ကရင်နယ်ခြားစောင့်တပ်(BGF)မှ အရာရှိများ အစုလိုက်အပြုံလိုက် နှုတ်ထွက်စာတင်မှုနှင့် ပတ်သက်ပြီး ပြန်လည် ညှိနှိုင်းဆွေးနွေးလျှက်ရှိရာတွင် အကောင်းဆုံအခြေအနေကို မျှော်လင့်ထားကြောင်း တပ်မတော်ဘက် ထုတ်ဖော် ပြောကြားလိုက်သည်။
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအပါအဝင် ဒေသတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်းနှင့် ဗိုလ်မှူး စောမုတ်သုန်တို့အား နှုတ်ထွက်ရန် ပြောကြား ပြီးနောက် ယခုကဲ့သို့ BGF အရာရှိ အများအပြား နှုတ်ထွက်စာတင်သည့်အထိ တင်းမာလာခဲ့ခြင်းဖြစ်သည်။
တပ်မတော်သတင်း ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်း က “ဒီနေ့တွေ့ဆုံ ညှိနှိုင်းနေဆဲပဲဖြစ်ပါတယ်။ တိုင်းမှူးထက် မြှင့်တဲ့အရာရှိအနေနဲ့ ဦးဆောင်ညှိနှိုင်းနေတာပါ။ အကောင်းဆုံးအခြေအနေ ဖြစ်မယ်လို့ပဲ မျှော်လင့်ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
BGF တပ်ဖွဲ့များအနေဖြင့် ၎င်းတို့ပြောခဲ့သည့်အတိုင်း ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော် နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအပေါ် တပ်မတော်က အသိအမှတ်ပြုထားကြောင်းနှင့် လက်ရှိအခြေအနေတွင် လမ်းလွှဲမရောက်ရှိရေးအတွက် လုပ်နည်းကိုင်နည်းမှားယွင်းနေသည့် ခေါင်းဆောင်အချို့အား သတိပေးခြင်းသာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
BGF တာဝန်ရှိသူအချို့၏ ပြောကြားချက်အရ တပ်မတော်စစ်ဘက်အရာရှိများနှင့် BGF ခေါင်းဆောင်များအကြား ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသ၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး တပ်မတော်ဘက်က အမှတ် ၄၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် BGF ခေါင်းဆောင်အချို့အား နှုတ်ထွက်ရန် ဖိအားပေးမှုသည် အဓိကအားဖြင့် ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်ရာ ရွှေကုက္ကိုမြိုင်ရှိ မြို့သစ်စီမံကိန်း အပါအဝင် ဒေသတွင်း ကာစီနိုလုပ်ငန်းများနှင့် ပတ်သက်နေပြီး စီမံကိန်းအား အစိုးရအဖွဲ့မှ စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ညွှန်ကြားမှုများပြုလုပ်ခဲ့ရာတွင် တပ်မတော်ဘက်မှလည်း ပတ်သက်မှုရှိခဲ့သည့် တပ်မတော်အရာရှိ ၃ ဦးအား အရေးယူသည့်အနေဖြင့် အငြိမ်းစားပေးခဲ့ ပြီးနောက် BGF တပ်ဖွဲ့ ခေါင်းဆောင် အချို့ကိုလည်း မိမိသဘောဖြင့် နှုတ်ထွက်စာတင်ရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က “တရားဝင်ခွင့် ပြုတာထက် ကျော်လွန်လုပ်နေတာတွေက မသင့်တော်ဘူးဆိုတာ ပြောခဲ့တာရှိတယ်။ ယူနီဖောင်း ဝတ်ပြီးတော့ မလုပ်နဲ့ တရားဝင်ကုမ္ပဏီထောင်ပြီးတော့ လုပ်ဆိုတာပြောခဲ့တယ်။ BGF ကတပ်မတော်ရဲ့ ကွပ်ကဲမှု အောက်မှာရှိတယ်။ တပ်မတော်က စစ်သင်တန်းတွေတက်ခဲ့ပြီး အတူတွဲပြီးလုပ်ခဲ့သူတွေဖြစ်တယ်။ စစ်စည်းကမ်းတွေကိုလည်း လိုက်နာဖို့ တာဝန်ရှိတယ်။ နားလည်မှုတွေ၊ လွဲမှားမှုတွေဖြစ်ခဲ့တယ်။ သူတို့လုပ်ဆောင်နေတာက နယ်စပ် နေရာမျိုးဖြစ်တယ်။ နှစ်ဖက်လုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ BGF ရဲ့ ဂုဏ်သိက္ခာရော၊ တပ်မတော်ဘက်မှာရှိ တဲ့ ကွပ်ကဲမှုဌာနချုပ်ရဲ့ ဂုဏ်သိက္ခာရော”ဟု ပြောသည်။
စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တပ်မတော်၏ သတိပေးမှုအပေါ် ဗိုလ်မှူးကြီးစောချစ်သူက ဒေသဖွံ့ဖြိုး ရေးနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ရပ်တည်ရေးအတွက် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောကြား ထားပြီး ၎င်းအနေဖြင့် ယူနီဖောင်းချွတ်ရန် မရှိသေးကြောင်းလည်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောထားသည်။
