သတင်း

ကိုဗစ်ကာကွယ်ဆေး လာမည့်အပတ်အတွင်း မြန်မာသို့ ရောက်မည်

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ လာမည့် ရက်သတ္တပတ်အတွင်း ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “ကျမတို့ နိုင်ငံလည်း မကြာမီ ရှေ့သီ တင်းပတ် အတွင်းမှာ ရောက်ရှိဖို့ ရှိပါတယ်။ ကာကွယ်ဆေးတွေ ပို့တယ်ဆိုတာလည်း သူ့ရဲ့ အအေးလမ်းကြောင်း မပျက် ကာကွယ်ဆေး အာနိသင် ထက်မြက်မှု ရှိစေဖို့အတွက် အအေးလမ်းကြောင်းစနစ်တွေနဲ့ သေချာထုတ်ပိုးပြီး ပို့ရတာ ဖြစ်တဲ့ အတွက် တဆင့်ပြီး တဆင့် ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။ အချိန်တော့ ယူရပါတယ်” ဟု ပြောသည်

“သတင်းအရဆိုရင်တော့ ဘူတန်ကိုတော့ ကာကွယ်ဆေးတွေ ရောက်ရှိနေပြီလို့ ကျမတို့ တွေ့ရပါတယ်။ သူတို့ တဆင့်ပြီး တဆင့်တော့ ပို့ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အိန္ဒိယ အစိုးရကလည်း မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနှင့် မိတ်ဖက်နိုင်ငံများသို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ဇန်နဝါရီလ၂၀ ရက်မှ စတင်ပြီး ပေးပို့သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများက အိန္ဒိယက ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေးများ ထောက်ပံ့ရန် တောင်း ဆိုမှုများကို တုံ့ပြန်ရန်နှင့် ကိုဗစ်ရောဂါကူးစက်မှုကို တိုက်ဖျက်ရန် ဘူတန်၊ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရ်ှ၊ နီပေါ၊ မြန်မာနှင့် ဆေးရှဲလ်ကျွန်း စသည့် နိုင်ငံများကို ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ နီပေါ နိုင်ငံသို့ ပို့ဆောင်နေစဉ် (ဓာတ်ပုံ- Government of India)

ဒေါက်တာခင်ခင်ကြီးက “ ဒီကာကွယ်ဆေးတွေက ဘယ်လောက် ရောက်မယ် ဆိုတာတော့ မသိသေးပါဘူး။ ဒါ အိန္ဒိယ နိုင်ငံ အစိုးရရဲ့ထုတ်ပြန်ချက်အရပဲ သိရှိတာ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

အဆိုပါ ကာကွယ်ဆေးများ ရောက်ရှိလာပါက ကျန်းမာရေး ဝန်ထမ်းများနှင့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ် အိုများ စတင် ထိုးနှံမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံက သိရသည်။

“ကျမတို့ ဝယ်ထားတာပဲ ရောက်ရောက်၊ လက်ဆောင်ရောက်ရောက် ကာကွယ်ဆေးတွေ ရောက်ရှိလာပြီ ဆိုရင်တော့ သက်ဆိုင်ရာ လူအုပ်စုတွေကို အမြန်ဆုံး ထိုးနှံဖို့ ဇာတ်တိုက် လေ့ကျင့်ထားပြီ ဖြစ်တဲ့အတွက် အမြန်ဆုံးထိုးနှံမှာ ဖြစ်ပါ တယ်” ဟု ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

မြန်မာနိုင်ငံ အပါအဝင် မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါလ်နှင့် ဆေးရှဲလ် နိုင်ငံများသို့ ပို့ဆောင်နေသည့် ကိုဗစ် ကာကွယ် ဆေးများသည် ထောက်ပံ့ရေးအစီအစဉ်(လက်ဆောင်) အနေဖြင့် ပို့ဆောင်နေခြင်း ဖြစ်ကြောင်း အိန္ဒိယအစိုးရက နိုင်ငံတ ကာ မီဒီယာများသို့ ဖြေကြားထားသည်။

လက်ဆောင်ရရှိမည့် ကိုဗစ်ကာကွယ်ဆေးများအပြင် မြန်မာနိုင်ငံအနေဖြင့် လူ ၁၅ သန်းစာအတွက် COVID-19 ကူးစက် ရောဂါ ကာကွယ်ဆေးအား အိန္ဒိယနိုင်ငံမှ ဝယ်ယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယ ထိပ်တန်းဆေး ကုမ္ပဏီ တခုဖြစ်သည့် Serum Institute တို့ကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရေး နားလည်မှု စာချွန်လွှာအား ဒီဇင်ဘာလအတွင်း က Virtual ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ ဘူတန်နိုင်ငံသို့ ပို့ဆောင်နေစဉ် (ဓာတ်ပုံ- Government of India)

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ တွေ့ဆုံရာ၌ အစိုးရခြင်း G-to-G အစီအစဉ်ဖြင့် COVID-19 ကာကွယ် ဆေးရရှိမှု ဆွေးနွေးပြီးနောက် အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute မှ ဆေးဝယ်ယူရန် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Serum Institute ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးအနေဖြင့် အောက်စဖို့စ်တက္ကသိုလ်နှင့် AstraZeneca တို့ ပူးပေါင်း သုတေသန ပြုထားသည့် COVID-19 ကာကွယ်ဆေးအား ထုတ်လုပ်နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ယွမ် ၃ သန်း (ကျပ် သန်း ၆၀၀ ကျော်) တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးပေးသွား မည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၀ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောဆိုထားသည်။

မတ်လ၂၃ ရက်မှ ဇန်နဝါရီ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၅,၇၂၁ ဦး ရှိ နေပြီ ဖြစ်ကာ သေဆုံးသူ၂,၉၉၇ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၉,၃၁၄ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

ဖိလစ်ပိုင်မှာ Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေး

နော်ဝေမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးနောက် သက်ကြီးပိုင်း ၁၃ ဦး သေဆုံး

တရုတ်က ကိုဗစ်ကာကွယ်ဆေး ၃ သိန်းနှင့် ယွမ် ၃ သန်းတန် ဆေးပစ္စည်းများ ကူညီမည်

ပြည်ပနိုင်ငံမှ ပြန်ရောက်လာသူများကို ကိုဗစ် ဗီဇပြောင်းပိုး ရှိ/ မရှိ စစ်ဆေး

Loading