သတင်း

လေကြောင်းရန် ကာကွယ်ရေး စက်လက်နက်များ ရုရှားက မြန်မာကို ရောင်းချပေးမည်

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်သို့ ၂ ရက်ကြာ လာရောက်ခဲ့သည့် ရှရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လေကြောင်းရန် ကာကွယ်ရေး စက်လက်နက်ပစ္စည်းများ ရောင်းချပေးမည် ဟု သဘောတူညီချက် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ရုရှားနိုင်ငံထုတ် Pantsir – S1 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်များ၊ Orlan – 10E မောင်းသူမဲ့ လေယာဉ်များ၊ ရေဒါများအား မြန်မာနိုင်ငံသို့ ရောင်းချသွားမည်ဟု ရုရှားသတင်းဌာနများတွင် ဖော်ပြလျက်ရှိရာ ယင်းအချက်အလက်များ မှာ မှန်ကန်ကြောင်း တပ်မတော်က အတည်ပြုသည်။

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက“စက်လက်နက်ပစ္စည်းနဲ့ ပတ်သက်လို့ကတော့ အဲဒီဟာတွေ လည်း ရရှိမှာ မှန်ပါတယ်။ ပြောနိုင်တာကတော့ စက်လက်နက်ပစ္စည်းနဲ့ ပတ်သက်ပြီး ရုရှားနဲ့ မြန်မာနဲ့က တပ်မတော် အဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ့ တပ်မတော်တွင် လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်ပြီး အဓိက စက်လက်နက် ပစ္စည်းများမှာ ရုရှား၏ နည်းပညာများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာ တပ်မတော်များတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် အားသာချက်များရှိရာ အမေရိကန် ပြည်ထောင်စု၏ တပ်မ
တော်သည် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် ထုတ်လုပ်မှုတွင် အကောင်းဆုံး အခြေအနေ၌ ရှိသကဲ့သို့ လေကြောင်း ရန် ကာကွယ်ရေးစနစ်တွင် ရုရှားနိုင်ငံသည် အကောင်းဆုံး ဖြစ်သည်ဟု စစ်ရေးလေ့လာသူများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်က မြန်မာနိုင်ငံသို့ အလုပ်သဘောရောက်ရှိလာသည့် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ၏ ခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ ဆုံခဲ့ပြီးနောက် အထက်ပါ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ရန်အတွက် သဘောတူညီမှု ရရှိခဲခြင်း ဖြစ်သည်။

ရုရှား ကာကွယ်ရေးဝန်ကြီးသည် ၎င်း၏ ၃ ကြိမ်မြောက် ခရီးစဉ်အတွင်း နေပြည်တော်ရှိ သူရဲကောင်း စစ်သည် ဗိမ္မာန်သို့ သွားရောက်ခဲ့ပြီးနောက် ပန်းခွေချခြင်း အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ရုရှားနိုင်ငံသို့ ရောက်ရှိစဉ်က ဒုတိယ ကမ္ဘာစစ် အထိမ်းအမှတ် ဆောက်လုပ်ခဲ့သည့် ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခြင်းမျိုး ရှိခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ၆ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှား ကာကွယ်ရေးဝန်ကြီးတို့သည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက် နည်းပညာပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များနှင့် လက်ရုံးတပ်ဖွဲ့များ၏ စွမ်းရည်တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်မှ သင်တန်းသား စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြန်မာ့တပ်မတော်မှ ဝယ်ယူမည့် ရုရှားနိုင်ငံထုတ် Pantsir – S1 လေကြောင်းရန် ကာကွယ်ရေး စက်လက်နက် (ဓာတ်ပုံ – CC BY-SA 4.0)

ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ MiG -29 တိုက်လေယာဉ် အစီး ၃၀၊ Yak 130 တိုက်လေယာဉ် ၁၂ စီး၊ Mi – 24 / Mi – 35P ရဟတ်ယာဉ် ၁၀ စီး၊ Su-30 SME တိုက်လေယာဉ် ၆ စီး၊ Pechora – 2M လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ သံချပ် ကာ ယာဉ်များ ရောင်းချပေးခဲ့ပြီး ဖြစ်သည်။

