သတင်း

နေရပ်စွန့်ခွာသူများ ပြန်လက်ခံရေးကိစ္စ ဘင်္ဂလားဒေ့ရှ်ကို မြန်မာသတိပေး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး ကိစ္စတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူများ အနေနှင့် စကားအမျိုးမျိုးမပြောဘဲ အလုပ်ဖြင့် သက်သေပြရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ပြောကြားသည်။

ဦးချမ်းအေးက သူတို့က အပြင်မှာ တယောက်ကို တမျိုးပြောနေတာတွေလည်း အားလုံးအသိပဲ။ ဘာတွေတောင်းဆိုပါ၊ ညာတွေတောင်းဆိုပါဆိုတာတွေက သဘောတူညီချက်ထဲမှာမပါတဲ့ဟာတွေ။ ပြန်လည်လက်ခံရေးကိစ္စနဲ့မဆိုင်ဘူးဟု ဧရာဝတီသို့ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်၍ နှစ်နိုင်ငံအကြား သဘောတူညီချက် ၃ ခု လက်မှတ်ရေးထိုးထားပြီး အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံက နေရပ်စွန့်ခွာသွားသူများကို ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ စီစစ်ကာ လက်ခံသွားမည်ဖြစ်ကြောင်းလည်း ရှင်းပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတာဝန်ရှိသူများအနေနှင့် သတင်းမီဒီယာများတွင် ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ မြန်မာဘက်ကို အပြစ်တင်သည့်သဘောမျိုးပြောဆိုနေပြီး လက်တွေ့ပိုင်းတွင် ဒုက္ခသည်များနေရပ်ပြန်ရေးနှင့် မသက်ဆိုင်သည့် အကြောင်းအရာများ တောင်းဆိုနေကြောင်း မြန်မာဘက်က ပြန်ရှင်းသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန် က မြန်မာနိုင်ငံအစိုးရထံသို့ နေရပ်စွန့်ခွာသူ ၈ သိန်းကျော်၏ အချက်အလက်အထောက်အထားများ ပေးပို့ထားသော်လည်း မြန်မာဘက်က ၄ သောင်း ၂ ထောင်ကျော်ကိုသာ စစ်ဆေးနိုင်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းမီဒီယာများသို့ ဇန်နဝါရီလ ၁၃ ရက်တွင် ပြောထားသည်။

မြန်မာဘက်က အချက်အလက်များ စီစစ်ရာတွင် နှေးကွေးလွန်းသည်ဟုလည်း ၎င်းက စွပ်စွဲဝေဖန်ထားသည်။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာထွက်ပြေးလာသူများကို ပြန်လည်လက်ခံခဲ့ဖူးသည့် သာဓကရှိခဲ့သည်ဖြစ်ရာ ယခုတခါတွင်လည်း ယခင်ကကဲ့သို့ ပြန်လည်လက်ခံလိမ့်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီး အဗ္ဗဒူမိုမန်က ပြောသည်။

အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်၍ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ၁၉၇၈ နှင့် ၁၉၉၂ ကာလတုန်းက ပြန်လည်လက်ခံရေးတွင် မပါဝင်ခဲ့သော အချက်များကို ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုနေသဖြင့် ပြန်လည်လက်ခံရေး နှောင့်နှေးနေရသည်ဟု တုံ့ပြန်သည်။

ဦးချမ်းအေးက နိုင်ငံသားဖြစ်မှ ပြန်ပို့ရမယ်ဆိုတာလည်း မပါဘူး။ သူတို့လုံခြုံရေးတွေ၊ သူတို့အပေါ်မှာ ချိုးဖောက်တယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူမှုတွေ ပြီးစီးမှ ဆိုတာမျိုးတွေ၊ သူတို့လုံခြုံရေးအတွက် အကာအကွယ် ပေးမယ့် အဖွဲ့တွေ လာထားရမယ် ဆိုတာတွေလည်း ဒီထဲမှာ မပါပါဘူး။ ဒါတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်ခံတယ်ဆိုရင် အဲဒီအတိုင်းပဲ သူတို့နဲ့ ကျနော်တို့ ဆွေးနွေးဖို့ပဲလိုတယ်ဟု ဆိုသည်။

သို့သော်လည်း တဖက်တွင် နေရပ်စွန့်ခွာသူများကို နိုင်ငံသားအဖြစ်ခွင့်ပြုပေးနိုင်ရေးအပါအဝင် ၎င်းတို့၏ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးကိစ္စများကို မြန်မာအစိုးရဘက်က သီးခြားဆောင်ရွက်ပေးနေကြောင်း ဦးချမ်းအေးက ပြောသည်။

၎င်းက ဒါတွေကျနော်တို့လုပ်ပေးဖို့ ကျနော်တို့ မှာတာဝန်ရှိတယ်။ ဒါတွေက သီးသန့်သွားမှာ။ အဓိက ပြောချင်တာက သူတို့ပြောတဲ့ဟာ ကျနော်တို့က လက်ခံပြီးသား။ သူတို့ပဲ ဒီဟာကို အမျိုးမျိုးမပြောဖို့ အရေးကြီးတယ်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား အပြန်အလှန် ပြောဆိုဝေဖန်မှုတွေရှိနေသော်လည်း လာမည့် ဇန်နဝါရီလ ၁၉ ရက်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ တွေ့ဆုံဆွေးနွေးကြရန် အစီအစဉ်ရှိနေသည်။

အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များလည်း ပါဝင်လာမည်ဖြစ်ကြောင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများက ပြောကြားထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည့် အစ္စလာမ်ဓမ္မဗိမာန်အကြီးအကဲ ဟာဂျီဦးအေးလွင်ကမူ သုံးနိုင်ငံကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြမည့် အစီအစဉ်ကို ကြိုဆိုလိုက်သည်။

ဟာဂျီဦးအေးလွင်က ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေတာထက်စာရင် တခုခုလှုပ်လာတာက ကျနော်တို့ ကြိုဆိုရမှာပဲ။ ဘယ်သူပဲလုပ်လုပ်ပေါ့။ ဒီလူတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာကို လူ့အခွင့်အရေးသိက္ခာရှိရှိ ပြန်သင့်တာတော့ကြာနေပြီဟု ဆိုသည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား တရားဝင်ပြန်လည်လက်ခံရန် ၂၀၁၈ ခုနှစ်မှ စတင်ကာ ၂ ကြိမ်ဆောင်ရွက်ခဲ့သော်လည်း ဒုက္ခသည်တယောက်မှ ရခိုင်ပြည်နယ်သို့ ပြန်မလာခဲ့ကြပေ။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်ရောဂါ စတင်တွေ့ရှိသည့် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ နှစ်နိုင်ငံ ဆောင်ရွက်နေသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးအစီအစဉ်သည် ရပ်ဆိုင်းသွားခြင်းဖြစ်ပြီး ၁ နှစ်ခန့် အကြာတွင်မှ ပြန်လည်စတင်ရန် ဆောင်ရွက်လာခြင်း ဖြစ်သည်။

ဒုက္ခသည်များအနေနှင့် ရခိုင်ပြည်နယ်ရှိ ၎င်းတို့ ဇာတိရွာများသို့ ပြန်လာချင်ကြသော်လည်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုသည် ရေရာသေချာမှုမရှိသေးသဖြင့် မလာကြသေးခြင်းဖြစ်ကြောင်း ဟာဂျီဦးအေးလွင်က ပြောသည်။

၎င်းက နောက်တခုက နယ်မြေအေးချမ်းရေးပေါ့။ ရုတ်တရက်ကြီး AA နဲ့တပ်မတော်နဲ့က အပစ်အခတ်တွေ ရပ်စဲသွားတယ်။ နိုင်ငံရေးအရ အဖြေတို့ ရေရှည်တည်တံမယ့် ငြိမ်းချမ်းရေးတို့ဆိုတာက အပစ်ရပ်ရုံနဲ့ မပြီးသေးဘူး။ ဒါတွေက ဘယ်အချိန်မှာ ထပစ်ကြမယ်မသိသေးဘူး။ အဲဒီလုံခြုံရေးကိစ္စလည်းပါပါတယ်ဟု မှတ်ချက်ပေးသည်။

လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေမှုအန္တရာယ်သည် မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ရှိနေသေးသည်ဖြစ်ရာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှတဆင့် တိကျသည့် သဘောတူညီချက်များ ရရှိခဲ့လျှင်ပင် နေရပ်စွန့်ခွာသူများ ပြန်လာရေးသည် လက်တွေ့တွင် မလွယ်ကူနိုင်သေးဟု ဦးအေးလွင်က သုံးသပ်သည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကလည်း နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေးအတွက်ဆိုပါက မြန်မာဘက်က ပြင်ဆင်ဆောင်ရွက်စရာ ကိစ္စများစွာရှိနေသည်ဟု ပြောဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှုအချို့ရှိနေသော်လည်း တွေ့ဆုံဆွေးနွေးပွဲတွင် တိကျသည့် နှစ်ဖက်သဘောတူညီမှုများ ပိုမိုရရှိလာပါက အခြေအနေတိုးတက်မှုရှိသည်ဟု ဆိုနိုင်ကြောင်း ပြောသည်။ ထို့အတူ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံပါဝင်လာခြင်းသည် နှစ်ဖက်သဘောတူညီမှုများ ရနိုင်ရေးအတွက် ပိုမို အဆင်ပြေချော့မွေ့လာစေမည်ဟု ဒေါက်တာ မင်းဇော်ဦးက သုံးသပ်သည်။

နှစ်ဖက်လုံးက လက်ခံတဲ့ Third Party ပါလာတာကတော့ ကောင်းတယ်။ သူက နှစ်နိုင်ငံလုံးနဲ့လည်း အဆင်ပြေတယ်။ ကုလသမဂ္ဂမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်လည်း ဖြစ်တယ်။ တရုတ်နိုင်ငံပါဝင်လာခြင်းအားဖြင့် ၂ နိုင်ငံ ဆွေးနွေးတဲ့နေရာမှာ ယုံကြည်မှုတည်ဆောက်ရေးအတွက် အားကောင်းနိုင်ပါတယ်ဟု ဒေါက်တာ မင်းဇော်ဦး က မှတ်ချက်ပေးသည်။

You may also like these stories:

4G အင်တာနက်လိုင်း ပြန်ဖွင့်ရန် ရခိုင်လွှတ်တော်၌ အဆိုတင်

တင်းမရွာသားတွေ ပျောက်ဆုံးနေမှု ဘယ်သူမှ တာဝန်မခံကြ

Did you find apk for android? You can find new Free Android Games and apps.
Loading