ရန်ကုန်မြို့ရှိ အထင်ကရ အဆင့်မြင့်အိမ်ရာ နှင့် ဟိုတယ် စီမံကိန်းကြီးတခုဖြစ်သည့် Yoma Central မှ ရာနှင့်ချီသော ဆောက်လုပ်ရေးလုပ်သားများက လုပ်ခလစာ အပြည့်အဝ မရှိခြင်း နှင့် အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံနေ ရခြင်းကြောင့် ယနေ့ နေ့လည် ၁ နာရီမှ စတင်ကာ ထိုစီမံကိန်းရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကို ပိတ်ဆို့ကာ ဆန္ဒထုတ် ဖော်ခဲ့ကြသည်။
ထို Yoma Central စီမံကိန်းကို တည်ဆောက်နေသော ကန်ထရိုက်တာ BYMA (Bouygues Construction) သည် အလုပ်သမားများကို ပေးချေရန်သော လုပ်ခလစာများကို အပြည့်အဝ မပေးချေခြင်း၊ အစိုးရ၏ လူမှုဖူလုံရေး ထောက်ပံ့ကြေး ရရှိအောင် မလုပ်ဆောင်ပေးခြင်း၊ အလုပ်သမား၏ သဘော ဆန္ဒမပါဘဲ အလုပ်အချိန်ပိုများ အတင်းအဓမ္မဆင်းခိုင်းခြင်းနှင့် ကုမ္ပဏီဘက်က အလုပ်သမားများ အပေါ် ပေးထားသော အလုပ်သမားကတိကဝတ်များကို ပျက်ကွက်ခြင်းကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
BYMA (Bouygues Construction) သည် စင်ကာပူနိုင်ငံအခြေစိုက် Bouygues Construction ဆောက်လုပ်ရေးကုမ္ပဏီ နှင့် ပြည်တွင်းထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ ပိုင်ဆိုင်သော Yoma Strategic Holding ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် SPA Project Management တို့ ဖက်စပ်ထူထောင်ထားသည့် ကုမ္ပဏီဖြစ်သည်။
အလုပ်သမားခေါင်းဆောင်တဦးဖြစ်သည့် ဦးရဲခိုင်ဦးက “ ကျနော်တို့ရဲ့ ဒီဇင်ဘာလထဲက ကျန်တဲ့ လုပ်ခလစာ တပတ်စာကို အခုအချိန်ထိ မပေးသေးဘူး။ လူမှုဖူလုံကြေးတွေလည်း လတိုင်း ကျနော်တို့ဆီက ဖြတ်ပြီးတော့ အစိုးရက ပြန်ပြီး ထောက်ပံ့ကြေးထုတ်တဲ့ အချိန်မှာကျတော့ မရဘူး။ နောက်ပြီး အလုပ်စဝင်ကတည်းက ၆ လ ၁ နှစ်နေရင် လစာတိုးမယ်ဆိုပြီး အခုထိ ကျနော့်ကို ၅၀၀ ပဲ တိုးပေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သူသည် ထိုစီမံကိန်းတွင် ဆောက်လုပ်ရေးလုပ်သားခေါင်းဆောင်ရာထူးအဖြစ် ၂၀၁၉ ခုနှစ် ၈ ပိုင်းကတည်းက အလုပ်စဝင်ခဲ့ပြီး လက်ရှိ လုပ်ခလစာသည်လည်း ခေါင်းဆောင်တယောက်ကို ပေးရမည့် နှုန်းထားထက်နည်းသော တရက်လျှင် ကျပ် ၉၅၀၀ သာ ပေးချေလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
ထိုသို့ လစာအပြည့်အဝ မရှိခြင်း နှင့် အလုပ်ဝင်စဉ်က ကုမ္ပဏီဘက်က ပေးထားသော လစာနှုန်းထားတိုးပေးမည်ဆိုသည့် ကတိကဝတ်များကို ပျက်ကွက်ခံရေခြင်းသည် အဆိုပါ Yoma Central စီမံကိန်းတွင် အလုပ်လုပ်နေကြသော ဆောက်လုပ်ရေးလုပ်သား ၃၀၀၀ နီးပါး ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြဆောက်လုပ်ရေးလုပ်သားတဦးဖြစ်သည့် ကိုဇော်ဇော်အေးက “ သူတို့ ပိုက်ဆံရှင်းတာက ကြားထဲမှာ တပတ်စာလောက်က ဟနေတယ်။ အချိန်ပိုကြေးတွေဆိုရင်လည်း အလုပ်ဆင်းထားရတာ အတူတူကို ရတဲ့သူက ရတယ် မရတဲ့သူမရဘူးဖြစ်နေတယ်” ဟု ပြောသည်။
ထိုကိစ္စများနှင့် ပတ်သက်ပြီး လုပ်ငန်းခွင်အတွင်း၌ ကုမ္ပဏီနှင့် အကြိမ်ကြိမ် ညှိနှိုင်းပြောဆိုခဲ့သော်လည်း ကုမ္ပဏီဘက်က အလုပ်သမား ရပိုင်ခွင့်များကို ပျက်ကွက်နေဆဲဖြစ်သည့်အတွက် ဆန္ဒထွက်ပြရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
ကိုဇော်ဇော်အေးက “ အစိုးရက ကိုဗစ်ကြောင့် လူမှုဖူလုံရေးကြေးသွင်းထားတဲ့ အလုပ်သမားတွေကို ထောက်ပံ့ကြေး ပြန်ထုတ်ပေးရတာ နှစ်ကြိမ်ရှိနေပြီ ကျနော်တို့က တခေါက်မှ မရသေးဘူး။ ဒီကိစ္စကို ပြောလို့ရှိရင် ဟိုနေ့ရမယ် ဒီနေ့ရမယ်ဆိုပြီးပဲ ပြောနေတာ ဘယ်နေ့မှန်းကို သေချာမသိရဘူး ” ဟု ပြောဆိုသည်။
