ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ဇန်နဝါရီလ၂၅ ရက်တွင် “ရွေးကောက်ပွဲ ရလဒ်အပေါ် ပြည်သူ့ ဆန္ဒဖော်ထုတ်ပွဲ” နှင့် “တပ်မတော် ထောက်ခံပွဲ” မှာ ကိုဗစ်- ၁၉ စည်းကမ်းများကို ချိုးဖောက်၍ ကျင်းပခဲ့သည့်အတွက် ပွဲဦးဆောင်သူ များကို အရေးယူပေးရန် ပုသိမ် ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
ပုသိမ်မြို့ အခြေစိုက် ရှစ်လေးလုံး အရေးတော်ပုံ အင်အားစုအဖွဲ့မှ ဦးစိန်လှအောင်က “ပုသိမ်မြို့က Stay at Home ကြေညာထားတဲ့မြို့ ဖြစ်ပါတယ်။ သူတို့ ကျင်းပတဲ့ တပ်မတော်ထောက်ခံပွဲမှာ လူ ၃၀၀ ကျော် လာရောက် စုရုံးပြီးတော့ ကိုဗစ် စည်းကမ်းတွေ ဖောက်ဖျက်တာကို တွေ့ရပါတယ်။ ဆန္ဒပြတာ၊ ဆန္ဒဖော်ထုတ်တာက လူ့အခွင့်အရေးတရပ်ဖြစ် တာကို လက်ခံပါတယ်။ ဒါပေမယ့် ကပ်ရောဂါကြီး ဖြစ်နေတဲ့ကာလမှာ ဒီလို လူစုလူဝေးနဲ့ ပြုလုပ်တာကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါ တယ်” ဟု ပြောသည်။
တပ်မတော် ထောက်ခံသူများက ပုသိမ်မြို့ ဟစ်တိုင်ကွင်းတွင် လူ ၃၀ ဖြင့် ကိုဗစ်- ၁၉ စည်းကမ်းများနှင့်အညီ တပ်မ တော် ထောက်ခံပွဲနှင့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲကျင်းပမည်ဟု လျှောက်ထားခဲ့သော်လည်း အမှန်တကယ် ပွဲကျင်းပ ချိန်တွင် ပုသိမ်မြို့နယ်အပြင် ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ပန်းတနော် စသည့် ဒေသများမှ လာရောက် ပူးပေါင်းခဲ့ ကြပြီး ဟစ်တိုင်ကွင်းတွင် လူဦးရေ ၃၀၀ ကျော် စုရုံး ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ပုသိမ်မြို့ခံများက ပြောသည်။
ဆန္ဒဖော်ထုတ်သူများမှာ “ပြည်ထောင်စု တရားသူကြီးချုပ်မှ အမှန်အတိုင်း ဆောင်ရွက်ပေးရေး”၊ “ဥပဒေနှင့် မညီသော ရွေးကောက်ပွဲရလဒ်- အလိုမရှိ” ၊ “မဲခိုးမှုများ စိစစ်ပေးရေး”၊ “မတရားပြုကျင့်သော မဲရလဒ် – အလိုမရှိ”၊ “မဲခိုးသူများ အမှန်တရား ဝန်ခံရေး” “တပ်နှင့်ပြည်သူ အတူတူ သွေးခွဲလာသူ တို့ရန်သူ” စသော ဗီနိုင်းများ ကိုင်ဆောင်၍ ကြွေး ကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်၍ ပွဲဦးဆောင်ကျင်းပသူများ ကို သတင်းမီဒီယာများမှ ပွဲအတွင်း လိုက်လံမေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။
ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်ပြီးမြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရာ ဇာအေးက “ဒီကိစ္စနဲ့ ပတ်သက်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြပြီး လမ်းညွှန်မှု ခံယူသွားမှာပါ” ဟု ပြောသည်။
ပုသိမ်မြို့နယ်မှာ ကူးစက်မြန် ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ပြီးခဲ့သည့် စက်တင်ဘာလ၂၅ ရက်မှ စတင်၍ ပြည်သူများ နေအိမ်၌သာ နေထိုင်ရန် Stay at Home အမိန့် ထုတ်ပြန် ကြေညာထားသည်။

ယင်းအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးတာဝန်ရှိသူများက ပုသိမ်မြို့နယ်တွင် အပြင်ထွက်ခွင့်ကတ်၊ ဈေးဝယ် ခွင့်ကတ်များ ထုတ်ပေး၍ အပြင်ထွက်လျှင်၊ ဈေးဝယ်လျှင် လူတဦးသာ သွားလာရန် စစ်ဆေးကြပ်မတ်မှုများ ဆောင် ရွက်ခဲ့ပြီး လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ငွေပေးဆောင်စေမှုများ လုပ်ဆောင်ခဲ့သည်။
ယမန်နေ့က ပြုလုပ်သည့် တပ်မတော် ထောက်ခံပွဲတွင် ခွင့်ပြုလူဦးရေထက် ကျော်လွန်နေခြင်း၊ လူတဦးနှင့်တဦး
၆ ပေ ကွာခြားမှု မရှိခြင်း၊ အခမ်းအနား တက်ရောက်သူ တချို့မှာ နှာခေါင်းစည်း၊ Face Shield မတပ်ခြင်း၊ အပြင်ထွက် ခွင့်ကတ်ပြားများ မပါရှိခြင်းနှင့် Stay at Home ကြေညာထားသည့် ပုသိမ်မြို့အတွင်းသို့ တခြားသောမြို့များမှ လူ ပေါင်းများစွာ အစစ်အဆေး မရှိဘဲ အလွယ်တကူ ဝင်ရောက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည့် ကိစ္စရပ်များအပေါ် အုပ်ချုပ် ရေး တာဝန်ရှိသူများမှ စုံစမ်းဖော်ထုတ်၍ အရေးယူပေးရန် ပုသိမ်မြို့မှ အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုကြ သည်။
