လက်ပံတောင်းကြေးနီ စီမံကိန်းအတွင်း ကျရောက်နေသော်လည်း မြေယာလျော်ကြေးအပါအဝင် အငြင်းပွားမှုများကြောင့် နှစ်ပေါင်းများစွာ ကြန့်ကြာနေခဲ့သော ဆည်တည်းရွာ ပြောင်းရွှေ့ပေးရန်အတွက် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က “ဆည်တည်းရွာဟောင်းလည်း ရွှေ့ပေးဖို့။ ရွှေ့တဲ့ အခါမှာလည်း အခုပေးထားတဲ့နေရာကို မနေချင်ဘူးဆိုရင် နေရာသစ် တင်ပြတောင်းဆိုတာကိုလည်း ကုမ္ပဏီကို စိစစ်ပြီး ဆောင်ရွက်ဖို့ အစိုးရအဖွဲ့က ညှိနှိုင်းပြီးပြီ” ဟု ပြောသည်။
“သူတို့လိုက်လျောနိုင်တာတွေ လိုက်လျော၊ ညှိလိုက်တဲ့အခါ တောင်သူတွေကလည်း လက်ခံတယ်။ အခု မြေယာလျော် ကြေးတွေ ထုတ်ကြမယ်။ ရာခိုင်နှုန်းအတော်များများပေါ့။ ကျနော်တို့ အစိုးရလက်ထက်မှာ ညှိနှိုင်းရ အဆင်ပြေအောင်၊ ဖြစ်အောင် လုပ်ပေးချင်လို့ ကုမ္ပဏီဘက်ကိုလည်း သေချာညှိနှိုင်းပြီး ဆောင်ရွက်ပေးဖို့ ညှိနှိုင်းပေးထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြေယာလျော်ကြေးများကိုလည်း စတင်သိမ်းဆည်းသည့်နှစ်မှ စတင်ပြီး Back Date ဖြင့် ပြန်ပေးရန်အတွက် သဘော တူညီမှု ရရှိပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
မြေယာလျော်ကြေးများ Back Date ဖြင့် ပြန်ပေးမည့်ကိစ္စမှာ ညှိနှိုင်းထားပြီးသားကိစ္စဖြစ်ပြီး ငွေတန်ဖိုး ကျဆင်းမှုများကိုပါ ထည့်သွင်းညှိနှိုင်းလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောသည်။
ဒေါက်တာသိန်းနိုင်က “အစကတည်းကလည်း Back pay တွေနဲ့ ပြန်ပေးရင် ပြေလည်မယ်ဆိုတာ ရှိပြီးသားပါ။ Back pay ကိစ္စ ၂၀၁၃ ကတည်းက ပြန်ပေးရမှာ အဲဒါ ကိုလည်း ပြန်ပေးမယ်။ နောက်ငွေကိုလည်း ငွေနာတဲ့အတွက် အဲဒါကိုလည်း တိုးပေးမယ်။ ညှိတာတော့ ကြာပါပြီ ၅ နှစ်ညှိခဲ့ရတယ်” ဟု ဆိုသည်။
ဦးမြင့်ကြည်က “မြေယာလျော်ကြေးထုတ်ပြီးပြီဆိုရင်တော့ စီမံခန့်ခွဲမှုတွေနဲ့ သွားမှာပါ။ တဆင့်ချင်း သွားမှာပါ။ ဇန်နဝါရီလ လဆန်းပိုင်းမှာ ညှိနှိုင်းတာပါ။ အစိုးရအဖွဲ့ကတော့ စည်ပင်ဝန်ကြီးအဖွဲ့ ခေါင်းဆောင်လုပ်ပြီးတော့ နယ်လုံရယ်၊ လယ်ဆည် ဝန်ကြီး နဲ့ ကျန်တဲ့အဖွဲ့ အစည်းတွေနဲ့ ဒေသခံတွေကိုယ်စား လွှတ်တော်ကိုယ်စားလှယ်တွေ ပါပါတယ်”ဟု ပြောသည်။
လတ်တလောတွင် ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးသော်လည်း ဒေသခံများ လိုချင်သည့် မြေနေရာကို ကုမ္ပဏီဘက်မှ မဝယ်ယူပေးရသေးကြောင်းနှင့် အဆိုပါမြေနေရာ ဝယ်ယူပြီးပါက ပြောင်းရွှေ့ပေး မည်ဖြစ်ကြောင်း ဆည်တည်းရွာဒေသခံ တဦးက ပြောသည်။
“ကိုယ်ကြိုက်တဲ့နေရာကို ရရင် မြေယာလျော်ကြေးထုတ်ပြီးတော့ ရွာနေရာရွှေ့ပြောင်းပေးမယ်လို့ ပြောထားတယ်။ အခု လက်တွေ့ကုမ္ပဏီက ရွာနေရာ မဝယ်ရသေးတော့ ပြောင်းတော့ မပြောင်းရသေးဘူး” ဟု ၎င်းက ဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး မြေယာလျော်ကြေးအပါအဝင် ညှိနှိုင်းမှုများ မပြေလည်သဖြင့် ၂၀၁၂ ခုကတည်းက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုများ စတင်ခဲ့ခြင်းဖြစ်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်အစိုးရပိုင် သတ္တုတူးဖော်ရေး ကုမ္ပဏီတခု ဖြစ်သည့် ဝမ်ပေါင် သတ္တု တူးဖော်ရေး ကုမ္ပဏီပိုင် မြန်မာဝမ်ပေါင် ကြေးနီတူးဖော်ရေး ကုမ္ပဏီက လုပ်ကိုင်နေခြင်း ဖြစ်သည်။
၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ သတ္တုတွင်းဝန်ကြီးဌာန ကိုယ်စားပြု အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် အဆိုပါ ကြေးနီစီမံကိန်းကို ပူးတွဲလုပ်ငန်းကို လုပ်ကိုင်မည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာဝမ်ပေါင်တို့သည် ထုတ်လုပ်မှု အချိုးကျခွဲဝေ စာချုပ်ချုပ်ဆိုထားခဲ့သည်။
အဆိုပါစာချုပ် မွမ်းမံပြင်ဆင်ချက်ပါ အချက်များအရ ယင်းစီမံကိန်းမှ အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းကို မြန်မာအစိုးရက ရရှိမည်ဖြစ်ပြီး မြန်မာဝမ်ပေါင်နှင့် ဦးပိုင်လီမိတက်တို့က အကျိုးအမြတ် ၄၉ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုစီမံကိန်းသည် ဧကပေါင်း ၇,၈၀၀ ကျော် ကျယ်ဝန်းပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှစတင်ပြီး နှစ်ပေါင်း ၆၀ ကြာ လုပ်ကိုင်ခွင့်ရထားသည့် စီမံကိန်းလည်း ဖြစ်သည်။
မြန်မာဝမ်ပေါင်ကြေးနီတူးဖော်ရေးကုမ္ပဏီသည် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပင်မသတ္တုတွင်းကုမ္ပဏီတခုဖြစ်သော ဝမ်ပေါင်သတ္တုတူးဖော်ရေးကုမ္ပဏီက စတင်ဖွဲ့စည်း တည်ထောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။