အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးအတွက် ယနေ့ နေ့လယ်ပိုင်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD) နှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တို့ကြား နေရာညှိနှိုင်းမှု မပြေလည်သဖြင့် ဆွေးနွေးပွဲ ပျက်သွားသည်။
NLD နှင့် KySDP သည် ယနေ့ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ တွေ့ဆုံရန် ချိန်းဆို ထားရာ NLD က ၎င်းတို့ရုံးတွင် လာတွေ့ရန် ဖိတ်ပြီး KySDP က NLD ပါတီရုံး မဟုတ်သည့် နေရာတွင်သာ တွေ့လို သဖြင့် နေရာ ညှိနှိုင်း၍ မရဘဲ ဆွေးနွေးပွဲ ပျက်သွားခဲ့ခြင်း ဖြစ်သည်။
KySDP ၏ အထွေထွေ အတွင်းရေးမှူး ဦးသဲရယ်က “ဒီမနက်ပဲ ဒေါက်တာ အောင်မိုးညိုနဲ့ ဖုန်းပြောပါတယ်။ ကျနော်တို့ တွေ့ဖို့အတွက် နေရာလေး ဆွေးနွေးရအောင်လို့ ပြောတဲ့အခါကျတော့ သူ့ပါတီရဲ့ ဆုံးဖြတ်ချက်အရ ပါတီရုံးမှာပဲ တွေ့ရ မယ်ပေါ့။ တခြားနေရာ သွားတွေ့လို့ မရဘူးလို့သူက ပြောလာပါတယ်။ ဒါကြောင့် သူတို့နဲ့ တွေ့ဖို့ အစီအစဉ်က ပျက်သွား တာပါ” ဟု ပြောသည်။
NLD ဘက်မှ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းရာတွင် တိုင်းရင်းသား ပါတီများကို ဖိတ်ခေါ်ရန်၊ ပူးပေါင်းဆောင်ရွက် ကြရန် ပြောဆိုထားပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန် တို့ကို တာဝန်ပေးထား သည်။
ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာ အောင်မိုးညိုနှင့် ဦးအင်ထုံးခါးနော်ဆန် တို့က KySDP နှင့် တွေ့ဆုံရန် ဇန်နဝါရီ ၁၁ ရက် တွင် လွိုင်ကော်မြို့သို့ ရောက်လာသော်လည်း အစည်းအဝေး နေရာကို KySDP ဆွေးနွေးလိုသည့် အခြားတနေရာတွင် လုပ်မည် မဟုတ်ဘဲ NLD ဗဟိုက ညွှန်ကြားလိုက်သည့်အတိုင်း NLD ရုံးတွင်သာ ဆွေးနွေးမည်ဟု ရပ်တည်ခဲ့ကြသည်။
ကနဦးက တွေ့ဆုံဖြစ်ပါက အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် NLD ၏ အစီအစဉ် များ၊ လွှတ်တော်နှင့် အစိုးရ ဖွဲ့စည်းရေး မည်သည့်ကဏ္ဍတွင် တိုင်းရင်းသားများကို ထည့်သွင်း စဉ်းစားမည်ဟူသည့် အချက် များကို ဆွေးနွေးရန် KySDP ဘက်မှ ပြင်ဆင်ထားခဲ့သည်။
အစည်းအဝေး ပြုလုပ်မည့် နေရာကိုပင် NLD ဘက်က အလျှော့မပေးဘဲ ၎င်းတို့ ရုံးသို့ မလာလျှင် ဆွေးနွေးမှု မဖြစ်မြောက် ဟူသည့် အခြေအနေအရ နေရာကိုပင် ညှိမရသဖြင့် နိုင်ငံရေး ကိစ္စများ ဆက်၍ မည်သို့မည်ပုံ ဆွေးနွေးမည်ကိုပင် စဉ်းစား စရာ ဖြစ်သည် ဟုလည်း ဦးသဲရယ်က ပြောသည်။
