သတင်း

မော်လမြိုင်ကျွန်းသို့ ဝင်လာသည့် အထောက်အထားမဲ့ မွတ်စလင် ၃၄ ဦး ထပ် ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်သို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မြန်မာနိုင်ငံသား အထောက် အထားမဲ့ မွတ်စလင် ၃၄ ဦး ဝင်ရောက်လာသည့်အတွက် ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ် သစ်ပုတ်ကျေးရွာအနီး ရာဇူဒိုင်မြစ်အတွင်း၌ ပလတ်စတစ်မိုးကာစများဖြင့် အလုံ ကာထား သည့် စက်လှေတစီးကို မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် ဒေသခံများက အုပ်ချုပ်ရေး တာဝန်ရှိသူများထံ သတင်းပို့ခဲ့ရာ နယ်မြေခံ ရဲတပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့စဉ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှလာသည့် မြန်မာစကား မပြောတတ်သော အထောက်အထားမဲ့ မွတ်စလင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂၄ ဦးတို့ကို တွေ့ရှိရ၍ ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက “ဘင်္ဂါလီတွေကို မနေ့က မနက်ပိုင်း က ဖမ်းဆီးရမိခဲ့တာပါ။ သူတို့ကို ပို့ခဲ့တဲ့ စက်လှေသမား ၃ ဦးက ထွက်ပြေးနေတဲ့အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက် နေပါတယ်။ ဘင်္ဂါလီတွေကိုတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေအနီးရှိ ပင်လယ်ပြင်၌ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ဝင်ရောက်လာသည့် အထောက်အထားမဲ့ မွတ်စလင် ၇ ဦးကို ဇန်နဝါရီ ၄ ရက်တွင် အုပ်ချုပ်ရေး တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ ပြီးနောက် အချိန် ၃ ပတ်ကာလအတွင်း မော်လမြိုင်ကျွန်းမြို့နယ်၌ အထောက်အထားမဲ့ မွတ်စလင် ၃၄ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ဖမ်းဆီးရမိသူ မွတ်စလင် ၃၄ ဦးကို သစ်ပုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကွာရန်တင်း ထားရှိ၍ ကူးစက်မြန် ကိုဗစ် – ၁၉ ရောဂါ ရှိမရှိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူ များက စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေယံထွန်းက “စက်လှေသမားတွေ က အဲဒီလူတွေကို စက်ပျက်တယ် ဆိုပြီး တပတ်ရိုက်ပြီးတော့ ဒီအတိုင်းထားခဲ့ပြီး ထွက်ပြေးသွားတာ။ ဒေသခံတွေရဲ့ သတင်းပို့ချက်အရ ဖမ်းမိခဲ့တာပါ။ အဲဒီလူတွေကို သစ်ပုတ်ကျေးရွာမှာ သီးခြားထားပြီးတော့ အစားအသောက်တွေ စီ စဉ်ပေးတာ ရှိတယ်။ လက်ရှိမှာ ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်” ဟု ပြောသည်။

 

ချောင်းသာကမ်းခြေတွင် ဇန်နဝါရီလ ၄ ရက်က ဖမ်းမိခဲ့သည့် ရခိုင်ပြည်နယ်မှ နိုင်ငံသား အထောက်အထားမဲ့ ဝင် ရောက်လာသူ မွတ်စလင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က အမှုဖွင့် တရားစွဲဆိုခြင်း မပြုဘဲ ဇန်နဝါရီ ၁၁ ရက်တွင် ၎င်းတို့ လာရောက်ခဲ့သည့် စစ်တွေမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ မြန်မာနိုင်ငံသား အထောက်အထားမဲ့ မွတ်စလင် ၁၀၆ ဦးအထိ ဝင်ရောက်လာခဲ့ပြီး ၎င်းတို့အား အစောပိုင်းတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက တရားလိုပြုလုပ်၍ အမှုဖွင့် တရားစွဲဆိုခဲ့သော်လည်း၂၀၂၀ နှစ်လယ်ပိုင်းတွင် အမှုများ ပိတ်သိမ်းကာ ၎င်းတို့ လာ ရောက်ခဲ့သည့် ရခိုင်ပြည်နယ်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

စစ်ဘေးရှောင် နေရပ်ပြန်ရေး တပ်စခန်းများ ရုပ်ပေးရန် ဆန္ဒထုတ်ဖော်

ရခိုင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရက နပခ တိုင်းမှူးထံ စာပို့

အစုလိုက် နုတ်ထွက်သည့် အစီအစဉ် BGF ပြန်ရုပ်သိမ်း

Did you find apk for android? You can find new Free Android Games and apps.
Loading