သတင်း

မြန်မာသင်္ဘောသားများ ပြန်လွှတ်ပေးရေး အီရန်ဘက်က တိကျသည့် အဖြေမပေး

မြန်မာသင်္ဘောသား ၁၁ ဦးအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသော သင်္ဘောသား ၂၀ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အီရန်နိုင်ငံအစိုးရထံ တောင်းဆိုထားသော်လည်း အီရန်ဘက်က တိကျသည့် အဖြေမပေးသေးကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှသိရသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဒီနေ့ပဲ ကျနော် နယူးဒေလီ မြန်မာသံရုံးက သံမှူးကြီးနဲ့ ဖုန်းပြောဖြစ်တယ်။ သူတို့ဘက်ကတော့ အီရန်သံရုံးနဲ့ မပြတ်ဆက်သွယ်နေတယ်။ ဒါပေမယ့် အီရန်ဘက်ကတော့ တိုးတက်မှု တစုံတရာမရသေးဘူးဟု ဧရာဝတီသို့ပြောကြားသည်။ 

အီရန်နိုင်ငံအား ပူးတွဲတာဝန်ယူထားသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်က နယူးဒေလီမြို့ရှိ အီရန်သံရုံးသို့ သွားရောက်၍ မြန်မာသင်္ဘောသားများ ပြန်လည်လွတ်မြောက်ရေး အတွက် တောင်းဆိုခဲ့ပြီး မြန်မာသင်္ဘောသား ဦးထွန်းထွန်းအေးနှင့်လည်း ဖုန်းဖြင့်ဆက်သွယ် စကားပြောခဲ့သေးသည်။

မြန်မာသင်္ဘောသားများကို HANKUK CHEMI သင်္ဘောပေါ်တွင်သာ ထိန်းသိမ်းထားပြီး သင်္ဘောသည် အီရန်နိုင်ငံရေပိုင်နက်ထဲမှာပင် ကျောက်ချရပ်နားထားကြောင်း သိရသည်။

ဦးအေးကိုကို က အားလုံးက ကျန်းကျန်းမာမာရှိကြတယ်။ ပထမတော့ သင်္ဘောသားတွေရဲ့ ဖုန်းတွေကို သိမ်းထားတယ် လို့ကြားရတယ်။ အခုတော့ မိသားစုတွေနဲ့လည်း ဖုန်းပြောလို့ရတယ်။ သင်္ဘောကပ္ပတိန်နဲ့ ဖုန်းပြောတာတော့ စိတ်မပူဖို့ ပြောထားတယ်။ မြန်မာသံရုံးဖုန်းနံပါတ်ကိုလည်း ဆက်သွယ်နိုင်အောင်ပေးထားတယ်။ အဲဒီသင်္ဘောမှာ အစားအစာနဲ့ သောက်ရေ၊ Medical Equipment တွေလည်းပေးထားတယ်ဟု ပြောပြသည်။

မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် ဖမ်းဆီးထိန်းသိမ်းခံ မြန်မာသင်္ဘောသားများ ပြန်လည်လွတ်မြောက်နိုင်ရေး တတ်နိုင်သမျှနည်းလမ်းရှာပြီး အကူအညီပေးနေကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် သင်္ဘောသားများ တာဝန်ထမ်းဆောင်နေသည့် တောင်ကိုရီးယား နိုင်ငံပိုင် MT Hankuk Chemi အမည်ရှိ သင်္ဘောသည် ဇန်နဝါရီလ ၄ ရက်တွင် ပါရှန်ပင်လယ်ကွေ့၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

အဆိုပါသင်္ဘောသည် ပါရှန်ပင်လယ်ကွေ့နှင့် အီရန်နိုင်ငံထိန်းချုပ်ထားသော ဟောမုဇ်ရေလက်ကြားကို ညစ်ညမ်းစေသည်ဟု စွပ်စွဲကာ အီရန်တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးလိုက်ခြင်းလည်းဖြစ်သည်။

Hankuk Chemi သင်္ဘောသည် ဟောမုဇ်ရေလက်ကြားကို ညစ်ညမ်းစေခဲ့ကြောင်း ခိုင်လုံသည့် အထောက် အထားများရှိပါက အီရန်ဘက်က ထုတ်ဖော်ပြသရန် တောင်ကိုရီးယားအစိုးရဘက်က တောင်းဆိုထားသော်လည်း အီရန်ဘက်က လက်ရှိအချိန်အထိ ထုတ်ဖော်ပြသလာခြင်းမရှိသေးပေ။

လူသားချင်းစာနာသည့် အနေနှင့် သင်္ဘောသားများအားလုံးပြန်လွှတ်ပေးရန် တောင်ကိုရီးယားအစိုးရဘက်က တောင်းဆိုထားသော်လည်း အီရန်ဘက်က တိကျသည့် အဖြေတစုံတရာမပေးသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံး၏ သတင်းပေးပို့ချက်ကို ကိုးကားရေး၍ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ပြောကြားသည်။

You may also like these stories:

အီရန်ဖမ်းထားသည့် မြန်မာသင်္ဘောသားများ လွတ်မြောက်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန ကူညီနေ

Loading