ဆက်လက်ပြီး ဦးသဲရယ်က “ကျနော်တို့ကို အထက်စီးဆန်တယ် ဆိုတာက အခုမှ မဟုတ်ပါဘူး။ အရင်တုန်းက ရွေး ကောက်ပွဲ မတိုင်ခင်ကလည်း NLD က ဘယ်မဟာမိတ်မှ မလုပ်ဘူး ဆိုပြီးတော့ ပြောတယ်။ တိုင်းရင်းသား အရေးနဲ့ ပတ် သက်ရင်လည်း လာတောင်းဆိုကြပါ ဆိုပြီး ပြောခဲ့တယ်။ ဆိုတော့ ကျနော်တို့က တိုင်းရင်းသားတွေက သူတို့ပေးမှ ရမယ့် ပုံစံမျိုး သွားဖြစ်နေပါတယ်” ဟုလည်း ပြောဆိုသည်။
၎င်းတို့အနေဖြင့် NLD ရုံးကို သွားလိုက်ပါက တိုင်းရင်းသားများက NLD ခေါ်သည့် နေရာကို လာရပြီး NLD ၏ အောက်တွင် ရောက်နေပြီဟု အများက မြင်မည်ကိုလည်း စိုးရိမ်ရကြောင်း၊ KySDP ကို ထောက်ခံသည့် လူထုများ၊ လူငယျာ်း၏ အသံကို လည်း ပါတီအနေဖြင့် နားထောင်ရပါသည် ဟု ဦးသဲရယ်က ဆိုသည်။
ကရင်နီပြည်လူငယ်များ သမဂ္ဂ (UKSY) ၏ ညီလာခံဒုတိယ ၆လပတ်အစည်းအဝေးကလည်း ဇန်နဝါရီ ၈ ရက်တွင် ထုတ် ပြန်ချက် တစောင်ထုတ်ကာ NLD ၏ ခရီးစဉ်ကို မယုံကြည်သဖြင့် ဒေသခံ တိုင်းရင်းသားပါတီများက သွားရောက် ဆွေးနွေး မှု မလုပ်ရန် တောင်းဆိုထားသည်။
NLD သည်၂၀၁၆ ခုနှစ်မှစ၍ အစိုးရ တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ပါတီ၏ အစီအစဉ်၊ ပါတီမှ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ ဖြစ်နေသူများ ဦးဆောင်မှုဖြင့် ပြည်နယ်များတွင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ထုများ စိုက်ထူခြင်း ပြုလုပ်ခဲ့သည်။
ပြည်နယ်ဒေသခံ တိုင်းရင်းသား လူမျိုးများက ၎င်းတို့၏ လူမျိုး အမှတ်လက္ခဏာများကို ထားရှိခွင့် မရှိသေးချိန်တွင် ဗိုလ် ချုပ် အောင်ဆန်းရုပ်ထုများ ထားရှိသည်ကို လက်မခံကြောင်း ကန့်ကွက် ဆန္ဒပြခြင်း၊ ဆန္ဒပြသည့် လူငယ်ခေါင်းဆောင် များကို တရားစွဲဆိုခြင်းများမှ တဆင့် ကယားပြည်နယ်တွင် ကရင်နီ လူငယ်များနှင့် NLD ကြား တင်းမာမှုများ ယနေ့ထိ ရှိနေဆဲ ဖြစ်သည်။
ဒေါက်တာ အောင်မိုးညိုက ယနေ့ အစည်းအဝေးအတွက် လွိုင်ကော်မြို့NLD ရုံးတွင် နေ့လယ် ၁ နာရီခွဲထိ စောင့်ဆိုင်း ခဲ့ပြီး KySDP ဘက်မှ ရောက်မလာသဖြင့် ပြန်လာခဲ့ပါသည်ဟု ပြောသည်။
“ကျနော်တို့က သူတို့ပြည်နယ်ကို တကူးတကကို ဆင်းလာတာပါ။ နေပြည်တော် လာတွေ့လိုက်၊ ရန်ကုန်လာတွေ့လိုက် ပြောတာ မဟုတ်ပါဘူး။ တတ်နိုင်သမျှ နားထောင်ဖို့လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တော့ နားလည်မှုရှိစွာနဲ့ NLD ပြည်နယ်ရုံးကို လာပြီး သူတို့ပြောချင်တာတွေကို ပြောစေချင်ပါတယ်။ တွေ့စေချင်ပါတယ်။ အဲဒါလေးပဲ မေတ္တာရပ်ခံပါတယ်။ လေးစားစွာနဲ့ပါ” ဟု ဒေါက်တာ အောင်မိုးညိုက ပြောသည်။
NLD ၏ ဗဟို အလုပ်မှုဆောင် အစည်းအဝေးတွင် NLD ပြည်နယ်ရုံး၌သာ တွေ့ဆုံရန် ဆုံးဖြတ်ထားသဖြင့် ၎င်းတို့အနေဖြင့် ရုံးတွင်သာ တွေ့ဆုံရန် စီစဉ်ရခြင်း ဖြစ်ပါသည်ဟုလည်း ဒေါက်တာ အောင်မိုးညိုက ပြောသည်။
