မကြာမီ ဖွဲ့စည်းတော့မည့် အစိုးရသစ်တွင် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရ အမတ်များထဲကသာ ခန့်အပ်ရန် ရာခိုင်နှုန်းများကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော် မြင့်မောင်က ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်က “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့ရမယ်ဆိုတော့ ဝန်ကြီးချုပ် ကတော့ ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဖြစ်ဖို့များပါတယ်။ အရင်တုန်းကလည်း ဒီအတိုင်းပါပဲ၊ ဒါက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားချက်ကိုပဲ ကျနော်တို့က သုံးတာ၊ ကျနော်တို့က ဇွတ်ယူတာမှ မဟုတ်ဘဲနဲ့” ဟု ပြော သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဝန်ကြီးချုပ်များအား နိုင်ငံသမ္မတကသာ အမည်စာရင်း တင်သွင်း ခန့်အပ်ပိုင်ခွင့်ရှိရာ ရွေးကောက်ပွဲ အနိုင်ရကာ ပြည်ထောင်စု အစိုးရ ဖွဲ့စည်းခွင့်ရသည့် ပါတီအနေဖြင့် စိတ်ကြိုက် ခန့်အပ်ပိုင်ခွင့် ရှိနေသည်။
ပြီးခဲ့သည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီ NLD ကပင် ပြိုင်ဘက်ပါတီများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် အတွက် အစိုးရအဖွဲ့ ဖွဲ့စည်းခွင့် ရရှိထားသည်။
ယင်းပြင် ပြည်ထောင်စုဝန်ကြီး ခန့်အပ်မည့်သူများနှင့် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ နေရာတို့အတွက် ခန့်အပ်မည့်သူများ ကိုလည်း ရွေးချယ်လျာထားပြီးပြီ ဖြစ်ကြောင်းလည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ပြီးခဲ့သည့် ရက်ပိုင်း အတွင်းပင် ထုတ်ဖော်ပြောထားပြီဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးများ အဆင့်တွင် တိုင်းရင်းသား နိုင်ငံရေးပါတီများထဲမှ ပါဝင်ဖွယ် ရှိမရှိနှင့် ပတ်သက်၍လည်း ပါဝင်ဖို့ များကြောင်း NLD ဘက်က ပြောခဲ့သည်။
ဒေါက်တာ ဇော်မြင့်မောင်က “သူတို့တတွေ ဝန်ကြီးတွေမှာ ပါလာမလား ဆိုတာတော့ ပြည်ထောင်စုအဆင့် ဆိုတာက တော့ ခုနပြောလိုက်တဲ့ တိုင်းရင်းသားတွေ မပါဘူး ဆိုတာက အရင်ကလည်း ပါခဲ့တာပဲ။အခုလည်း မပါဘူးလို့ မပြောနိုင် ဘူး၊ ပါဖို့က များမှာပါ။ များတယ်လို့ပဲ ပြောတာပါ။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို တိုင်းရင်းသား ပေးရမှာပေါ့နော်”ဟု ပြောဆိုသည်။
လက်ရှိတွင် NLD ပါတီမှ ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် လိုက်လံ၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင်လည်း အောင်မြင်သည် ဟု ပြောနိုင်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် ပူးပေါင်းဆောင်ရွက်မှုသည် တိုင်းပြည်အတွက် ကောင်းသည့် လက္ခဏာ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
သို့သော် ပါတီချင်း တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်များအတွင်း မွန်နှင့် ကယားပြည်နယ်မှ ပါတီများနှင့် ဆွေးနွေးရေးမှာ တွေ့ဆုံမည့်နေရာ ညှိနှိုင်း သဘောတူညီမှု မရခဲ့သည့်အတွက် ဆွေးနွေးနိုင်ခဲ့ခြင်းမရှိပေ။
ဒေါက်တာ ဇော်မြင့်မောင်က “ဘာပဲပြောပြော ဒီခရီးစဉ်က Good ပေါ့နော်။ ကျနော်တို့ ကမ်းလှမ်းလိုက်တဲ့ဟာက အောင် မြင်တယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ရှမ်းက ကောင်းကောင်း ကြိုဆိုပါတယ်၊ ကချင်က ကောင်းကောင်းကြို ဆိုပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုပေါ့။ ကယားတို့ ဘာတို့ဆိုတာလည်း အခက်အခဲလေး ရှိတာတခုပါ၊ နောက် နားလည် သွားရင်တော့ အောင်မြင်မယ်လို့ ကျနော် ထင်ပါတယ်။ တယောက်နဲ့တယောက် ပြန်ပြီး စကားပြောရင်တော့ ရမယ် ထင်ပါ တယ်” ဟု ပြောသည်။
NLD အနေဖြင့် နိုင်ငံရေး ကိစ္စရပ်များအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် မူဝါဒ ရှိသည့် အတွက် တိုင်းရင်းသားပါတီများနှင့် ဆက်လက် အဖြေရှာနိုင်မည်ဟုလည်း NLD ဘက်က ပြောသည်။
You may also like these stories:
အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး SNLD ဆွေးနွေး
NLD နှင့် KySDP တို့ နေရာညှိမရ၍ ဆွေးနွေးပွဲပျက်
ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို