အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရေးအတွက် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဇန်ဝါရီ ၁၂ ရက်တွင် တွေ့ဆုံရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကြား ချိန်းဆိုထားသော်လည်း တွေ့ဆုံမည့် နေရာအတွက် နှစ်ဖက်သဘောတူညီမှု မရရှိသေးကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၂ ရက်၊ နေ့လည် ၁၂ နာရီတွင် လွိုင်ကော်မြို့ရှိ NLD ရုံး၌ တွေ့ဆုံနိုင်ရန် NLD ဘက်မှ တာဝန်ပေးထားသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မြစ်ကြီးနားမြို့နယ် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့က လွိုင်ကော်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။
တွေ့ဆုံရန်အတွက် NLD ရုံးသို့လာရောက်ပေးရန် ကယားပြည်နယ်၊ NLD ဥက္ကဋ္ဌ ဘက်မှ ဖုန်းဖြင့် ဖိတ်ကြားထားပြီး KySDP ဘက်က NLD ရုံးသို့ လာမတွေ့လိုသဖြင့် နှစ်ဖက် တွေ့ဆုံမည့် နေရာမှာ သဘောတူညီမှု မရရှိသေးခြင်း ဖြစ်သည်။
ကယားပြည်နယ်၊ NLD ဥက္ကဋ္ဌ ဦးသောင်းဌေးက “မနက်ဖြန် မွန်းလွဲ ၂ နာရီတွေ့ဖို့စီစဉ်တယ်။ စီစဉ်တော့ ကယား ဒီမိုကရက်တစ် ပါတီက တာဝန်ရှိသူတယောက်ကို ကျနော်ကိုယ်တိုင် အကြောင်းကြားပါတယ်။ လှမ်းပြောပါတယ်။ ပြောတော့ သူတို့ဗဟို အဖွဲ့နဲ့ အစည်းအဝေး ထိုင်ပါဦးမယ်၊ ပြီးမှ ပြန်ပြောမယ်လို့ပဲ ပြောနေတယ်။ အဖြေမပေးသေး ပါဘူး” ဟု ပြောသည်။
NLD ရုံးတွင် တွေ့ဆုံရန် စီစဉ်ထားပြီး မွန်ပြည်နယ်တွင် ဆွေးနွေးပွဲပျက်သွားသကဲ့သို့ မဖြစ်ရန်အတွက်လည်း ကြားခံ ပုဂ္ဂိုလ် တဦးဖြင့် NLD ဘက်က ညှိနှိုင်းမှုများ လုပ်ထားပါသည်ဟုလည်း ဦးသောင်းဌေးက ပြောသည်။
KySDP ၏ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က “ကျနော်တို့က NLD ပြည်နယ်ရုံးကို လာတွေ့ဖို့ အဆင်မပြေပါဘူး။ နှစ်ဖက်စလုံးအတွက် လွတ်လွတ်လပ်လပ် ဖြစ်တဲ့ နေရာတခု၊ ပြောမယ်ဆိုရင် ကြားခံ တတိယနေရာကို တွေ့ရင် ကောင်းပါမယ်။ သူတို့ဘက်ကတော့ သူတို့ပါတီမှာ လာတွေ့၊ မတွေ့ရင်လည်း ပြဿနာမရှိဘူးလို့ လုပ်နေတော့ ခက်ပါတယ်။ ဒီပုံစံနဲ့ပဲ လုပ်မယ်ဆိုရင်တော့ သူတို့နဲ့ ကျနော်တို့ တွေ့ဖို့က အခက်အခဲဖြစ်လာနိုင်တယ်။ တွေ့ဆုံမှု အောင်မြင်ဖို့ အခြေအနေ မရှိဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် NLD နှင့် KySDP ကြား တွေ့ဆုံရန် စတင်ညှိနှိုင်းစဉ်က ဗဟိုကော်မတီချင်း တိုက်ရိုက်ဆက်သွယ်ကြခြင်း ဖြစ်ကာ ဒေါက်တာအောင်မိုးညိုက တွေ့ဆုံရန် စာဖြင့် အကြောင်းကြားမည်ဟု ပြောဆိုထားပြီး ယခုအခါ တွေ့ဆုံမည့်အကြောင်းကို စာဖြင့် အကြောင်းကြားခြင်းလည်း မရှိဘဲ ပြည်နယ်အဆင့်ကသာ ဖုန်းဖြင့် ဆက်သွယ်လာခြင်း ဖြစ်သည်ဟု ဦးသဲရယ်က ပြောသည်။