NLD ဘက်မှ အစည်းအဝေးခေါ်သည့် ပုံစံမှာ အထက်စီးမှ ဆက်ဆံသလို ခံစားရသည်ဟု KySDP ဘက်မှ ပြောဆိုချက်နှင့် ပတ်သက်၍လည်း ဒေါက်တာ အောင်မိုးညိုက အထက်စီးမှ ဆက်ဆံလိုသည့် သဘောထား၊ အပြုအမူ မရှိပါ ဟုလည်း ဆို သည်။
ဆက်လက်ပြီး ဒေါက်တာ အောင်မိုးညိုက “ဖေဖော်ဝါရီ၊ ဒုတိယပတ်၊ တတိယပတ်ထဲမှာ ပြည်ထောင်စုလွှတ်တော် ခေါ် တော့မှာ။ ခေါ်ပြီးရင် သူတို့ လွှတ်တော်တွေ ခေါ်တော့မှာပါ။ အဲဒီ မတိုင်ခင် ကျနော်တို့ကို မွန်ထပ်သွားပါ။ ကယားထပ် သွားပါ ဆိုရင်တော့ ကျနော်တို့ သွားဖို့ပါပဲ။ ကျနော်တို့ ပြောတဲ့စကားထဲမှာ မောက်မောက်မာမာ ပါတယ်ဆိုရင် အသံဖမ်း ပြီး လွှင့်လို့ ရပါတယ်။ ကျနော်တို့က မေတ္တာရပ်ခံတာ တောင်းပန်တာတွေပဲ ပြောတာပါ။ ကြားထဲက လာမတွေ့တာပါ” ဟု ပြောသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖေဖော်ဝါရီတွင် ပြည် ထောင်စု လွှတ်တော် အစည်းအဝေး စတင်ခေါ်ယူကာ သမ္မတ ရွေးချယ်တင်မြှောက်ရေး၊ အစိုးရသစ် ဖွဲ့စည်းရေး တို့ကို စတင် ဆောင်ရွက်တော့မည် ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၆၀ အရ သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံတော်သမ္မတနှင့် ဒု သမ္မတများကို ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရ ဖွဲ့စည်းခြင်းများကို ဆက်လက် လုပ်ဆောင်မည် ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် မခေါ်ခင် တိုင်းရင်းသားပါတီများနှင့် လိုက်လံတွေ့ဆုံကာ တိုင်းရင်းသားများ၏ သဘောထား များကို ရယူနေခြင်း ဖြစ်သည်ဟု ဒေါက်တာ အောင်မိုးညိုက ပြောဆိုခြင်း ဖြစ်သည်။
ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန် တို့သည် ကယားပြည်နယ်မှ တဆင့် ဇန်နဝါရီ ၁၃ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ သွားကာ ရှမ်းပြည်နယ်မှ ဒေသခံအနိုင်ရပါတီများ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ မည်ဖြစ်သည်။
တောင်ကြီးမြို့တွင်လည်း NLD ရုံးတွင်သာ တွေ့ဆုံရန် စီစဉ်ထားပါသည်ဟု ဒေါက်တာ အောင်မိုးညိုထံက သိရသည်။
NLD သည် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းရန် ပြည်နယ်များသို့ သွားရောက်ကာ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံ သည့် အစီအစဉ်ကို၂၀၂၁ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် စတင်ခဲ့သည်။
