တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများကြောင့် ဝါရှင်တန်တွင် စိုးရိမ်ပူပန်မှုများဖြစ်နေစဉ် ယူအက်စ်အက်စ် သီရိုဒို ရုစဗဲ့လ် ဦးဆောင်သည့် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုသည် “ပင်လယ်များ လွတ်လပ်ရေး”ကို မြှင့်တင်ရန် တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာကြောင်း အမေရိကန် စစ်ဘက်က တနင်္ဂနွေနေ့တွင်ကြေညာသည်။
ထိုင်ဝမ်၏ ပရာတက်ကျွန်းစု အနီး လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်အများအပြား ဝင်ရောက်လာပြီးနောက် ထိုတိုက်ခိုက်ရေးအုပ်စုသည် တောင်တရုတ်ပင်လယ်သို့ စနေနေ့တွင် ဝင်ရောက်လာကြောင်း အမေရိကန် အင်ဒိုပိစိဖိတ် စစ်ဌာနချုပ်က ကြေညာသည်။
အစိတ်အပိုင်းအများစုကို တရုတ်နိုင်ငံက ပိုင်နက်အဖြစ်ကြေညာထားသည့် တောင်တရုတ်ပင်လယ်တွင် ထိုလေယာဉ်တင် သင်္ဘောအုပ်စုသည် ပင်လယ်ပြင် လွတ်လပ်ရေး၊ ရေကြောင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေးအတွက် ရှိနေကြောင်း အမေရိကန် စစ်ဖက်ကကြေညာသည်။
“ကျနော့်ရဲ့လုပ်သက် နှစ် ၃၀ အတွင်း ဒီရေပိုင်နက်ကိုဖြတ်သန်းပြီးတော့ ပင်လယ်ပြင်လွတ်လပ်ရေး၊ မဟာမိတ်တွေကို အာမခံချက်ပေးရေးပုံမှန် စစ်ဆင်ရေးအတွက် တောင်တရုတ်ပင်လယ်ကို ပြန်ရောက်ရတာ ဝမ်းသာဂုဏ်ယူစရာပဲ” ဟု ထိုတိုက်ခိုက်ရေးအုပ်စုတပ်မှူး ရေတပ် ဒုတိယဗ်ိုလ်ချုပ်ကြီး ဒေါက် ဗာရစ်စီမိုကပြောသည်။
“ကမ္ဘာ့ကုန်သွယ်ရေးရဲ့ သုံးပုံနှစ်ပုံက ဒီအရေးပါတဲ့ ဒေသကို ဖြတ်သန်းနေတော့ ကျနော်တို့က ဖိအားပေးပြီး ကျနော်တို့ကို ကြွယ်ဝချမ်းသာစေတဲ့ စည်းမျဉ်းအခြေပြု စနစ်ဆက်လက်အားပေးဖို့ အရေးကြီးတယ်” ဟု ဗာရစ်စီမို က ကြေညာချက်တစောင်တွင်ပြောသည်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုပြီး ရက်ပိုင်းအတွင်း ထိုကြေညာချက်ထွက်လာသည်။
တရုတ်န်ိုင်ငံသည် အမေရိကန်ပြည်ထောင်စုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ကို သံသယဝင်စရာမလိုကြောင်း ဘိုင်ဒင်က အမည်စာရင်းတင်သွင်းထားသည့် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က အထက်လွှတ်တော် ရာထူးအတည်ပြုရန်ကြားနာစဉ် ပြောခဲ့သည်။
တရုတ်နိုင်ငံသည် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်သည်ဟု ကြေညာထားသော တောင်တရုတ်ပင်လယ်မှ ၎င်းတို့သိမ်းပိုက်ထားသော ကျွန်းများအနီး အမေရိကန်ရေတပ် ရောက်လာခြင်းကို အကြိမ်ကြိမ်ဆန့်ကျင်သည်။
သီရိုဒို ရုစဗဲ့လ် နှင့်အတူ တီကွန်ဒါဂိုရာအတန်းအစား လမ်းညွှန်ဒုံးကျည်တင် ခရုဇာသင်္ဘော ဘန်ကာဟေးနှင့် ဒုံးကျည်လမ်းညွှန် ဖျက်သင်္ဘောများဖြစ်သော ယူအက်စ်အက်စ် ရပ်ဆယ်နှင့် ယူအက်စ်စ် ဂျွန်ဖင်းတို့က ဝိုင်းရံလိုက်ပါကြောင်း အမေရိကန်ကြေညာချက်က ဆိုသည်။
တရုတ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေပြု လွှတ်တော်ဖြစ်သော နိုင်ငံလုံးဆိုင်ရာကွန်ဂရက်ကလည်း တရုတ်ကမ်းခြေစောင့်တပ်အနေဖြင့် မည်သည့် ပြည်ပသင်္ဘောကို မဆို ပစ်ခတ်ရန် ကမ်းခြေစောင့်တပ်အား အခွင့်အာဏာပေးသည့် ဥပဒေကို ထုတ်ပြန်ထားသည်။
ထိုဥပဒေသည် နိုင်ငံတကာလုပ်ထုံးလုပ်နည်းအတိုင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဟွာချန်ယင်းပြောသည်။
ကိုးကား။ ။ Reuters, South China Morning Post
You may also like these stories:
နိုင်ငံ့အကျပ်အတည်းက ဘိုင်ဒင်အတွက် ဖိအားကြီးမားနေ
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်၏ ထိုင်ဝမ်ခရီးစဉ် ဖျက်သိမ်း
နွေးထွေးလာသော ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးကြောင့် တရုတ်ခေါင်းကိုက်