ဧရာဝတီ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုအဖွဲ့ (ATAA) ၏ တိုင်းတာဝန်ခံ ကိုလင်းလင်းက “လက်ရှိ ကိုဗစ်ကာလမှာ ထုတ်ပြန်ထားတဲ့အမိန့်၊ ညွှန်ကြားချက်တွေကို နိုင်ငံသား အားလုံး လိုက်နာရမယ် ဆိုတာ ရှိပြီးသားပါ။ အဲဒီလိုရှိတဲ့အပေါ်မှာ အခုလို လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်တဲ့ဖြစ်စဉ်မျိုး ဖြစ်လာတဲ့အတွက် ငြိမ်းစုစီတင်ထားတယ်ပဲ ဆိုဆို ကျနော်တို့က လက်မခံနိုင်ပါဘူး။ ကန့်ကွက်ပါတယ်။ ရှေမှာလည်း ကိုဗစ်စည်းကမ်း ချိုးဖောက်ရင် အရေးယူမှုရှိ ခဲ့တဲ့အတွက် ကျနော်တို့အနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်စေချင်ပါ တယ်” ဟု ပြောသည်။
ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းကလည်း “လက်ရှိက Stay at Home ကာလ ဖြစ်ပါ တယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေတောင် မဲဆွယ်စည်းရုံးရင် လူစုလူဝေး ဖြစ်မှာစိုးလို့ မလုပ်ခဲ့ဘူး။ သူတို့က ဥပဒေ နဲ့ အညီ လုပ်မယ်ဆိုရင် ခွင့်ပြုချက် တင်ရမယ်။ ခွင့်ပြုရင်လည်း ခွင့်ပြုချက်အတိုင်း လုပ်ပေါ့။ အခုက ခွင့်ပြုချက် အတိုင်း မလုပ်ဘူးဆိုရင်တော့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲဆိုရမှာပါ။ ဥပဒေအရ ဆိုရင်တော့ ဒါက အရေးယူရမယ့် ကိစ္စလို့ မြင်ပါတယ်” ဟု ပြောသည်။
ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေတွင် ဖြစ်ပွားသည့် မြေယာအငြင်းပွားမှုနှင့် ပတ်သက်၍ နစ်နာသူဒေသခံ ၄ ဦးက ပုသိမ်မြို့၌ ဒီဇင်ဘာလ ၆ ရက်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ လူ ၁၅ ဦးခန့် တက်ရောက်ခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ခွင့်ပြုချက် မရှိဘဲ ပြုလုပ်သည် ဟုဆိုကာ ရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ ပွဲဦးဆောင်သူ ဦးတေဇာအောင်ပါ ၄ ဦးကို အာမခံပေးပိုင်ခွင့် မရှိသော သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ လက်ရှိတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူ ချောင်းသာဒေသခံ ၄ ဦး ကို ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေသဖြင့် ထွက်ပြေး တိမ်းရှောင်နေရသည်။
“ကိုဗစ် စည်းကမ်းနဲ့အညီ ပြုလုပ်ပြီးတော့ ၁၅ ဦး လောက်ပဲ တက်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကိုကျတော့ သဘာ၀ ဘေး ပုဒ်မ၂၅ နဲ့ အရေးယူခဲ့ပြီးတော့ ဒီလိုလူပေါင်း ရာနဲ့ချီတက်တဲ့ပွဲကိုကျ အရေးမယူရင်တော့ ဒါက တရားမျှတမှု မရှိ ခြင်းနဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့အနေအထား ဖြစ်သွားပါလိမ့်မယ်။ ဥပဒေ ဆိုတာ တန်းတူညီမျှ ဖြစ်ရပါမယ်။ ဒါ ကြောင့် ဒီလိုမျိုး ကိုဗစ် စည်းကမ်းချိုးဖောက်တာ ထင်ရှားနေတဲ့ပွဲ ဦးဆောင်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဦးစိန်လှအောင်က ပြောသည်။
ပုသိမ်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ရွေးကောက်ပွဲအကြို မဲဆွယ်မှုအဖြစ် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ အင်အားထောင်နှင့်ချီ၍ မြို့ အနှံ့ လှည့်လည် အင်အားပြခဲ့ကြရာ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဥပဒေဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
You may also like these stories:
မျိုးချစ်ဆိုသူများ၏ ကျောက်တိုင်စိုက်ပွဲ ထောက်ပံ့ခြင်းမရှိဟု တပ်မတော်ငြင်း
ချောင်းသာမြေအငြင်းပွားမှု ရှင်းလင်းပွဲလုပ်သူများ သဘာဝဘေး ဥပဒေဖြင့် တရားစွဲ