ဇန်နဝါရီ ၂ ရက်တွင် NLD ၏ ကိုယ်စားလှယ် ၃ ဦးက ကချင်ပြည်နယ်သို့ သွားကာ ကချင်ဒေသခံ ပါတီများမှ ရွေးကောက် ပွဲ ၏တွင် အနိုင်ရရှိထားသူများကို ခေါ်ယူတွေ့ဆုံခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးမြို့၌ တွေ့ဆုံရာတွင် NLD ရုံးတွင်သာ အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကချင်ပါတီများမှ အနိုင် ရ ကိုယ်စားလှယ်များကလည်း လာရောက် တွေ့ဆုံပြီး ၎င်းတို့ သဘောထားများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်ခရီးစဉ်တွင် NLD ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးရွှေမင်းက မြစ်ကြီးနားတွင် အစည်းအဝေး စီစဉ်စဉ်ကလည်း နေရာထိုင်ခင်းကို တတိယနေရာတွင် တွေ့ကြရန် ကချင် ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဘက်မှ တောင်းဆိုမှုရှိခဲ့သည်ဟု ပြောသည်။
ပထမအဆင့် မိတ်ဆက် ကဏ္ဍဟုသာ သဘောထားပြီး အစည်းအဝေးပျက်ပါက အရွေ့တခု မရွေ့မည်ကို စိုးရိမ်သဖြင့် အရွေ့တခုကို ရောက်စေရန် အဓိက ဦးတည်ပြီး NLD ရုံးတွင် သွားရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါသည်ဟု ဦးရွှေမင်းက ပြောသည်။
ဦးရွှေမင်းက “ကျနော် နားလည်တဲ့ နိုင်ငံရေးက အပေးအယူ၊ အလျှော့အတင်းဆိုတဲ့ မြန်မာစကားလုံးပေါ့၊ ဒီပေါ်မှာ လုပ်ပါ တယ်။ အရင်ပေးမယ်၊ နောက်မှယူမယ်။ အရင် လျှော့မယ်၊ နောက်မှ တင်းမယ်ပေါ့ဗျာ။ လျှော့လိုက်ရင် ကောင်းမယ်။ ဒါမှ သာ အရွေ့တခုကို ရောက်နိုင်မယ်လို့ တွေးပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။
ကယားပြည်နယ်တွင် ဆွေးနွေးပွဲ ပျက်သွားရခြင်းနှင့် ပတ်သက်၍ KySDP ၏ စိုးရိမ်မှု၊ တွေးခေါ်မှုများမှာ မှန်ကန်သည် ဟု ယူဆကြောင်း၊ တိုင်းရင်းသားများဘက်ကလည်း NLD က အသုံးချပြီး ၎င်းတို့ကို အမြတ်ထုတ်မည်ကို စိုးရိမ်မှုများ ရှိကြ သည်မှာလည်း အမှန်ဖြစ်ပါသည်ဟု ဦးရွှေမင်းက ဆိုသည်။
ဆက်လက်ပြီး ဦးရွှေမင်းက “အဓိက လုပ်ဖို့က ဒါကို တကယ်လုပ်မှာလား။ ဘယ်လောက်ထိရော ယုံကြည်အားကိုး ထိုက် သလဲဆိုတဲ့ ယုံကြည်မှုကိုတော့ NLD က ပေးဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် နိုင်ငံရေး အမြတ်တခု အနေနဲ့ တိုင်းရင်းသား တွေအပေါ် ကျနော်တို့က ပူးပေါင်းဆောင်ရွက်ပါမယ် ဆိုရင်တော့ ရှေ့ကိုသွားဖို့ တော်တော်လေး ခက်ပါလိမ့်မယ်။ တိုင်း ရင်းသားတွေ ယုံကြည်မှုကလည်း ပိုလျော့နည်းသွားနိုင်ပါတယ်”ဟုလည်း သုံးသပ်ပြောဆိုသည်။
ဇန်နဝါရီ ၄ ရက်ကလည်း NLD ၏ ဒုတိယခရီးစဉ်အဖြစ် မွန်ပြည်နယ်သို့ ထိုကိုယ်စားလှယ် ၃ ဦးက သွားရာ အစည်းအဝေး နေရာကို တတိယနေရာတွင် မပြုလုပ်ဘဲ NLD ရုံးတွင်သာ ချိန်းဆိုသဖြင့် မွန်အမျိုးသားပါတီ (MUP) က လာရောက် တွေ့ ဆုံခြင်း မလုပ်သဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ရသည်။
You may also like these stories:
NLD နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးရေး ဘယ်လို ဆက်သွားမလဲ
NLD နှင့် KySDP ပါတီ တွေ့ဆုံရန် နေရာညှိမရဘဲဖြစ်နေ