မလေးရှားနိုင်ငံတွင် နေရပ်ပြန်ရန် အခက်ကြုံနေသည့် ရွှေ့ပြောင်းလုပ်သားများ အပါအဝင် မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်ရန် ကယ်ဆယ်ရေးလေယာဉ်များ ၁ ပတ်လျှင် ၃ ကြိမ် တိုးချဲ့ပြေးဆွဲမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။
ယခင်က တပတ်လျှင် ၁ကြိမ်ပြေးဆွဲရာမှ ရွှေ့ပြောင်းလုပ်သားများ၊ အကြောင်းကြောင်းကြောင့် အထောက်အထားမဲ့ ဖြစ်သွားသည့် (Overstay) များ၊ ပြစ်ဒဏ်များ ကျခံပြီး ထိန်းသိမ်းရေးစခန်းများ၌ စောင့်ဆိုင်းနေသူများ၊ သင်္ဘောသားများ နှင့် ကျောင်းသားများကို နေရပ်ပြန်ရေး ပိုမို အဆင်ပြေစေရန် ဖေဖော်ဝါရီလမှ စတင်၍ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူး နေ့နှင့် ကြာသပတေးနေ့တို့တွင် လေယာဉ် တိုးချဲ့ ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံတွင် အကြောင်းကြောင်းကြောင့် အထောက်အထားမဲ့ ဖြစ်သွားသည့် မြန်မာနိုင်ငံသား (Overstay) များ နေရပ်ပြန်လိုပါက ဇန်နဝါရီလမှ ဇွန်လ အထိ ၆ လအတွင်း မလေးရှားအစိုးရက ဒဏ်ကြေးငွေကိုလည်း လျှော့ယူမည် ဟု ကြေညာထားသည့်အတွက် နေရပ်ပြန်လိုသူများအတွက် အဆင်ပြေသည့် အခြေအနေတွင် ရှိကြောင်း မလေးရှားနိုင်ငံ ရောက် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံက သိရသည်။
မလေးရှား အခြေစိုက် ကပုန်း ၇ ရက်သားသမီး နားရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက “၂၀၂၁ ဇန်နဝါရီလကနေပြီး တော့ ဇွန်လအထိ ၆ လကို ဒဏ်ကြေးလျှော့ယူမယ်ပေါ့။ ဒဏ်ကြေးလျှော့ယူပြီး ပြန်ဖို့အတွက် စီစဉ်ပေးမယ်ဆိုတော့ ပိုပြီး အဆင်ပြေတဲ့ လုပ်ငန်းစဉ် ဖြစ်နေတာပေါ့။ အခု ဒီလိုလုပ်ပေးလိုက်တဲ့ အစီအစဉ်ကတော့ အကောင်းဆုံး အစီအစဉ်ပဲ။ တရားမဝင် လူတွေက ပထမတခေါက်တုန်းက ပြန်လို့ မရခဲ့ဘူး။ ပြန်လို့ရတဲ့လူတွေက MoU နဲ့ ပြန်လို့ရတဲ့လူတွေ။ သင်္ဘောသားတွေ ဒီလိုလူတွေပဲ ပြန်လို့ရတယ်။ အဲဒီအခါကျတော့ တရားမဝင်တဲ့ လူတွေအတွက်က မျှော်လင့်ချက် မရှိဘူးပေါ့” ဟု ပြောသည်။
ထိုကဲ့သို့ နေရပ်ပြန်ရန် အခက်အခဲရှိနေသည့် အထောက်အထားမဲ့ အလုပ်သမားများသည် နိုင်ငံချင်း ထိစပ်နေသည့် နယ် စပ်များမှ တရားမဝင် နည်းလမ်းများဖြင့် ဖြတ်ကျော်သည့်အတွက် ထိန်းသိမ်းရေး စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံရ သည့်အပြင် အောက်လမ်းမှ ပြန်ပို့ပေးမည် ဟုဆိုကာ ပွဲစားများ၏ လိမ်လည်မှု ဖြစ်စဉ်များလည်း ကြုံတွေနေရခြင်း ဖြစ် သည်။