BGF တပ်မှူးဖြစ်သည့် ဗိုလ်မှူးစောမုတ်သုန်ကတော့ နှုတ်ထွက်စာတင်ခိုင်းမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်နေ့ က အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ သွားရောက်ကာ နှုတ်ထွက်စာလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
BGF တပ်ဖွဲ့ဝင်များအနေဖြင့်မူ ၎င်းတို့အပေါ် တပ်မတော်၏ ဖိအားပေးဆောင်ရွက်ချက်သည် ပြင်းထန်လွန်းပြီး လိုက်နာရန် ခက်ခဲသည့်အခြေအနေတွင် ခေါင်းဆောင်းများနှင့် အတူရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ယခုကဲ့သို့ အရာရှိ အများအပြား နှုတ်ထွက်စာတင်သည့်အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)၊ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက “ကျနော်ထင် တာကတော့ ပြဿနာ သိပ်ပြီးဆိုးဆိုးဝါးဝါး မဖြစ်နိုင်ပါဘူး။ BGF နဲ့ တိုက်ရိုက်ဖြစ်တဲ့ ပြဿနာလည်းမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရက တပ်မတော်ကို ခေါ်ပြောတဲ့အခါမှာ အရေးယူဆောင်ရွက်ခဲ့တာ တွေရှိတယ်။ အဲ့ဒီနောက်ပိုင်း BGF ဘက်က တာဝန်ရှိသူတချို့ကို လုပ်ထုံးလုပ်နည်းအရ လုပ်ပုံရပါတယ်။ ညှိနှိုင်း လို့ရှိရင်တော့ အဆင်ပြေသွားမှာပါ၊ ဒီလောက်ကြီးပြဿနာတော့ မကြီးနိုင်ပါဘူး” ဟု ပြောသည်။
မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ကျေးရွာရှိ မြို့သစ်စီမံကိန်းအား တရုတ်လုပ်ငန်းစု Yatai International ကုမ္ပဏီနှင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Yatai International ကုမ္ပဏီအမည်ဖြင့် ၂၀၁၇ ခုနှစ်က စတင်ကာ ဆောင်ရွက်နေခြင်းဖြစ်သည်။
စီမံကိန်းသည် အစိုးရတရားဝင် ခွင့်ပြုသည်ထက် ကျော်လွန်လုပ်ဆောင်မှုများကြောင့် ရပ်တန့်ထားရပြီး လောင်း ကစားနှင့် ငွေးကြေးခဝါချမှုကဲ့သို့ ရာဇဝတ်မကင်းသည့် တရုတ်ဂိုဏ်များနှင့် ပတ်သက်နေကြောင်း စွပ်စွဲမှုများ လည်းရှိနေသည်။
အစိုးရအနေဖြင့် ရွှေကုက္ကိုလ်မြိုင်ဒေသအား မြို့အဆင့်တိုးမြှင့်ကာ အစိုးရ အုပ်ချုပ်ရေးယန္တရာ အသက်ဝင်ရေး ဆောင်ရွက်လျှက်ရှိပြီး လက်ရှိ စီမံကိန်းနှင့် ပတ်သက်၍ အရေးယူခြင်း၊ ကုစားခြင်း၊ ဖျက်သိမ်းခြင်း အပိုင်းသုံးပိုင်းဖြင့် အပြီးအပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားသည်။
ဦးဇော်ဌေးက “ရွှေကုက္ကိုစီမံကိန်းနဲ့ ပတ်သက်လို့ ပြောရရင် နည်းနည်းလေးလည်း သိမ်မွေ့တယ်။ ပြီးရင် အရေးယူခြင်း၊ ကုစားခြင်း၊ ဖျက်သိမ်းခြင်းပေါ့နော်၊ ဒီသုံးပိုင်းနဲ့ လုပ်တဲ့အခါမှာ ဥပဒေနဲ့လည်း ညီရမယ်၊ ဒါတွေကိုတော့ စနစ်တကျလုပ်နေပါတယ်၊ အုပ်ချုပ်ရေးယန္တရား အသက်ဝင်အောင်တော့ ကျနော်တို့ တပ်နဲ့ ပေါင်းပြီးလုပ်နေတယ်။ အုပ်ချုပ်မှုအာဏာသက်ရောက်အောင်၊ စည်းနဲ့ ဘောင်နဲ့ ဥပဒေနဲ့အညီဖြစ်အောင်၊ ပြီးရင် လုပ်ထားတဲ့သူတွေလည်း မဆုံးရှုံးအောင် ဒါမျိုးတွေကျနော်တို့လုပ်နေတယ်”ဟု ပြောသည်။
လက်ရှိတွင် စီမံကိန်းတာဝန်ရှိသူများအနေဖြင့် ဥပဒေကျော်လွန်နေသည့် လုပ်ဆောင်ထားမှုများအား ဥပဒေနှင့် အညီ တရားဝင်ခွင့်ပြုချက်ရရှိရေး အစိုးရထံ တင်ပြကြိုးပမ်းလျှက်ရှိပြီး လာမည့်အစိုးရသစ်လက်ထက်တွင် စီမံကိန်းအား ဥပဒေနှင့်အညီ ပြန်လည်စတင်နိုင်ရေး မျှော်လင့်လျှက်ရှိကြောင်း သိရသည်။
You may also like these stories:
NLD ကိုယ်စားလှယ်အဖွဲ့နှင့် ကယန်းအမျိုးသားပါတီ တွေ့ဆုံဆွေးနွေး
NLD ရပ်/ကျေး အလုပ်အမှုဆောင်တဦး ဥပဒေမဲ့ ဖမ်းဆီးခံရ
4G အင်တာနက်လိုင်း ပြန်ဖွင့်ရန် ရခိုင်လွှတ်တော်၌ အဆိုတင်