အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုအပတ်အတွင်း ခရီးစဉ်များ အားလုံး ဖျက်သိမ်းလိုက်ရာတွင် ကုမသဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ကယ်လီခရက်ဖ်ကို ထိုင်ဝမ်သို့ စေလွှတ်မည့် အစီအစဉ်လည်း ပါဝင်သွားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ အမျိုးသမီးက အင်္ဂါနေ့တွင် ပြောသည်။
ခရက်ဖ်သည် မူလက ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ ထိုင်ဝမ်သို့ သွားရောက်ရန် စီစဉ်ထားသောကြောင့် တရုတ်နိုင်ငံက ဝါရှင်တန်သည် မီးနှင့်ကစားနေကြောင်း သတိပေးခဲ့သည်။ သမ္မတသစ် ဂျိုးဘိုင်ဒင် အစိုးရသို့ အာဏာလွှဲပြောင်းပေးရန် သူကိုယ်တိုင် ဥရောပသို့ သွားမည့် ခရီးစဉ်အပါအဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြည်ပခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုက အင်္ဂါနေ့တွင်ပြောသည်။
သို့သော် လူဇင်းဘတ် နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပသမဂ္ဂ ထိပ်တန်းခေါင်းဆောင်များက ပွမ်ပီယိုအား ဥရောပခရီးစဉ်အတွင်း လက်ခံတွေ့ဆုံရန် ငြင်းဆန်ထားကြောင်း ဥရောပသံတမန်များနှင့် ထိိုကိစ္စကို သိရှိသော အခြားသူများက ပြောဆိုသည်။
ခရက်ဖ်၏ ထိုင်ဝမ်ခရီးသည် ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒင် ဇန်နဝါရီလ ၂၀ ရက်နေ့ ရာထူးလက်မခံမီ တရုတ်အပေါ် တင်းမာသော သဘောထား အခိုင်အမာ ချမှတ်ထားရန် ပွမ်ပီယိုနှင့် သမ္မတထရမ့်၏ ရီပါတ်ဗလစ်ကန် အစိုးရက အားထုတ်သည့် အစီအစဉ် တစိတ်တပိုင်းဖြစ်ပုံရသည်။
ထိုင်ဝမ်အစိုးရက ထိုဆုံးဖြတ်ချက်ကို နားလည်လေးစားသော်လည်း စိတ်မကောင်းဖြစ်ကြောင်းပြောသည်။
“ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ကယ်ခရက်ဖ်သည် စီစဉ်ထားသည့်အတိုင်း ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်ဝမ်သို့ သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကို ဦးမဆောင်နိုင်တော့ သောကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ဝမ်းနည်းသော်လည်း သံအမတ် ခရက်ဖ်ကို အနာဂတ် သင့်တော်သည့် အချိန်တွင် ကြိုဆိုနေမည်ဖြစ်သည်” ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကြေညာချက်တွင် ဖေါ်ပြထားသည်။
လာမည့်အပတ်တွင် ဘိုင်ဒင် သမ္မတရာထူးလွှဲပြောင်းသောအခါ ခရက်ဖ်သည် ရာထူးမှ နုတ်ထွက်ရမည်ဖြစ်သည်။
ထိုခရီးစဉ်ကို အခိုင်အမာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံက ပြောကြားထားသည်။ တရုတ်နှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးတွင် အနှောက်အယှက် အတားအဆီးများ ဖန်တီးခြင်းကို ရပ်ဆိုင်းရန် နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ် သံတမန်အဖွဲ့ ဝါရှင်တန်ကို တိုက်တွန်းထားသည်။
“တချို့လူတွေရဲ့ ရူးသွပ် မူမမှန်တဲ့ အပြုအမူတွေ ရပ်ဆိုင်းဖို့ အချိန်ကရောက်နေပြီ” ဟု တရုတ်ကိုယ်စားလှယ်က ပြောသည်။
သီးခြားကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်ဖြစ်ကြေညာထားသော ဘေ့ဂျင်းသည် ထရမ့်အစိုးရက အမေရိကန်အရာရှိများ စေလွှတ်ခြင်းအပါအဝင် ထိုင်ဝမ်အပေါ်ထောက်ခံမှု မြှင့်တင်ခြင်းကြောင့် ဒေါသထွက်နေပြီး တရုတ်-အမေရိကန်ဆက်ဆံရေး ပိုမိုတင်းမာလာသည်။ အမေရိကန်အရာရှိများနှင့် ထိုင်ဝမ်အရာရှိများအကြား အဆက်အသွယ်နှင့် ပတ်သက်သည့် ကန့်သတ်ချက်များကို ရုတ်သိမ်းကြောင်း ပွမ်ပီယိုက စနေနေ့တွင် ကြေညာခဲ့သည်။
အမေရိကန် ကျန်းမားရေးနှင့် လူမှုဝန်ဆောင်မှုဝန်ကြီး အဲလက်အဇာနှင့် အမေရိကန် စီးပွားရေး၊ ဖွံ့ဖြိုးမှု၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက်ဝန်ကြီး ကိတ်ခရပ်ချ် တို့ ထိုင်ဝမ်သို့ သွားရောက်သည့် ခရီးစဉ် ၂ ခုကြောင့် တရုတ်ဂျက်တိုက်လေယာဉ်များသည် သြဂုတ်နှင့် စက်တင်ဘာလများတွင် ထိုင်ဝမ်ကျွန်းသို့ အနီးကပ်ပျံသန်းမှုများ ပြုလုပ်ကြသည်။
အခြားနိုင်ငံများကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်နှင့် တရားဝင် သံတမန် ဆက်ဆံရေးမရှိသော်လည်း ထိုင်ဝမ်ကို အကြီးမားဆုံး ထောက်ခံသည့် နိုင်ငံနှင့် လက်နက်ရောင်းချသည့် နိုင်ငံဖြစ်သည်။ ၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေး ဥပဒေအရ ထိုင်ဝမ်ကျွန်းအနေဖြင့် ၎င်းကိုယ်၎င်းကာကွယ်ရာတွင် အကူအညီများပေးရန် အမေရိကန်ပြည်ထောင်စုက တာဝန်ရှိသည်ဟု ဆိုသည်။
ကိုးကား။ ။ Reuters
You may also like these stories:
သမ္မတ ကျမ်းကျိန်ပွဲမတိုင်မီ လက်နက်ကိုင်ပုန်ကန်မှု ဖြစ်နိုင်ဟု FBI သတိပေး
ထိုင်ဝမ်၏ရပ်တည်ချက် ဝါရှင်တန်ကို ဆိုင်းအင်ဝမ်း အခိုင်အမာ ပြောကြား
အာရှပစိဖိတ်၏ အနာဂတ်သည် တရုတ်မဟုတ်ဘဲ ထိုင်ဝမ်သာဖြစ်
နွေးထွေးလာသော ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးကြောင့် တရုတ်ခေါင်းကိုက်