအရ ဖြေရှင်းနိုင်ရန်အတွက် ဖြစ်ကြောင်း ပြောသည်။
“ဒီကိစ္စကို အရေးကြီးအဆို တင်ဖို့ ရှိတယ်”ဟု ဒေါက်တာ နန္ဒလှမြင့်က ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် တတိယ အကြိမ် လွှတ်တော်ကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခေါ်ယူမည် ဖြစ်ကြောင်း ကြေညာထားရာ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ယင်းလွှတ်တော် ခေါ်ယူရန် ရက်သတ္တပတ် ၃ ပတ်ခန့်သာ လိုတော့သည့် အချိန်တွင် ယခုလို ကြိုးစားလာခြင်း ဖြစ်သည်။
တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ကျင်းပပြီး ၂ လ အကြာတွင် ခေါ်ယူမည်ဟု ကြေညာချက် ထွက်ရှိပြီး ဖြစ်ကြောင်း၊ ယခုလိုအချိန်တွင် ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူ၍ ရ၊ မရ ဆို သည်မှာ လွှတ်တော်တာဝန်ရှိသူများက ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
“ဒီလို အချိန်မှာ ဒုတိယအကြိမ် ပြန်ခေါ်ခိုင်းတာက လုပ်ထုံးလုပ်နည်းအရ ရှေ့နောက်လွဲနေပြီလို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) ပါတီက ၎င်းတို့၏ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များကို စွမ်းရည်မြှင့် သင်တန်းများ ပို့ချပေးနေပြီး တတိယအကြိမ် လွှတ်တော်သို့ တက်ရောက်ရန် ပြင်ဆင်မှုများ ပြု လုပ်လျက်ရှိသည်။
ကြံ့ခိုင်ရေးပါတီက ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူပေးရန် တောင်းဆိုနေသော်လည်း ဥပဒေများအရ တတိယအကြိမ် လွှတ်တော် ခေါ်ယူရန် ကြေညာပြီး ဖြစ်သဖြင့် ဒုတိယအအကြိမ် လွှတ်တော်များမှာ ပိတ်ပြီး ဖြစ်သည်ဟု မှတ်ယူ၍ ရ ကြောင်း၊ အခြေခံ ဥပဒေအရ အပြောင်းအလဲကာလတွင် သမ္မတနှင့် အစိုးရအဖွဲ့သာလျှင် နောက်အစိုးရသို့ မလွှဲမချင်း ဆက်ရှိနေနိုင်ကြောင်း နေပြည်တော်မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
“ဟုတ်ပြီ တကယ်လို့ ဒုတိယအကြိမ် လွှတ်တော်ကို မဖြစ်မနေ ပြန်ခေါ်ရမယ်ဆိုရင်လည်း အခြေခံ ဥပဒေအပိုဒ် ၈၅ အရ တက်ရောက်တဲ့သူဦးရေက တဝက်ကျော်ပေါ့။ ၅၀ ရာခိုင်နှုန်းကျော်မှ အထမြောက်တာ။ အဲဒီတော့ အဲဒီဘက် ပါတီတွေ ချည်းပဲဆိုရင်လည်း ၅၀ ရာခိုင်နှုန်းက မကျော်ဘူး။ အဲဒီတော့ ထိရောက်အောင်မြင်နိုင်မယ့် အလုပ်တခု မဟုတ်ဘူးလို့ မြင်ပါတယ်”ဟု ဦးခင်မောင်ဇော်က ပြောသည်။
ဒုတိယအကြိမ် လွှတ်တော် မခေါ်ပေးပါကလည်း တတိယအကြိမ် လွှတ်တော် သက်တမ်းတွင် လိုအပ်ချက်များကို ဆွေးနွေး ၍ ရကြောင်း၊ ကိုဗစ်ကာလတွင် နိုင်ငံအတွက် အရေးကြီးသည့် ဘတ်ဂျက်၊ လွှတ်တော်ကသာ ခွင့်ပြုချက် ပေးရသည့် စီမံ ကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေးလို၍ လွှတ်တော်ခေါ်ခိုင်းခြင်းမျိုးလည်း မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောသည်။
ဦးစိုင်းထွန်းအေးက“သူတို့ ဖြစ်ချင်တဲ့ ဆန္ဒကိုပဲ ရှေ့တန်းတင်တာဆိုတော့ ပြောရမယ်ဆိုရင်တော့ အရေးမကြီးဘူးပေါ့။ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်တယ်”ဟု ပြောသည်။