ရုရှားနိုင်ငံထုတ် MiG – 29 လေယာဉ်များကို မြန်မာ့တပ်မတော်တွင် ၂၀၀၁ ခုနှစ်မှ စတင်၍ အသုံးပြုလာနိုင်ခဲ့ပြီး ၂၀၁၂ ခု နှစ်တွင် MiG -29 လေယာဉ်များအား ထပ်မံအင်အားဖြည့်တင်းနိုင်ရန် အတွက် MiG-29 SE ၊ MiG-29 B နှင့် MiG-29 UB လေယာဉ်များအား ထပ်မံဝယ်ယူအသုံးပြုခဲ့သည်။ ထို့ပြင် အသုံးပြုနေသည့် MiG-29 လေယာဉ်များအား အဆင့်မြှင့်တင်ခဲ့ သည်။

“MiG – 29 က စဝယ်ကတည်းကဆိုရင် အစင်း ၃၀ လောက် ရှိတယ်။ အခု အသုံးပြုလို့ရတာက အစင်း ၂၀ လောက် ရှိ တယ်”ဟု စစ်ရေး လေ့လာနေသူတဦးက ပြောသည်။

MiG – 29 အပြင် ရုရှားနိုင်ငံမှ ဝယ်ယူထားသည် Yak – 130 ဘက်စုံသုံး တိုက်လေယာဉ်များသည်လည်း မဟာဗျူဟာ မြောက် စွမ်းဆောင်ရည်ရှိကြောင်း သိရသည်။

“အဲလို လေယာဉ်တွေက ဒီပြင့်နိုင်ငံကိုလည်း သွားတိုက်လို့ ရတယ်။ ဆိုလိုတာက မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ မိတ္ထီ လာလောက်ကနေ ဒီပြင့်နိုင်ငံကို သွားတိုက်လို့ရတယ်။ ပြန်လာလို့ ရတယ်”ဟု စစ်ရေး လေ့လာသူတဦးက ပြောသည်။

၂၀၁၇ ခုနှစ်မှ စတင်၍ အသုံးပြုခဲ့သည့် ရုရှားနိုင်ငံထုတ် Yak – 130 အပေါ့စား ဂျက်တိုက်လေယာဉ်များသည် မြန်မာ့ရေ၊ မြေ၊ ဝေဟင်နှင့် ကိုက်ညီသည့် အပေါ့စားတိုက် လေယာဉ်များ ဖြစ်ခဲ့သည်ဟု သိရသည်။

ရုရှားနိုင်ငံထုတ် Su – 30 ၆ စင်းသည်လည်း ယခုနှစ်ထဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည် ဖြစ်ရာ ရုရှားနိုင်ငံ၏ Sukhoi Aviation Corporation မှ ထုတ်လုပ်ပြီး ၁၉၉၆ မှ စတင်၍ ရုရှား လေတပ်တွင် အသုံးပြုခဲ့သည့် Su – 30 သည် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး လေကြောင်း အရေးသာမှုနှင့် မြေပြင်တိုက်ခိုက်ရေး တာဝန်များ ထမ်းဆောင်နိုင်သဖြင့် ကျော်ကြားသည်။

မျိုးကွဲပေါင်းများစွာ ထုတ်လုပ်ထားသော်လည်း Su -30K နှင့် Su – 30 MK တို့မှာ နာမည်ကြီးသည်။ ၂၀၁၅ ခုနှစ်က ဆီးရီးယား စစ်ပြေပြင်တွင် ရုရှား၏ Su – 30 အမျိုးအစား တိုက်လေယာဉ်များက အစွမ်းပြနိုင်ခဲ့သည်။

“Su – 30 က MiG – 29 ထက် ပိုမြင့်တယ်။ လက်နက်အင်အား တပ်ဆင်မှုရော ပိုမြင့်တယ်။ လေပေါ်မှာက ကြိုတင် မြင် နိုင်စွမ်းက အရေးပါတာ”ဟု စစ်ရေးလေ့လာသူတဦးက ပြောသည်။

You may also like these stories:

စစ်ဘေးရှောင် နေရပ်ပြန်ရေး တပ်စခန်းများ ရုပ်ပေးရန် ဆန္ဒထုတ်ဖော်

တပ်မတော်နေ့ အခမ်းအနားကို ကိုဗစ် စည်းမျဉ်းများနှင့်အညီ ကျင်းပမည်ဟု ဆို

နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်

Did you find apk for android? You can find new Free Android Games and apps.
Loading