ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ အယ်ဒီတာနှင့် သတင်း ထောက်တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် စစ်တွေ နယ်မြေရဲစခန်းတွင် တပ်မတော်မှ အမှုဖွင့်ထားသည်။
အမှုဖွင့်ခံထားရသူ ၂ ဦးမှာ DMG သတင်းဌာန၏ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ် တို့ဖြစ်ကြပြီး ကျောက်တော်မြို့နယ် မာလာရွာသား စစ်ဘေးရှောင်နေစဉ် ရွာတွင်ကျန်ခဲ့သည့် စပါးများကို တပ်မတော် သားအချို့က ယူဆောင်ခဲ့သည်ဆိုသော သတင်းနှင့် ပတ်သက်ပြီး အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။
DMG သတင်းဌာနမှ အမှုဖွင့်ခံထားရသူ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံက “နှင်းနွယ်ရေးတဲ့ သတင်း အကြောင်း အရာက မာလာကျေးရွာက စပါးတွေကို တပ်မတော်သားတချို့က ယူဆောင်သွားတယ်လို့ ရွာသားတွေပြောတာကို ရေးတာ။ ဒါကို ဟိုဘက်ကို ဆက်သွယ်ဖို့ ကျနော်တို့ကြိုးစားခဲ့တယ်။ ဆက်သွယ်လို့မရခဲ့ဘူး။ နယ်လုံဝန်ကြီးရော၊ တပ်မတော်ဘက်၊ ပြည်နယ်အစိုးရကိုလည်း ဆက်သွယ်ဖို့ကြိုးစားခဲ့တယ်။ အဓိက တပ်နဲ့ပတ်သက်တဲ့ သတင်းကို ရေးလို့ အမှုဖွင့်တာပေါ့ ” ဟု ဧရာဝတီကို ပြောသည်။
ယင်းသို့ အမှုဖွင့်ခံထားရသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ်ကို အတိအကျ မသိရသေး ကြောင်း နှင့် သက်ဆိုင်ရာ အာဏာပိုင်များကလည်း ၎င်းတို့ထံသို့ ယနေ့အထိ တစုံတရာ အကြောင်းကြားလာခြင်း မရှိသေး ကြောင်း ကိုနေဝင်းစံက ဆိုသည်။
သတင်းထောက် ၂ ဦးကို တပ်မတော်က တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စစ်တွေနယ်မြေ ရဲစခန်းတွင် ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း ယင်းစခန်းမှူး ရဲအုပ် သိန်းထိုက် ဧရာဝတီသို့ အတည်ပြုပြောသည်။
သို့သော်လည်း တရာလိုမည်သူ၊ မည့်သည့်အကြောင်းအရာစသည့် အသေးစိတ် အချက်အလက်များကို ဖြေကြား ခြင်းမရှိပေ။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်သိရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချူပ်ဇော်မင်းထွန်းတို့ကို ဧရာဝတီက ဆက်သွယ်ခဲ့ သော်လည်း အဆက်အသွယ်မရခဲ့ပါ။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က “ ကျောက်တော်မြို့နယ်၊ မာလာ (ရခိုင်) ကျေးရွာတွင် ရွာသားများ စစ်ဘေး ရှောင် နေကြချိန် ကျေးရွာအနီးတောင်တန်းတွင် ယာယီတပ်စွဲနေထိုင်ကြသော တပ်မတော်သားများမှ စပါးတောင်း (၇၀၀) ကို ယူဆောင်သွားသည် ” ဟု ကျေးရွာသားများ ပြောကြားချက်ကို DMG သတင်းဌာနတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ထိုသတင်းဖော်ပြရာတွင် ရွာသားများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တပ်မတော်ဘက်ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ဖြစ်ကြောင်း၊ ယခုလို အမှုဖွင့်ခံရမှုမှာ တပ်နှင့်ပတ်သက်သည့် ရခိုင် သတင်းများကို မရေးဝံ့အောင် ပြုလုပ်ရာရောက်ကြောင်းနှင့် ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း DMG က ပြောသည်။
ကိုနေဝင်းစံက “ ရှေ့ဆက် သတင်းလုပ်ငန်းတွေကို တွန့်ဆုတ်သွားအောင် လုပ်တာ။ ဒီကိစ္စဟာ ရခိုင် ဒေသအခြေစိုက် သတင်းတိုက်တွေကို မရေးဝံ့အောင် လုပ်ဆောင်လိုက်တာလည်းဖြစ်တယ်” ဟု ဆိုသည်။
DMG သတင်းဌာနသည် ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး၊ စစ်ရေးပဋိပက္ခသတင်းများ အပါဝင် ဒေသတွင်း ဖြစ်စဉ် သတင်းများကို အချိန်နှင့် တပြေးညီ ရေးသားဖော်ပြနေသည့် သတင်းဌာန တခုဖြစ်ပြီး စစ်ရေးပဋိပက္ခ သတင်းများ ဖော်ပြမှုကြောင့် DMG သတင်းဌာန၏ ဝက်ဘ်ဆိုက်မှာ ပြီးခဲ့သည့် မတ်လအတွင်းမှ စပြီး ယနေ့အချိန်ထိ မိုလ်ဘိုင်း ဒေတာများမှ ဝင်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားခြင်းခံနေရသည်ဟု သိရသည်။
ထို့အပြင် အယ်ဒီတာချုပ် ဦးအောင်မင်းဦးမှာလည်း ၂၀၁၉ ခုနှစ် မေလက သတင်းတပ်ဖွဲ့(SB)မှ တရားလိုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခြင်းကို ခံထားရသည့်အတွက် လက်ရှိတွင် တိမ်းရှောင်နေသည်။
အလားတူ DMG သတင်းဌာန၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့က မောင်တောဒေသရှိ တံတားပျက်စီးနေမှု သတင်းကို ဖော်ပြမှုနှင့် ပတ်သက်ပြီး လမ်း တံတားဦးစီးဌာနက တရားလိုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မောင်တော မြို့မရဲစခန်းမှာ အမှုဖွင့်ခံထားခြင်းခံနေရသည်။