ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အကြီးစား ကျောက်စိမ်းလုပ်ကွက်များကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံက သိရသည်။
၂၀၁၉ခုနှစ် ကျောက်မျက်ဥပဒေအရ ကျောက်စိမ်းလုပ်ကွက်များကို အလတ်စား ၅ ဧက လုပ်ကွက်၊ အသေးစား ၃ ဧက လုပ်ကွက်နှင့် လက်လုပ်လက်စား ၁ ဧက ဟူ၍ အစရှိသော လုပ်ကွက်များကိုသာ ခွင့်ပြုမည်ဖြစ်သည်။
လက်ရှိ ၂၀၂၁ ခုနှစ် ၇ လပိုင်းအထိ သက်တမ်း ရှိနေသေးသည့် ပုဂ္ဂလိက လုပ်ကွက် ၁၈၀ ကျော်နှင့် အကျိုးတူ လုပ်ကွက် ၃ ခုကိုသာ ဆက်လက် လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်သလို လတ်တလော မိုးတွင်းကာလနှင့် ကိုဗစ်ကြောင့် ၇လခန့်
ယာယီ ရပ်နား ထားရမှုနှင့် ပတ်သက်၍ အစားထိုးပေးသွားရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနမှ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ဧရာဝတီသို့ပြောသည်။
၎င်းက “၂၀၁၉ ဥပဒေက နည်းဥပဒေကလည်း မထွက်သေးတော့ အလတ်စားတွေလည်း လုပ်ကွက်မချပေးသေးဘူး။ လွှတ်တော်အသစ်မှာ နည်းဥပဒေ ထွက်လာပြီးတော့မှပဲ အသစ်ခေါ်တဲ့ ကိစ္စတွေ ဆက်လုပ်မှာပါ” ဟု ပြောသည်။
နည်းဥပဒေ မထွက်ရှိလာသေးသည့် ကာလတွင် လက်ရှိ သက်တမ်းကျန်ရှိသော လုပ်ကွက်များသာ ဆက်လက် လုပ် ကိုင်ခွင့် ပေးထားမည်ဖြစ်ပြီး အခြား လုပ်ကွက်အသစ်များကို ၂၀၁၉ ခုနှစ် ကျောက်မျက်ဥပဒေ၏ နည်းဥပဒေ ထွက်ရှိလာ မှသာ လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်သည်။
ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက “ဒီဒေသရဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စက ကျနော်အနေနဲ့ ပြောဖို့ခက်ပါတယ်။ ဥပဒေအတိုင်း ကုမ္ပဏီတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်း ပြီးတော့ အကောင်းဆုံး ဆောင်ရွက်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ယခင်ကာလကဲ့သို့ ၁ ဧက အကွက်များ ရာနှင့်ချီကာ ယူပြီး မလုပ်စေရန်၊ လုပ်ကွက် တကွက်နှင့် တကွက်ကြားတွင် မြေစာစွန့်ပစ်လမ်းထားရန် သတ်မှတ်ထားရန်၊ လက်ရှိ ကောက်ခံလျက်ရှိသော ကျောက်မျက်အခွန်ကို ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခြင်းနှင့် မြေစာပုံများမှ ရေမဆေးကျောက် ရှာဖွေသူများကိုလည်း တရားဝင်လက်လုပ် လက်စား အဖြစ် သတ်မှတ်ပေးပြီး စည်းကမ်းတကျ လုပ်ကိုင်နိုင်အောင် စီစဉ်ပေးမည့် ကိစ္စရပ်များလည်း ပါဝင်ကြောင်း သိရသည်။
ပွင့်လင်းမြင်သာမှု လူထုလှုပ်ရှားမှုအဖွဲ့ (Citizen Action for transparency) ၏ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက “ဒီဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေက ပိုပြီး အားကောင်းနေတယ်။ မငြိမ်းချမ်းတဲ့ဒေသ ဆိုတော့ အခွန်အကောက်ရော၊ ထုတ် လုပ်မှုရောအတွက် ဘယ်လိုမှ စာရင်းအတိအကျ ရနိုင်မှာ မဟုတ်ဘူး။ အစိုးရအနေနဲ့ ဘယ်လောက်ပဲ ထိန်းကျောင်းပြီး လုပ်ကွက်တွေ ပြန်ချပေးပေး ဒီလိုမျိုးတွေက ရှိနေဦးမှာပဲ” ဟု ဧရာဝတီသို့ မှတ်ချက်ပြုသည်။
အစိုးရအနေဖြင့်လည်း လုပ်ဆောင်ရာမှာ အကန့်အသတ်နှင့် အခက်အခဲများရှိပြီး ထိုဒေသသည် နှစ်ဖက် လက်နက်ကိုင် အချင်းချင်း နယ်မြေ အငြင်းပွားနေသည့် ဒေသမဟုတ်ခြင်း၊ စစ်တပ် ကျောထောက်နောက်ခံရှိသည့် ကျောက်မျက်ကုမ္ပဏီ များ လုပ်ငန်းလုပ်လျက် ရှိခြင်းကြောင့် မငြိမ်းချမ်းသည့် ဒေသဟု ပြောဆိုရန်လည်း ခက်ခဲကြောင်း ၎င်းက ပြောဆို သည်။
NLD အစိုးရ တက်လာပြီးနောက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်၊ ကျောက်စိမ်း ကျောက်မျက် သယံဇာတ တူးဖော်ထုတ်လုပ်မှု လျှော့ချရန်နှင့် ကျောက်စိမ်းကျောက်မျက်တူးဖော်မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် လုပ်ကွက်အသစ်များ ချထားပေးခြင်းနှင့် သက်တမ်းတိုးခြင်းများကို ယာယီရပ်ဆိုင်းခဲ့သည်။
ထိုသို့ အစိုးရအသစ်၏ မူဝါဒ အပြာင်းအလဲက စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်နေသော ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ ကို စည်းမဲ့ကမ်းမဲ့လုပ်ရပ်များ အလွန်အကျွံ ပိုဖြစ်စေအောင် တွန်းပို့ပေးသည့် အခြေအနေ ဖြစ်ခဲ့သည်။ လိုင်စင်ကုန်ခါနီး ကုမ္ပဏီများက မြေတူးမြေသယ် စက်ယန္တရားကြီးများ အမြောက်အမြားဖြင့် အကန့်အသတ်မဲ့ တူးဖော်ခဲ့ကြသည်ဟု သိရသည်။
ယင်းအခြေအနေများကြောင့် ပြီးခဲ့သည့်၂၀၂၀ ဇူလိုင် ၂ ရက်တွင် ဖားကန့်ဒေသတွင် မြေစာပုံ ပြိုကျသဖြင့် တနိုင်တပိုင် ရေမဆေးကျောက် ရှာဖွေသူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရသည်။
You may also like these stories:
ဖားကန့်ဒေသက ၅ နှစ်အတွင်း လူသေဆုံးမှုဖြစ်ရပ်များ
ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား