မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေးများ အနက်မှ နိုင်ငံတော်အဆင့် အရေးကြီး ပုဂ္ဂိုလ်များ အတွက် ခွဲတမ်း ကာကွယ်ဆေးများကို လာမည့် ဇန်နဝါရီလ ၂၇နှင့် ၂၈ ရက်များတွင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်တွင် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးများကို နေပြည်တော်ရှိ ကျန်းမာရေး ဝန်ထမ်း ၃ ထောင်ခန့်ကို အရင်ဆုံး ထိုးနှံပေးမည် ဖြစ်ပြီး ယင်း နောက်တွင် အရေးကြီးသည့် ပုဂ္ဂိုလ်များ၊ အစိုးရ ယန္တရား လည်ပတ်ရန် အရေးကြီးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ထိုး နှံပေးမည် ဖြစ်သည်။
ကျန်းမာရေး ဝန်ကြီးဌာနက သတင်းရင်းမြစ်တဦးက“ဒီလ ၂၆ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို စထိုးပေးမယ်။ ၂၇ နဲ့ ၂၈ မှာ သမ္မတ၊ အတိုင်ပင်ခံတို့ပါတဲ့ VIP ၊ VVIP တွေကို ထိုးပေးမယ်။ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးနားက သူနာပြုသင်တန်းကျောင်းမှာပါ။ ဒီနေ့ မနက်ပိုင်းကပဲ အဲဒီကျောင်းကို ကျန်းမာရေး ဒုတိယဝန်ကြီး ကိုယ်တိုင် သွား စစ်ပြီးသွားပါပြီ”ဟု ပြောသည်။
ယနေ့ နေ့လယ် ၂ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Air India လေကြောင်းလိုင်းဖြင့် ကိုဗစ်ကာကွယ်
ဆေး ၁ သန်းခွဲ ရောက်ရှိလာမည် ဖြစ်ပြီး ကာကွယ်ဆေး သဘောသဘာဝအရ လူ ၁ ယောက်လျှင် ၂ ကြိမ်ထိုးရမည် ဖြစ်၍ မြန်မာပြည်သူ ၇ သိန်းခွဲ ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံခွင့် ရရှိတော့မည် ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့်ဆေးမှာ အိန္ဒိယက အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca တို့ ပူးပေါင်း ထုတ် လုပ်သည့် Covishield ကာကွယ်ဆေး ဖြစ်ပြီး မြန်မာက သန်း ၃၀ ကို မှာယူထားပြီး ဖြစ်သလို ကုန်ကျငွေ၏ တဝက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကိုလည်း ပေးချေထားပြီး ဖြစ်သည်။
ကိုဗစ်ရောဂါပိုး ကာကွယ်ဆေးကို နိုင်ငံအကြီးအကဲများ၊ အစိုးရဝန်ထမ်းများကို ဦးစားပေးထိုးနှံရခြင်းမှာ နိုင်ငံ၏ ယန္တရား ပုံမှန်လည်ပတ်ရန် အဓိကကျသည့် အုပ်စုထဲတွင် ပါဝင်နေသလို နိုင်ငံပြန်လည် လည်ပတ်နိုင်မှသာ ပြည်သူလူထုလည်း သက်သာမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ညပိုင်းက မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှတဆင့် ပြောဆိုခဲ့သည်။
“ကျမတို့ အစိုးရအဖွဲ့ထဲက အဓိကကျတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ဆေး ထိုးပေးမှာပါ။ အဲလိုပြောတာ ကျမ နည်း နည်းတော့ အားနာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထဲမှာ ကျမကလည်း ပါနေတာကိုး။ ပါနေတယ်ဆိုတော့ ဒီဟာကို လည်း ပြည်သူတွေအနေနဲ့ နားလည်မှု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး အထိုးခံရမည့်သူများထဲတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ပြီး လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် တက်ရန် နေပြည်တော်သို့ ရောက်ရှိလာမည့် ကိုယ်စားလှယ်များ
ကို တစုတစည်းတည်း ထိုးနှံပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ကိုယ်စားလှယ်များကို ကာကွယ်ဆေး ထိုးနှံပေးမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြော ဆိုချက်အရ သိရှိရသော်လည်း တိကျသည့် ညွှန်ကြားချက် မရရှိသေးကြောင်း၊ ယခုအခါ နေပြည်တော်တွင် လွှတ်တော် တက်ရောက်ရန် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် တချု့ိက ပြောသည်။
ယခုလို ကာကွယ်ဆေး အထိုးခံပြီးသူများသည် ၂ ကြိမ်တိုင်တိုင် အထိုးခံရမည် ဖြစ်ပြီး ပထမအကြိမ် ထိုးနှံပြီး ၂၈ ရက် အကြာတွင် ထပ်မံ၍ ထိုးနှံရမည် ဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုသစ် နေ့စဉ် ၁၀၀၀ အောက် ကျဆင်းလျက်ရှိပြီး ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်၊ ည ၈ နာရီအချိန်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ၂၉၉၇ မှုနှင့် ပြန်လည်ကောင်းမွန်မှု ၁၁၉၃၁၄ အပါအဝင် ကူးစက်မှုပေါင်း ၁၃၅၇၂၁ မှု ရှိသည်။
You may also like these stories:
ဘာလဲဟဲ့ အလုံးစုံ လွှမ်းခြုံသည့် ကျန်းမာရေး စောင့်ရှောက်မှု
မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်
“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်”