Yoma Central စီမံကိန်းမှ ဆောက်လုပ်ရေးလုပ်သား ရာနှင့်ချီသည် စီမံကိန်းရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကို ပိတ်ဆို့ ဆန္ဒပြခဲ့ခြင်းကြောင့် ထိုနေရာတွင် အချိန် ၁ နာရီခန့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိ သူများ နှင့် မြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများ၏ မေတ္တာရပ်ခံမှုကြောင့် အလုပ်သမားများက ယာဉ်လမ်းကြောင်း တခုကို ပြန်လည်ဖွင့်ပေးခဲ့သည်။
အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန၊ လူမှုဖူလုံရေးဌာနတာဝန်ခံ(ရန်ကုန်) ဦးထွန်းကြိုင်က “ လူမှုဖူလုံကြေး မရသေးတာက ကုမ္ပဏီဘက်က တင်ပြလာတဲ့ အချက်အလက်မစုံတဲ့အတွက် ကြန့်ကြာနေတာပါ။ အဓိကက ကုမ္ပဏီနဲ့ အလုပ်သမားတွေမှာ ပူးပေါင်းဆောင်ရွက် အားနည်းချက်တွေကြောင့်ဖြစ်နေတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုဆန္ဒပြမှု၌ အလုပ်သမားများ တောင်းဆိုခဲ့သော ကျန်ရှိသော လုပ်ခလစာနှင့် လူမှုဖူလုံရေး ထောက်ပံ့ကြေးကို လာမည့် ဇန်နဝါရီလ ၂၆ ရက်နေ့၌ ကုမ္ပဏီဘက်က အပြီးပေးချေသွားမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများ နှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့တွင် ကတိပေးပြောကြားခဲ့သည်။
ယင်းနောက် အလုပ်သမားများဘက် လိုက်လျောခဲ့ပြီး ဆန္ဒပြမှုကို ရုတ်သိမ်းပေးခဲ့သည်။
Yoma Central စီမံကိန်းရှိ တာဝါ ၃ ၏ ဆောက်လုပ်ရေးလုပ်သား ကိုမိုးကျော်က “ အချိန်ပိုဆင်းရတဲ့ ကိစ္စဆိုရင် ကျနော်တို့က အလုပ်ချိန် ၈ နာရီ ပြီး နောက်ထပ် ၂ နာရီဆင်းရတယ်။ အချိန်ပိုကြေးလည်း ပေးပါတယ် ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ တချို့ရက်တွေမှာ ကျနော်တို့ မိသားစုကိစ္စရှိလို့ရှိရင် ဒါကို မဆင်းချင်ရင် လွယ်လွယ်နဲ့ ခွင့်မရဘူး ” ဟု ပြောသည်။
ယင်းအပြင် အလုပ်စဝင်စဉ်က ကုမ္ပဏီဘက်က ၆ လ ပြည့်ပါက လုပ်ခလစာ တိုးပေးမည်ဟု ပြောကြားထားခဲ့သော်လည်း လက်ရှိ ၁ နှစ်နီးပါးအထိ စတင်ကာ ဝင်ရောက်ခဲ့သည့် လုပ်ခလစာနှုန်းထားအတိုင်းသာ ရရှိလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း၌လည်း အစိုးရ၏ ရုံးပိတ်ရက်ခံစားခွင့်များနှင့် ပတ်သက်ပြီး ကုမ္ပဏီကို ဆောက်လုပ်ရေးလုပ်သားများက ဆန္ဒပြခဲ့သေးသည်။
အဆိုပါ Yoma Central စီမံကိန်းကို ရိုးမအုပ်စု (Yoma Strategic Holdings)၊ ဟောင်ဟောင်နှင့် ရှန်ဟိုင်းဟိုတယ် The Hongkong and Shanghai Hotels Limited၊ ဂျပန်ကုမ္ပဏီများဖြစ်သော မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ မစ်ဆူဘီရှီ အိမ်ခြံမြေ အပြင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတကာငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့က ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
ထိုစီမံကိန်းတွင် အထပ်မြင့် Office Tower များ၊ အဆင့်မြင့် The Peninsula Residences နှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ ပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတခုဖြစ်သည်။
You may also like these stories:
ထိုင်းနိုင်ငံ ကိုဗစ်ဒုတိယလှိုင်းတွင် ခွဲခြားဆက်ဆံခံနေရသည့် မြန်မာလုပ်သားများ
လူမှုဖူလုံရေး အကျုံးမဝင် လုပ်သားများကို ထောက်ပံ့ကြေး စတင် ထုတ်ပေး
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖောင်လုပ်ငန်း ပြောင်းလဲလာမလား