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီသည် ရွေးကောက်ပွဲမတိုင်မီ သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ တပ်မတော်၏ ဘရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံပွဲတွင် တက်ရောက်ခဲ့သေးသည်။ ထိုတွေ့ဆုံပွဲသို့ KySDP အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီတက်ရောက်ခဲ့ကြသည်။
KySDP အနေဖြင့် နှစ်ဖက်ပါတီအချင်းချင်း ဆက်သွယ်ရာတွင် ဗဟိုချင်းသာ ဆက်သွယ်လိုပြီး ယခုအခါ NLD ပြည်နယ်မှသာ ဖုန်းဖြင့် ဆက်သွယ်လာခြင်း ဖြစ်သဖြင့် လက်ခံတွေ့မတွေ့ကိုလည်း ဆုံးဖြတ်ချက် မချရခြင်း ဖြစ်သည်ဟု ဦးသဲရယ်က ဆိုသည်။
ဦးသောင်းဌေးက “ကျနော်တို့က ကမ်းလှမ်းပါတယ်။ လာခြင်း၊ မလာခြင်းကတော့ သူတို့ စိတ်သဘောထားနဲ့ သူတို့ ခံယူချက်ပါပဲ။ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ကိုယ်တိုင် အကြောင်းကြား တယ်ဆိုတာ ဗဟိုက လူကြီးက အကြောင်းကြားခိုင်းလို့ ကြားတာပါ။ အတူတူပါပဲ။ လူကြီးက အချက်မပြပဲ ကျနော်က ဘယ်ဆက်သွယ်မတုန်းဗျ” ဟု ဆိုသည်။
နေရာကိစ္စနှင့် ပတ်သတ်၍ KySDP ဘက်မှ ပြောဆိုမှုများ ရှိနေသော်လည်း ဇန်နဝါရီ ၁၂ ရက်၊ နေ့လည်ပိုင်းတွင် နှစ်ပါတီ တွေ့ဆုံဆွေးနွေးဖြစ်ရန်သာ မျှော်လင့်ထားသည်ဟု ဦးသောင်းဌေးက ပြောသည်။
NLD သည် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရထားပြီး အစိုးရသစ် ပြန်ဖွဲ့ နိုင်သည်အထိ ကျော်လွန်ပြီး အနိုင်ရထားသော်လည်း အစိုးရသစ်ဖွဲ့ရာတွင် တိုင်းရင်းသားပါတီများကိုပါ ဖိတ်ခေါ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရပုံစံဖွဲ့ရန် စဉ်းစားထားကြောင်း ပြောဆိုထားသည်။
ထို့နောက် တိုင်းရင်းသားပါတီအားလုံးကို ၎င်းတို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်စာတစောင် ပို့ခဲ့ပြီးနောက် ဒေါ်နန်းခင်ထွေးမြင့် ၊ ဒေါက်တာအောင်မိုးညိုနှင့် ဦးအင်ထုံးခါးနော်ဆန်တို့ ၃ ဦးကို ပြည်နယ်များတွင် တိုင်းရင်းသားပါတီများကို လိုက်လံ တွေ့ဆုံရန် တာဝန်ပေးထားခြင်း ဖြစ်သည်။