လွှတ်တော်ဆိုသည်မှာ အစိုးရကို Check and Balance လုပ်ရမည့် မဏ္ဍိုင်တခုဖြစ်ရာ အစိုးရ အနေဖြင့် လွှတ်တော် ကိုယ် စားလှယ်များ တင်ပြ တောင်းဆိုမည့် အဆိုများ၊ မေးခွန်းများကို ဖြေဆိုရန် စိုးရိမ်စရာ မလိုကြောင်း၊ ယခု ကြံ့ခိုင်ရေးနှင့် တပ်မတော်တို့၏ လွှတ်တော်ခေါ်ပေးရန် တင်ပြချက်အရ မဖြစ်မနေ လွှတ်တော် ခေါ်ပေးရမည် ဖြစ်ကြောင်း ရခိုင် အမျိုး သားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“တဘက်က ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ် လွှတ်တော်ရဲ့ လုပ်ဆောင်မှုတွေက အစိုးရမှာ ပြန်လည်ဖြေကြားဖို့ ပြန် လည်ရှင်းပြဖို့ တာဝန်ရှိတယ်။ အဲဒါကြောင့် ကျနော်တို့က ဒါအတွက်တော့ မစိုးရိမ်သင့်ဘူး။ ဒါက ဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်”ဟု ဦးဖေသန်းက ပြောသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ တယောက်နှင့် တယောက် ထွက်ပေါက်ပေးပြီး ညှိနှိုင်းသည့် အနေအထားထက် အားပြိုင်မှုများမှတဆင့် နိုင်ငံရေး အကြပ်အတည်းဘက်သို့ တွန်းပို့ပေးနေသည့် အခြေအနေမျိုး ဖြစ်နေကြောင်း တကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျူမှ ဦးရဲမျိုးဟိန်းက ပြောသည်။
“ခေါင်းဆောင်တွေ အချင်းချင်းတွေ တွေ့ ဆုံဆွေးနွေးမှ လက်ရှိ လတ်တလော ပြဿနာတွေ ပြေလည်နိုင်လိ့မ်မယ်။ ရေ ရှည်မှာတော့ အင်စတီကျုးရှင်းပိုင်းတွေ အားကောင်းအောင်လုပ်ပြီး သွားရမှာပေါ့။ အခု အခြေအနေမှာတော့ ခေါင်း ဆောင်တွေ အချင်းချင်း တွေ့ဆုံဆွေးနွေးတာမျိုး မဖြစ်မနေ လုပ်ကို လုပ်သင့်တယ်လို့ မြင်တယ်”ဟု ဦးရဲမျိုးဟိန်းက ပြောသည်။
ယခု ဒုတိယအကြိမ် လွှတ်တော်ကို ပြန်လည် ခေါ်ယူကျင်းပရန် တောင်းဆိုနေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် စုစုပေါင်း ၄၉၈ နေရာတွင် ပြည်သူ့လွှတ်တော်တွင် ၂၆ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၇ နေရာ စုစုပေါင်း ၃၃ နေရာသာ အနိုင်ရရှိခဲ့သည်။
လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက ပြည်သူ့လွှတ်တော်တွင် ၂၅၈ နေရာ၊ အမျိုးသား လွှတ် တော်တွင် ၁၃၈ နေရာ စုစုပေါင်း ၃၉၆ နေရာ အနိုင်ရရှိခဲ့သည်။
ယင်းရလဒ်ကို ကြံ့ခိုင်ရေးပါတီက လက်မခံသေးဘဲ ရွေးကောက်ပွဲတွင် မဲမသာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် သူတို့ ရှုံးနိမ့်ရခြင်း ဖြစ် ကြောင်း သတင်းစာ ရှင်းလင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်ခြင်း၊ ရွေးကောက်ပွဲ ကော်မရှင်ကို ပြည်ထောင်စု တရား လွှတ် တော်ချုပ်သို့ တိုင်ကြားခြင်းတို့ဖြင့် တုံ့ပြန်လျက်ရှိသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူရေး ကိစ္စ ထက် ရွေးကောက်ပွဲ ကော်မရှင်က တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက် အမိန့်ကို မလိုက်နာလျှင်ဖြစ်စေ၊ တရား လွှတ် တော်ချုပ်က ကော်မရှင်ကို စာချွန်တော်အမိန့် ထုတ်မပေးသည့်အခါမျိုးတွင် တပ်မတော် ဘာလုပ်မလဲဆိုသည်ကို စောင့်ကြည့်ရမည်ဟု ပြောသည်။
“နည်းနည်း စိုးရိမ်ဖို့ ကောင်းတာပေါ့။ နောက်ဆုံးလမ်းကတော့ ဥပဒေပြင်ပရောက်သွားမှာပေါ့။ အခြေခံဥပဒေရဲ့ ပြင်ပ ရောက်သွားမယ်။ သူတို့ လုပ်သင့်လုပ်ထိုက်တာ မလုပ်ပေးတဲ့အတွက်ကြောင့်ဆိုပြီး တပ်က အာဏာသိမ်းတာ သော် လည်းကောင်း ၊ အာဏာဝင်ထိန်းတာသော်လည်းကောင်းပေါ့နော်။ တခုခုလုပ်လာမလားပေါ့။ အဲဒါတော့ စိုးရိမ်မှု ရှိတယ်”ဟု ဦးရဲထွန်းက ပြောသည်။
နေပြည်တော် သတင်းထောက် ကျော်မျိုး ပူးပေါင်း ရေးသားသည်။
You may also like these stories:
နှစ်နိုင်ငံ နယ်နမိတ်အတွင်းရှိ တရုတ်ခြံစည်းရိုးများ ပြန်ဖျက်ပေးရမည်ဟု သမ္မတရုံး ပြော
ဝန်ကြီးချုပ်တာဝန် ထပ်မံခန့်အပ်လျှင် ဆက်၍ ထမ်းဆောင်မည် ဟု ဦးညီပုပြော
သမ္မတနှင့် ရွေး/ကော် ဥက္ကဋ္ဌတို့ စာချွန်တော်လျှောက်ထားခံရမှု ဘာဆက်ဖြစ်မလဲ