သတင်း

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အဟန့်အတားများရှိနေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် အဆိုပြုလွှာ မူချော (Nomination Dossier- Complete) တင်သွင်းထားပြီး ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နယ်မြေလုံခြုံ ရေး ပြဿနာများကြောင့် နောက်ဆက်တွဲ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အဟန့်အတား ဖြစ်နေကြောင်း သိရသည်။

မြောက်ဦးဒေသနှင့် ပတ်သက်သည့် အဆိုပြုလွှာ မူကြမ်း (Nomination Dossier– Draft) ကို ၂၀၁၉ စက်တင်ဘာ၂၅ ရက်နှင့် အဆိုပြုလွှာ မူချောကို ၂၀၂၀ ဇန်နဝါရီ ၂၇ ရက်တို့တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ တင်သွင်းနိုင်ခဲ့သည်။

အဆိုပြုလွှာ မူချော တင်သွင်းပြီး ၁ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း နောက်ဆက်တွဲ ဖြစ်သည့် စီမံခန့်ခွဲမှု မူဘောင် (Management Plan) ဆိုင်ရာ ကိစ္စရပ်များ ကျန်နေသေးကြောင်း မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရေး ကြိုးပမ်းဆောင်ရွက်နေသူများက ပြောသည်။

ထို့ပြင် ၂၀၁၉ မတ်လကစပြီး မြောက်ဦးဒေသတွင် ရက္ခိုင်စစ်တပ် (AA) နှင့် တပ်မတော်ကြား ဖြစ်ပွားခဲ့သည့် လက်နက် ကိုင် ပဋိပက္ခများ၊ ၂၀၂၀ တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကြောင့် မြေပြင်ကွင်းဆင်းလေ့လာမှုများ မရှိတော့သလို ယူ နက်စကိုမှလည်း လာရောက် စစ်ဆေးမှုများ မပြုလုပ်နိုင်သေးကြောင်း သိရသည်။

မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “အချက်၂ ချက် ရှိပါတယ်။ ရခိုင်ပြည်နယ် ငြိမ်သက်မှုမရှိ ဆိုပြီးမှ လိုအပ်တဲ့ ပြည်တွင်း ပြည်ပ ပညာရှင်တွေ၊ ရန်ကုန်ကနေ၊ နေပြည်တော်ကနေ လာရ မယ့် ဝန်ထမ်းတွေကလည်း မလာနိုင်ဘူး။ နောက်တခုက ကိုဗစ် ပြဿနာ။ ဒါက တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကိစ္စ တွေ။ အဲဒီ နှစ်ခုသည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဝင်ရေး လုပ်ဆောင်ရာမှာ အဟန့်အတား ဖြစ်နေတယ်” ဟု ပြော သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်စဖြစ်သည့် အချိန်မှစ၍ သက်ဆိုင်ရာဌာနက ၎င်းတို့အား ခေါ်ယူခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ တဖက်မှ လုပ်ငန်းစဉ်များအား ချပြခြင်း စသဖြင့် ပူးပေါင်းဆောင်ရွက်မှု မရှိတော့ကြောင်း၊ ရှေး/သုဌာနကို မေးမြန်းသည့် အ ခါ ၎င်းတို့ ဆက်လက် ဆောင်ရွက်နေသည်ဟု ပြောဆိုကြောင်း လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ၎င်းက ရှင်းပြသည်။

ဒေါ်ခင်သန်းက “ပျက်စီးမှုနဲ့ ပျောက်ဆုံးမှုတွေက အရမ်းမြန်ပါတယ်။ အဲဒီအတွက်ကြောင့် နောင်လာနောက်သားတွေကို ရခိုင်သူ၊ ရခိုင်သားတွေ အပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသား၊ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေ အားလုံးကို ဒီနေရာမှာ ယဉ်ကျေးမှုကြီးတခု ထွန်းကားခဲ့ပါတယ်လို့ ပြောဖို့အတွက် သက်သေခံစရာ မြေကြီးပဲ ကျန်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်း၏ စိုးရိမ်မှုကို ပြောပြသည်။

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း နှစ်ဖက်တပ်ကြား ပစ်ခတ်နေမှုများကို ရပ်တန့်ပေးရန် ပြည်နယ် လွှတ် တော် ကိုယ်စားလှယ်တဦးက အဆိုတင်သွင်းခဲ့သလို ယဉ်ကျေးမှု အမွေအနှစ်များကို ရှောင်ရှားပေးရန်၊ ယင်း ဒေသအား စစ်မဲ့ဇုန်အဖြစ် ထားရှိပေးရန်လည်း အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များက တောင်းဆိုခဲ့သည်။