KySDP အနေဖြင့် NLD နှင့် တွေ့ဆုံရန်အတွက် ၎င်းတို့၏ ဗဟိုကော်မတီဝင် ၃ ဦးကို တာဝန်ပေးထားသည့် အပြင် ဆွေးနွေးလိုသည့် အချက်များကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု သိရသည်။
KySDP အနေဖြင့် လာမည့် အစိုးရသက်တမ်း ၅ နှစ်၊ အနာဂတ် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြုပြင်ပြောင်းလဲရေး အတွက် NLD ၏ အစီအစဉ်များ၊ လွှတ်တော်ဖွဲ့စည်းရေးနှင့် အစိုးရ ဖွဲ့စည်းရေးတွင် တိုင်းရင်းသားများအတွက် မည်သည့်ကဏ္ဍတွင် ထည့်သွင်း စဉ်းစားမည်ဟူသည့် အချက်များကို ဆွေးနွေးရန် ပြင်ဆင်ထားသည်ဟု သိရသည်။
KySDP ၏ ဒုဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ထွေးကလည်း “ဒီတကြိမ်ကတော့ ကြိုဆိုပါတယ်။ တွေ့ဆုံဆွေးနွေးမှု အထမမြောက် လည်း နောင်တချိန်မှာကျနော်တို့ တွေ့ဆုံဆွေးနွေးလို့ အဆင်ပြေပါတယ်။ တွေ့ဆုံဆွေးနွေးမှု အဆင်မပြေတာ တခုတည်းနဲ့ပဲ ကျနော်တို့ နိုင်ငံရေးအခင်းအကျင်း ပြတ်တောက်သွားတာ မဟုတ်ပါဘူး။ ဒီတကြိမ် ကျနော်တို့ အဆင်မပြေရ ခြင်းက အကြောင်းအမျိုးမျိုးသော ကိစ္စရပ်တွေကြောင့်ပါ” ဟု ပြောသည်။
အကယ်၍ ဇန်နဝါရီ ၁၂ ရက်တွင် NLD ရုံး၌ မဟုတ်ဘဲ အခြားနေရာ တနေရာတွင် တွေ့မည်ဟု ပြောင်းလဲစီစဉ်မည် ဆိုပါက နှစ်ဖက်တွေ့ဆုံနိုင်လိမ့်မည်ဟုလည်း ဦးစိုင်းနိုင်နိုင်ထွေးက ပြောသည်။
NLD ၏ ပြည်နယ်များသို့သွားကာ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသည့် ခရီးစဉ်များအနက် ဇန်နဝါရီ ၄ ရက်က မွန်ပြည်နယ်၌ မွန်အမျိုးသားပါတီ (MUP) နှင့် အစည်းအဝေးပြုလုပ်ရန် ချိန်းဆိုပြီး တွေ့ဆုံမည့် နေရာ မညှိနှိုင်းနိုင်သဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ရသည်။
NLD ဘက်က ၎င်းတို့ ရုံးတွင်သာ အစည်းအဝေးလုပ်ရန် ပြောဆိုပြီး MUP က ကြားတနေရာတွင် တွေ့ဆုံရန် ညှိနှိုင်းရာ NLD ဘက်ကလည်း ၎င်းတို့ရုံးတွင်သာ တွေ့ရန် စောင့်ဆိုင်းနေခဲ့ပြီး MUP ကလည်း NLD ရုံးကို ရောက်မလာသဖြင့် အစည်းအဝေးပျက်ခဲ့ရခြင်း ဖြစ်သည်။
NLD သည် ပထမဆုံး သွားရောက်ခဲ့သည့် ကချင်ပြည်နယ်ခရီးစဉ်တွင်သာ အစည်းအဝေးနေရာ ငြင်းခုန်ရခြင်း မရှိဘဲ ကချင်ဒေသခံ အနိုင်ရကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်း နိုင်ခဲ့သည်။
You may also like these stories:
NLD နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးရေး ဘယ်လို ဆက်သွားမလဲ
NLD နှင့် မွန်ညီညွတ်ရေးပါတီတို့ ဆွေးနွေးပွဲ နေရာညှိနှိုင်းမရ၍ မဖြစ်မြောက်