နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေအား တပ်မတော် အရန်အင်အားသို့ ပို့ဆောင်လိုက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စခန်းမှူးရုံး စခန်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်ကို နေပြည်တော် တိုင်းမှူးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။
နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသူ ဗိုလ်ချုပ် ဇော်မျိုးတင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၂ မှ ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဗိုလ်မှူးကြီး ဇော်မျိုးတင်အဖြစ် ကယားပြည်နယ် လွှတ်တော်၏ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်နှင့် ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။
အသက် ၅၂ နှစ်ခန့် ရှိပြီ ဖြစ်သည့် ဗိုလ်ချုပ် ဇော်မျိုးတင်သည် လုံ/နယ် ဝန်ကြီး ဖြစ်ပြီးနောက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)တွင် ဒကစမှူး ဗိုလ်မှူးချုပ် ဖြစ်လာခဲ့သည်။ ထို့နောက် နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ဗိုလ်ချုပ် ရာထူးဖြင့် စခန်းမှူး ရာထူးဖြင့် ရောက်ရှိလာသူ ဖြစ်သည်။
တပ်မတော် အရန်အင်အားသို့ ရောက်ရှိသွားသူ လက်ရှိ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက် ရွှေသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၃ မှ ဖြစ်ပြီး ကမ်းရိုးတန်း ဒေသတိုင်း တိုင်းမှူးမှ နေပြည်တော် တိုင်းမှူး ဖြစ်လာသူ တဦး ဖြစ်သည်။
ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ၂၀၁၆ ခုနှစ် NLD အစိုးရ တက်ခါစတွင် စစ်ဦးစီး ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်လာသူတဦး ဖြစ်သည်။
၎င်းနေပြည်တော်သို့ တိုင်းမှူးအဖြစ် ရောက်ရှိလာသည့်အခါ ထိုစဉ်က နေပြည်တော်တိုင်းမှူးမှာ ဗိုလ်ချုပ် မြင့်မော်ဖြစ်ပြီး ဗိုလ်ချုပ် မြင့်မော်သည် ၂၀၂၀ ခုနှစ်၊ ဧပြီလက ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစား ယူသွားခဲ့သည်။
တပ်မတော် အရာရှိ ဟောင်းတဦးက“နေပြည်တော် တိုင်းမှူးက အရေးကြီးတော့ တပ်ချုပ်က သူယုံကြည်ရတဲ့သူမျိုးကိုပဲ ထားတာ။ စစ်ရုံးကလည်း နေပြည်တော်မှာပဲ ရှိတာကိုး။ အရင် စစ်ရုံးက ရန်ကုန်မှာ ရှိတုန်းကဆိုရင် ရန်ကုန်တိုင်းမှူးက အရေးကြီးတယ်။ အခု တိုင်းမှူး အပြောင်းအလဲမှာ ထူးခြားတာက စခန်းမှူးကို တိုင်းမှူးပေးတာပဲ။ အရင် ဒီလိုမျိုး သိပ် မရှိခဲ့ဘူး”ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် စစ်တိုင်းမှူးများကို မကြာခဏ ပြောင်း လဲ တာဝန်ပေးမှုများရှိပြီး တချို့ သော တိုင်းမှူးများမှာလည်း စစ်ရေး လိုအပ်ချက်နှင့် အညီ ပြောင်းလဲ တာဝန်ပေးခြင်း၊ တ ချို့မှာ အဂတိ လိုက်စားမှုများ၏ကြောင့် အရေးယူခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လကလည်း ရခိုင်ပြည်နယ်ကို အဓိက တာဝန်ယူရသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်ကို နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီးအဖြစ်သို့ ပြောင်းလဲတာဝန်ပေးအပ်ခဲ့သေးသည်။
လက်ရှိ တိုင်းမှူးများမှာ တောင်းပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း၊ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်ချုပ် မိုးမျိုးအောင်၊ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ၊ ကမ်းရိုးတန်း ဒေသတိုင်း တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ တြိဂံဒေသတိုင်း တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်တို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကလည်း ဒုတိယ ဗိုလ်ချုပ်ကြီးများ ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးတို့ကို တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခွင့် ပြုခဲ့သေးသည်။
You may also like these stories:
တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ
ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စစ်ဆင်ရေး အထူးအဖွဲ့ မှူး အဖြစ် ရာထူးတိုး
ရခိုင် စစ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဖြစ်လာ