၂၀၁၈ နိုဝင်ဘာ ၈ ရက်မှစပြီး ရခိုင်ပြည်နယ်အတွင်း AA နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် ၂၀၂၀ နိုဝင်ဘာမှစ၍ နှစ်ဖက်တပ်ကြား အပစ်ရပ်ထားခဲ့ပြီး ယခုအခါ ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အတွက် ညှိနှိုင်းနေကြသည်။

လက်ရှိ အနေအထားအရ မြေပြင်တွင် လက်နက်ကိုင် ပဋိပက္ခများ တည်ငြိမ်သွားသည်ဟု ဆိုနိုင်သော်လည်း ကိုဗစ်အပြီးမှ သာ မြေပြင်ကွင်းဆင်းမှု လုပ်ငန်းများကို ပြန်လည် စတင်နိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲ၊ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

မြေပြင် ကွင်းဆင်းမှုများ မပြုလုပ်နိုင်သော်လည်း၂၀၂၀ အောက်တိုဘာလက စပြီး အွန်လိုင်းအစည်းအဝေးများ ပြုလုပ်ကာ မြောက်ဦးဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်လာသည့်အခါ မည်သို့ စီမံခန့်ခွဲပါမည် ဟူသည့် အပိုင်းများအတွက် ပြင်ဆင်နေသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း အစီအစဉ်၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်မှု၊ လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ၊ စစ်ဘေးရှောင် စခန်းများနှင့် ဆက်စပ်ပြီး ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အစီရင်ခံစာများကိုလည်း ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ဦးသန်းဇော်ဦးက “ICOMOS (နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ) က လာစစ်တဲ့ အခါမှာ မူလဟာနဲ့ တချို့လိုအပ်ချက်တွေ၊ မေးခွန်းတွေ ဖြစ်လာတဲ့အခါကျရင် ကျနော်တို့ဘက်ကလည်း ဒါနဲ့ပတ်သက်ပြီး အပြောင်းအလဲ၊ တိုးတက်မှု၊ ဆုတ်ယုတ်မှု ဖော်ပြဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာ အဲဒီ လုပ်ငန်းကြီးအားလုံး ပြန်လည် စတင်နိုင်ဖို့အတွက် ကျနော်နားလည်တာတော့ ကိုဗစ် After မှပဲ စနိုင်မယ့်သဘောပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင်၂၀၂၀ မတ် ၂၃ ရက်မှစပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိခဲ့ရာ ၂၀၂၁ ဇန်နဝါရီ ၁၇ ရက်တွင် ဆေးရုံ ဆေးခွင့်ရရှိသူ ၁၁၇,၆၆၃ ဦး အပါအဝင် ကိုဗစ် အတည်ပြုလူနာပေါင်း ၁၃၄,၃၁၈ ဦးနှင့် သေဆုံးလူနာ ၂,၉၅၅ ဦး ရှိပြီဖြစ် သည်။

ဒီဇင်ဘာ ၁၉ ရက်မှစ၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် တွေ့ရှိမှု အရေအတွက် ၁၀၀၀ အောက် လျော့ကျလာသော်လည်း လက်ရှိအချိန်ထိ နေ့စဉ် ကူးစက်မှုအသစ် ၅၀၀ နီးပါး ရှိနေသေးသည်။

မြန်မာနိုင်ငံတွင် ပျူရှေးဟောင်းမြို့များ ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများကို၂၀၁၄ ဇွန် ၂၂ ရက် တွင် လည်းကောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသကို၂၀၁၉ ဇူလိုင် ၆ ရက်တွင် လည်းကောင်း ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြု ခံရပြီးဖြစ်သလို မြောက်ဦးဒေသကိုလည်း မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် မျှော်မှန်းထားကြသည်။

You may also like these stories:

မြောက်ဦး ယဉ်ကျေးမှု နယ်မြေအတွင်း ကျူးကျော် နေထိုင်မှု များလာ ဟုဆို

မြောက်ဦးမြို့ စစ်ရှောင်စခန်းများကို တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ စစ်ဆေးမည်

ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာမှုများ ပြန်လည်တင်းကြပ်

ရှေးဟောင်းပစ္စည်းခိုးတူးခြင်းနှင့် တရားမဝင်ရောင်းခြင်းများ နှိမ်နင်းပေးရန် MAA တိုက်တွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading