ကျန်း မာရေးနှင့် အားကစား ဝန်ကြီးဌာမှ ကိုဗစ် ကာကွယ်ဆေးထိုးရန်အတွက် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ လူဦးရေ စာရင်းများကို ကောက်ယူနေသည်။
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “တိုင်းနှင့် ပြည်နယ်ကတော့ အားလုံး ကောက်တာပါပဲ။ ရန်ကုန်ပဲ ကောက်ပါ၊ မန္တလေးပဲ ကောက်ပါတော့ မဟုတ်ဘူး။ အကုန်လုံး စာရင်း ကောက်တာ ဖြစ်ပါ တယ်” ဟု ပြောသည်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးကလည်း “ဘယ်ပြည်နယ်နဲ့ တိုင်းကမှတော့ မလွှဲလာသေးဘူး။ ကျမ တို့ ရုံးချုပ်က တောင်းထားတာတော့ ၂၉ ရက်ဆိုပြီး တောင်းထားတယ်။ ကောက်တာကတော့ တိုင်းနဲ့ပြည်နယ် အကုန်ကို ကောက်ဖို့ ညွှန်ကြားထားတာပဲ အခုထက်ထိတော့ ဘာမှ မလာသေးဘူး” ဟု ဆိုသည်။
ကိုဗစ် ကာကွယ်ဆေးထိုးရန်အတွက် လူစာရင်းများ စတင် ကောက်ယူနေပြီ ဖြစ်ပြီး ဇန်နဝါရီလ၂၉ ရက် နောက်ဆုံး ပေးပို့ ရန် သတ်မှတ်ထားသော်လည်း တဦးချင်းစာရင်း ပြန်လည် ပြုစုနေရသဖြင့် အချိန်ယူ ဖြည့်သွင်းနေရကြောင်း စမ်းချောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က ရှင်းပြသည်။
“မြေပြင်မှာတော့ မြန်မြန်ပြီးအောင်တော့ လုပ်နေတာပေါ့။ ဂဏန်းချုပ်ကို ပြီးအောင်တော့ အရင်လုပ်နေတယ်။ ကျနော်တို့ က တဦးချင်း စာရင်းတော့ ပြန်ပြုစုရတာပေါ့။ အဲဒါတော့ နည်းနည်း အချိန်ယူရတာပေါ့။ ရက်ကလည်း နည်းနည်း Limited ဖြစ်နေတော့ မြန်မြန်တော့ လုပ်ရတာပေါ့” ဟု ၎င်းက ပြောသည်။
ကျန်းမာရေး ဝန်ထမ်းများကို ဇန်နဝါရီလ ၂၇ ရက်မှ စတင်ပြီး ကိုဗစ် ကာကွယ်ဆေးထိုးမည် ဖြစ်ပြီး တပတ်အတွင်း အပြီး ထိုးမည် ဖြစ်ကာ အဆင့်လိုက် ဆက်လက် ထိုးပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံက သိရ သည်။
ကာကွယ်ဆေး စတင် ထိုးနှံပေးမည့် အုပ်စုတွင် ကျန်းမာရေး ဝန်ထမ်းများ၊ ကိုဗစ် ကုသတိုက်ဖျက်ရေးတွင် ပါဝင်နေသည့် စေတနာ့ ဝန်ထမ်းများ၊ နိုင်ငံတော် အကြီးအကဲများ၊ အစိုးရယန္တရား ပုံမှန်လည်ပတ်နိုင်ရန်အတွက် အဓိကကျသည့် အစိုးရ ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ဝင်များနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအပြင် COVID-19 ရောဂါ ကူးစက်လွယ် သည့် အုပ်စုနှင့် ကူးစက်ခံရပြီးနောက် အသေအပျောက်များနိုင်သည့် အုပ်စုများ ပါဝင်သည်။
ဒေါက်တာ ခင်ခင်ကြီးက “ကာကွယ်ဆေးတွေ ရရှိမှုပေါ် မူတည်ပြီးတော့ ကာကွယ်ဆေး ထိုးနှံပေးရမှာ ဖြစ်တဲ့အတွက် ကြောင့် စာရင်းကတော့ ပြည့်စုံတဲ့အထိ ကောက်ယူနေဦးမှာ ဖြစ်ပါတယ်။ အမြန်ဆုံးတော့ ကောက်ယူမှာ ဖြစ်ပါတယ် အမြန်ဆုံးတော့ ကောက်ယူမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
COVID-19 ကာကွယ်ဆေး COVISHIELD ၁ သန်းခွဲသည် အိန္ဒိယနိုင်ငံမှ လက်ဆောင်အဖြစ် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၂ ရက်တွင် ရောက်ရှိလာပြီး တိုင်းနှင့်ပြည်နယ် အသီးသီးသို့ ဇန်နဝါရီ ၂၄ ရက်တွင် ဖြန့်ဝေပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးသန်း ၃၀ ဝယ်ယူရန် သဘောတူထားပြီး ၁၅ သန်းအတွက် ငွေပေးချေပြီးလည်း ဖြစ်သည်။
ကာကွယ်ဆေးထိုးမည့် ပထမဦးစားပေး အုပ်စု ပြီးသည့်နောက်တွင် ရောဂါဖြစ်ပွားမှု များပြားရာ နေရာများဖြစ်သည့် လူဦးရေထူထပ်သော နေရာများကို ထိုးနှံပေးရန် စီစဉ်နေသည့်အပြင် ကာကွယ်ဆေးထိုးနှံပေးမည့် အုပ်စုများကိုလည်း ထပ်မံ အသိပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ၂၁ ရက်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေး ပြောကြားခဲ့ သည်။
မတ်လ၂၃ ရက်မှ ဇန်နဝါရီ၂၄ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၇,၅၇၄ ဦး ရှိ နေပြီ ဖြစ်ကာ သေဆုံးသူ ၃,၀၆၂ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၁,၅၅၈ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ်ကာကွယ်ဆေးများ တိုင်းနှင့်ပြည်နယ်များသို့ မနက်ဖြန်မှစ၍ ဖြန့်ဝေမည်