တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကရင်နယ်ခြားစောင့်တပ်(BGF) အရာရှိ တရာခန့် နုတ်ထွက်စာတင်မှု အား ပြန် ရုပ်သိမ်း မည်ဖြစ်ကြောင်း BGF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ပြောသည်။
BGF တာဝန်ရှိသူတဦးက “ကျနော်တို့အားလုံး (အစုလိုက်တင်တဲ့ကိစ္စ) နုတ်ထွက်စာတင်ထားတဲ့ဟာ ပြန်ရုပ်သိမ်း မယ်၊ စီးပွားရေးကဏ္ဍ သီးသန့်သွားမယ့်သူကတော့ နုတ်ထွက်မယ်ထင်ပါတယ်။ တဦးချင်းကိစ္စကတော့ လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ပြောသည်။
အစုလိုက် နုတ်ထွက်စာ တင်ထားမှုနှင့် ပတ်သက်ပြီး ပြန်လည်ရုပ်သိမ်း မည်ဖြစ်ကြောင်းကိုလည်း BGF ဗဟိုအ ကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကိုယ်တိုင် သတင်းမီဒီယာအချို့တွင် အတည်ပြုထားသည်ကိုတွေ့ရသည်။
ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကြောင့် BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး တင်ဝင်းနှင့် ဗိုလ်မှူးမုတ်သုန်တို့အား နုတ်ထွက်ရန်ဖိအားပေးမှုအပေါ် မျှတမှုမရှိဟုဆိုကာ နယ်ခြားစောင့်တပ်နယ် ၄ ခုမှ အရာရှိ၊ အရာခံများ ဇန်နဝါရီ ၁၄ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အစုလိုက်အပြုံလိုက် နှုတ် ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့က မြိုင်ကြီးငူဒေသတွင် တပ်မတော်ဘက်မှ အမှတ် ၄ ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး ဦးဆောင်သည့်အဖွဲ့နှင့် BGF ဘက်မှ ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ခေါင်းဆောင်ပိုင်းများ တွေ့ဆုံးဆွေးနွေးခဲ့ပြီး ညှိနှိုင်းသဘောတူညီမှု ရခဲ့ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။
BGF တပ်နယ် ၄၊ အမှတ် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန်ကတော့ နုတ်ထွက်ရန် ဖိအားပေးမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်နေ့ကတည်းက တဦးတည်း နှုတ်ထွက်စာတွင် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
ယခုကဲ့သို့ အစုလိုက်နုတ်ထွက်စာတင်မှုများ ပြန်လည်ရုပ်သိမ်း ခဲ့သော်လည်း မူလညွှန်ကြားချက်ဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး တင်ဝင်းနှင့် ဗိုလ်မှူးမုတ်သုန်တို့အား မိမိသဘောဆန္ဒဖြင့်နုတ်ထွက်ရန် ပြောကြား ထားမှုမှာ ဖျက်သိမ်းခြင်းမရှိသေးဘဲ ဆိုင်းငံ့ထားပြီး အချိန်တခုယူကာ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များက ပြောသည်။
ဗိုလ်မှူးကြီးစောချစ်သူ ထိန်းချုပ်သည့် ရွှေကုက္ကိုမြိုင်ရှိ တရုတ်လုပ်ငန်းစု၏ ရင်းနှီးမြုပ်နှံမှုဖြင့် မြို့သစ်စီမံကိန်း ဆောင်ရွက်လျှက်ရှိရာတွင် လောင်းကစားနှင့် ငွေကြေးခဝါချမှုကဲ့သို့ ရာဇဝတ်မကင်းသည့် တရုတ်မာဖီးယား ဂိုဏ်းများနှင့် ဆက်စပ်နေကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာမှ စွပ်စွဲဝေဖန်ခဲ့ကြပြီး အစိုးရခွင့်ပြုသည်ထက် ကျော်လွန် လုပ်ဆောင်မှုများကြောင့်လည်း စီမံကိန်းရပ်တန့်ထားရန် အစိုးရကညွှန်ကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အစိုးရ၏ စုံစမ်းရေးစတင်ပြီးနောက် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်မှုရှိခဲ့သည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်မှ အရာရှိ ၃ ဦးအား အရေးယူသည့်အနေဖြင့် တပ်မတော်က အငြိမ်းစားပေးခဲ့သည်။
ယင်းနောက်တွင် BGF ခေါင်းဆောင်များအနေဖြင့်လည်း စီးပွားရေးလုပ်ချင်ပါက တပ်မတော်က ထွက်ရန် သတိ ပေးခဲ့ပြီး BGF ခေါင်းဆောင် ၃ ဦးအား နုတ်ထွက်ရန် ဖိအားပေးရာမှ အစုလိုက်နုတ်ထွက်သည်အထိ တင်းမာလာခဲ့ ကြခြင်းဖြစ်သည်။
You may also like these stories:
BGF နှင့်တင်းမာမှုကို အကောင်းဆုံးအခြေအနေ မျှော်လင့်ကြောင်း တပ်မတော်ပြော
အငြင်းပွားဖွယ် တရုတ်မြို့သစ်နဲ့ ရွှေကုက္ကိုလ်ဒေသကို အစိုးရ ထိန်းချုပ်တော့မလား
ကရင် နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ အပြောင်းအလဲ ရှိမလား