ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေအနီးရှိ ပင်လယ်ပြင်၌ ဖမ်းဆီးရမိသည့် ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ မွတ်စလင် ၇ ဦးအား ၎င်းတို့ မူလလာရောက်ခဲ့သောနေရာဖြစ်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယမန်နေ့က ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။
ချောင်းသာမြို့ ကျောက်မောင်နှမကမ်းခြေမှ ရေမိုင် ၅ မိုင်အကွာ ပင်လယ်ပြင်၌ ဇန်နဝါရီလ ၄ ရက် မနက်ပိုင်းက ရခိုင် ပြည်နယ်မှနိုင်ငံသား အထောက်အထားမဲ့ ဝင်ရောက်လာသူ မွတ်စလင် အမျိုးသား ၅ ဦး၊ အမျိုးသမီး၂ ဦးနှင့် မြန်မာ နိုင်ငံသား စက်လှေသမား ၅ ဦးတို့အား နယ်မြေခံ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ ပြီးနောက် ရခိုင်ပြည်နယ်မှ မွတ်စလင် ၇ ဦးကို အရေးယူခြင်း မရှိဘဲ နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “ဖမ်းမိတဲ့ ဘင်္ဂါလီတွေကို သူတို့ လာရောက်ခဲ့တဲ့ နေရပ်ကို မနေ့ကပဲ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ နိုင်ငံသား အထောက်အထားမဲ့ ဝင်ရောက်လာသူများကို ယခင်က သက်ဆိုင်ရာ မြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူးများက တရားလိုပြုလုပ်၍ ၁၉၄၉ ခုနှစ်၊ ပြည် ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေအရ အမှုဖွင့် တရားစွဲဆိုခဲ့သည်။
သို့သော် မြန်မာနိုင်ငံတွင် ကူးစက်မြန် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားခဲ့သည့်၂၀၂၀ မတ်လနောက်ပိုင်းတွင် နိုင်ငံသား အထောက်အထားမဲ့ ဝင်ရောက်လာသည့် ရခိုင်ပြည်နယ်မှ မွတ်စလင်များကို ဖမ်းမိပါက လဝကဌာနက အမှုဖွင့် တရား စွဲဆိုခြင်း မပြုတော့ဘဲ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၎င်းတို့လာရောက်ခဲ့သည့် ရခိုင်ပြည်နယ် သို့ ပြန်လည် ပို့ဆောင်မှုများ ပြုလုပ်ခဲ့ကြသည်။
ချောင်းသာ ကမ်းခြေတွင် ဇန်နဝါရီလ ၄ ရက်က ဖမ်းဆီးရမိသော မွတ်စလင် ၇ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင် ခဲ့သော်လည်း ၎င်းတို့အား ချောင်းသာကမ်းခြေသို့ လိုက်ပါပို့ဆောင်သူ စစ်တွေမြို့မှ မြန်မာနိုင်ငံသား စက်လှေသမား
၅ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၆၇ မှာ အပြင်းအထန် နာကျင်စေခြင်း (သို့မဟုတ်) ကျွန်ပြုခြင်း အတွက်လည်းကောင်း၊ ဓမ္မတာ အတိုင်း မဟုတ်သည့် တဏှာရာဂဒဏ်ကို ခံစေရန်အတွက်လည်းကောင်း မည်သူမဆို တဦးတယောက်သော သူအား ခိုးယူလျှင် ထိုသူကို ဆယ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ပုသိမ်မြို့နယ် ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက “ဘင်္ဂါလီတွေကို ၄ ရက်မှာ ဖမ်းမိပြီးတော့ ၅ ရက်မှာ ကို ဗစ် ပိုးရှိမရှိ စစ်ဆေးခဲ့ရာမှာ အားလုံးက Negative (ပိုးမရှိ) ဖြစ်ပါတယ်။ ဘင်္ဂါလီတွေကိုတော့ ပုသိမ်ကို လွဲှပေးခဲ့တယ်။ စက်လှေသမား ၅ ဦးကိုတော့ သက်ဆိုင်ရာဌာနတွေက ဖမ်းဆီးအရေးယူထားပါတယ်။ လက်ရှိမှာ ဘင်္ဂလီတွေ ထပ်ဝင် မလာနိုင်အောင် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ တပ်မတော်တို့ ပူးပေါင်းပြီးတော့ လှည့်ကင်းပတ်ကင်းတွေနဲ့ ပင်လယ် ဝင် ပေါက် ထွက်ပေါက်တွေကို စစ်ဆေးတာတွေ နေ့စဉ် ဆောင်ရွက်နေတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်သို့ ပင်လယ်ရေကြောင်းခရီးမှ ဝင်ရောက်လာသည့် ရခိုင်ပြည်နယ်မှ မွတ်စလင် ၄၂ ဦးကို ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်တွင် တပ်မတော်(ရေ)မှ ဖမ်းဆီးရမိခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက်တွင် ဧရာဝတီတိုင်းအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ ပူးပေါင်း၍ ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ရခိုင်မှလာသည့် အထောက်အထားမဲ့ ၆ ဦး သင်္ဃန်းကျွန်းတွင် ထပ်မံ ဖမ်းမိ
လူကုန်ကူးသည့် ဘုန်းကြီးကို ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေနေ
ရွှေပြည်သာတွင် ဖမ်းမိသည့် အထောက်အထားမဲ့ ၉၉ ဦးမှ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့