တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ယွမ် ၃ သန်း (ကျပ် သန်း ၆၀၀ ကျော်) တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးပေးသွား မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံစဉ် ထိုကဲ့သို့ ကတိပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲနှင့် ပတ်သက်သည့် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေး အ တွက် နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံ ယဉ်ကျေးမှု ခရီးသွားနှစ် အကောင်အထည်ဖော်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ ဆက်လက်ဆောင်ရွက် သွားရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက် အကောင်အထည်ဖော်သွားရေး တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိကို သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ဆက်လက် လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ယခုလာရောက်သည့် မစ္စတာ ဝမ်ယိ ၏ ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စာချုပ်၊ နားလည်မှုစာချွန်လွှာ၊ မှတ်တမ်းလွှာ၊ စာလွှာနှင့် အစီအစဉ်တို့ အပါအဝင် သဘောတူညီချက် ၆ ချက်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၃ သိန်း ပံ့ပိုးပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ဗဟိုကူးစက်ရောဂါ တိုက် ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “အလုံးရေ ၃ သိန်း ပေးမယ်ဆိုတဲ့ဟာ ပြောသွားပါတယ်။ ကျမ တို့ လက်ခံရရှိခြင်း မရှိပါဘူး။ တပါတည်း ပါလာတာ မဟုတ်ပါဘူး။ ဒါ ကတိပြုတာ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးမည့် အစီအစဉ်နှင့် ပတ်သက်၍ ဆက်တိုက်လေ့ကျင့်မှုများ ပြုလုပ်နေပြီး ရရှိလာမည့် ကာကွယ်ဆေးအပေါ် မူတည်ကာ ထိုးနှံပေးမည့် အစီအစဉ်များလည်း ချမှတ်ထားပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ရရှိ သည့်အခါ၌လည်း ကိုဗစ် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းအတွက် အရေးကြီးဆုံးဖြစ်သော ပါးစပ်နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးရှောင်ခြင်းနှင့် လက်ဆေးခြင်းတို့ကို ဆက်လက် လုပ်ဆောင်နေရအုံးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက ကာကွယ်ဆေးသည် မည်သည်ကပဲရရ ကိုယ့်နိုင်ငံ၏ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီး သည့် အခန်းကဏ္ဍတခုတွင် ပါဝင်ကြောင်း၊ မည်သည့် နေရာကရရ ဆိုသော်လည်း ကာကွယ်ဆေးများ၏ စိတ်ချရမှု၊ ဘေး ကင်းလုံခြုံမှုကလည်း အရေးကြီးကြောင်း ရှင်းပြသည်။
ဒေါက်တာခင်ခင်ကြီးက “လက်ရှိ အနေအထားအရတော့ ကာကွယ်ဆေးတွေ approve ဖြစ်ပြီဆိုတာ ကာကွယ်ဆေးရဲ့ စိတ်ချလုံခြုံမှု၊ ဘေးကင်းမှု၊ အန္တရာယ်မရှိမှု ဒါတွေအကုန်လုံးမှာ သေချာစစ်ဆေးပြီးမှ approve ဖြစ်တာဖြစ်တဲ့ အတွက် ကြောင့် ကာကွယ်ဆေးသည် အတိုင်းအတာတခုထိ စိတ်ချရတယ်လို့ ပြောမယ်ဆို ပြောလို့ရပါတယ်” ဟု ဆိုသည်။
လက်ရှိအနေအထားအရ ကမ္ဘာပေါ်တွင် အပြည့်အဝ သုံးခွင့်ရသည့် ကိုဗစ်ကာကွယ်ဆေး ၂ မျိုးသာ ရှိသေးပြီး ယင်းတို့မှာ Pfizer နှင့် BioNTech တို့မှထုတ်သည့် ကာကွယ်ဆေးနှင့် Moderna ကာကွယ်ဆေးတို့ဖြစ်ကြောင်း၊ Early or Limited Use (စောစော သို့မဟုတ် အတိုင်းအတာ အကန့်အသတ်ဖြင့် ခွင့်ပြုပေးထားသည့် ကာကွယ်ဆေး) ၈ မျိုးရှိပြီး တရုတ်မှ ၄ မျိုး၊ ရုရှားမှ ၂ မျိုး၊ ယူကေမှ ၁ မျိုးနှင့် အိန္ဒိယမှ ၁ မျိုးတို့ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယက အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca တို့ ပူးပေါင်းထုတ်လုပ်သည့် Covishield ကာ ကာကွယ်ဆေး သန်း ၃၀ ကို မှာယူထားပြီး ဖြစ်သလို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ကာ ကွယ်ဆေးများကိုလည်း သံတမန်လမ်းကြောင်းမှ ဝယ်ယူရန် ကြိုးစားလျက် ရှိသည်။
ဒီဇင်ဘာ ၁၉ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုသစ် နေ့စဉ် ၁၀၀၀ အောက် ကျဆင်းလာနေသည်။ ဇန်နဝါရီ ၁၁ ရက်၊ ည ၈ နာရီအချိန်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ၂,၈၅၈ မှုနှင့် ပြန်လည်ကောင်းမွန်မှု ၁၁၄,၆၀၉ အပါအဝင် ကူးစက်မှုပေါင်း ၁၃၁,၁၈၆ မှု ရှိသည်။
You may also like these stories:
တရုတ် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိရသမျှ
ကိုဗစ်-၁၉ ကာကွယ်ဆေး ဖေဖော်ဝါရီ ရောက်မည်
ကိုဗစ်ဒုတိယလှိုင်း ထိန်းချုပ်နိုင်ပြီ ဆိုသော်လည်း မပေါ့ဆသင့်ဟု ကျန်းမာရေး ဝန်ကြီးဌာန သတိပေး