ဆက်လက်ပြီး ဦးစန်းဝင်းက “မျှော်လင့်ချက် မရှိတော့ လူတွေအားလုံးက အောက်လမ်းကနေ ထိုင်းနိုင်ငံကို ကျော်ဖြတ်ပြီး တော့ ပြန်ရတယ်။ ပြန်တဲ့အခါမှာ ပို့ဆောင်တဲ့ အေဂျင်စီသဘောနဲ့ လူပွဲစားတွေက တောထဲတွေမှာ ပစ်ထားခဲ့တယ်။ နောက် ထိုင်းနယ်စပ် မြန်မာနယ်စပ်တွေမှာတင် အဖမ်းခံရတာရှိတယ်။ နောက် မလေးရှားနယ်စပ်တွေမှာလည်း လမ်းတွေ မှာတင် ပစ်ထားခဲ့တာတွေရှိတယ်။ ဒါတွေကို လျော့သွားစေမှာပါ” ဟု ဆိုသည်။
မြန်မာနိုင်ငံသို့ ပြန်ရန်စောင့်ဆိုင်းနေသည့် ထိန်းသိမ်းရေး စခန်းများ၌ နိုင်ငံသားအဖြစ် စိစစ်အတည်ပြုပြီး ၂,၀၀၀ ဦးခန့်ကို ဆောလျင်စွာ ပို့ဆောင်နိုင်ရေး အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း မြန်မာသံရုံးက ထုတ်ပြန်ကြေညာထား သည်။
ထို့ပြင် လတ်တလောကာလတွင် ထိန်းသိမ်းရေးစခန်း(Camp) အချို့သို့ ဝင်ရောက်ခွင့်ကို တားမြစ်ထားသည့်အတွက် သံရုံး အနေဖြင့် မြန်မာနိုင်ငံသားအဖြစ် အတည်ပြု စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနှင့် အဆိုပါ စခန်းများသို့ ပြန်လည် ဝင်ရောက် ခွင့်ပြုချိန်တွင် ကျန်ရှိနေသည့်နိုင်ငံသားများကို မြန်မာနိုင်ငံသားဆိုင်ရာ စိစစ်မှုများ ဆက်လက် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေးလေယာဉ် တစီးလျှင် အထောက်အထားရှိ မြန်မာနိုင်ငံသား ၁၀၀ ဦး၊ အထောက်အထားမဲ့ (Overstay) ၃၅ ဦး၊ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၄၀ ဦး စသဖြင့် အချိုးကျ လေယာဉ်လက်မှတ်များကို ဖေဖော်ဝါရီလ တတိယ ပတ်မှ စတင်ကာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မလေးရှားရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၅,၇၃၃ ဦး၊ အထောက်အထားမဲ့ Overstay၂၀၁ ဦး၊ ထိန်းသိမ်းရေး စခန်းမှ မြန်မာနိုင်ငံသား ၁,၉၅၀ ဦး စုစုပေါင်း ၇,၈၈၄ ဦးတို့ကို နိုင်ငံတော် အစိုးရက စီစဉ်သည့် ကယ်ဆယ်ရေး လေယာဉ် ၃၈ ကြိမ်၊ မလေးရှား အစိုးရက စီစဉ်သည့် ကယ်ဆယ်ရေး လေယာဉ် ၆ ကြိမ် စုစုပေါင်း ၄၄ ကြိမ် ပို့ဆောင်ခဲ့ပြီးကြောင်း မလေးရှားဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။
You may also like these stories:
မလေးရှားမှာ နေ့စဉ် ကိုဗစ် ကူးစက်နှုန်း ၄,၀၀၀ ကျော်နဲ့ စံချိန်တင် မြင့်တက်
မြန်မာသင်္ဘောသားများ ပြန်လွှတ်ပေးရေး အီရန်ဘက်က တိကျသည့် အဖြေမပေး