နေပြည်တော်တွင် ဇန်နဝါရီ ၂၉ ရက်နေ့၌ တပ်မတော်ထံ အပ်နှံမည့် ကျောက်တိုင်စိုက်ပွဲအား ရွှေ့ဆိုင်းကြောင်း ဦးဆောင် သူ အခြေခံ လူတန်းစားဘဝ တိုးတက်မြင့်မားရေး ပါတီ(YDP) အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်က အဖမ်းမခံရခင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာက တဆင့် ပြောဆိုခဲ့သည်။
၎င်းအနေဖြင့် ကျောက်တိုင်စိုက်ရန် စီစဉ်လှုံ့ဆော်မှုကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တောင် ဒဂုံမြို့နယ်တွင် အမှုဖွင့်ခံရပြီး ထွက်ပြေး တိမ်းရှောင်နေရာမှ ယမန်နေ့ ဇန်နဝါရီ ၂၆ ရက် ညပိုင်းတွင် တောင်ဥက္ကလာပမြို့ နယ်ရှိ နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ယင်းပြင် ၎င်းတို့ စိုက်ထူမည့် ကျောက်တိုင်ကိုလည်း ယုဇနဥယျာဉ်မြို့တော်အနီး ပုဏ္ဏမီလမ်းမကြီးပေါ်ရှိ ကျောက်တိုင် ပြုလုပ်ရာ နေရာတွင်ပင် ယမန့်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်းခဲ့သည်။
မိုက်ကယ်ကျော်မြင့်က “ခေတ္တခဏ ရက်ရွှေ့ပါမယ်၊ ပွဲဖျက်တာ မဟုတ်ဘူးနော်။ ခေတ္တရက်ရွှေ့တာပါ။ သမိုင်းဝင် ကျောက် တိုင်ကြီးဟာ၂၁ ရာစု ကျုပ်တို့ မသေခင်၊ မကြာခင်မှာ ကာလမှာ ဖြစ်ကိုဖြစ်လာစေရမယ်။ ကျုပ်ကတိပေးတယ်၊ ကျုပ်သေသွားရင်တောင် ကျုပ်သားသမီး၊ ကျုပ်မျိုးဆက်တွေ ကျုပ်ရဲ့ကိုယ်ပွားတွေ ဒီတာဝန်ကို မကျေ ကျေအောင် သေတမ်းစာ ရေးပြီး ကျုပ်ထားခဲ့မယ်” ဟု လူမှုကွန်ရက်ကတဆင့် ပြောထားသည်ကို တွေ့ရသည်။
ဖမ်းဆီးခံထားရသည့် မိုက်ကယ်ကျော်မြင့်အား ယနေ့မနက်ပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ကာ ချုပ်ရမန်ရယူခဲ့ပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားကြောင်းလည်း သိရသည်။
မိုက်ကယ်ကျော်မြင့်၏ ဇနီးဖြစ်သူ ဒေါ်အေးအေးသင်းက “ ဒီမနက် ရုံးချိန်းထုတ်ပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ၊ နောက်လ ၁၀ ရက်နေ့ကို ရုံးချိန်းပြန်ချိန်းထားပါတယ်။ သူကိုယ်တိုင်ကလည်း ဒီအမှုတွေကို ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောထားပြီးသားပါ” ဟု ပြောသည်။
မိုက်ကယ်ကျော်မြင့်သည် စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် ပုဒ်မ ၅၀၅(ခ)ဖြင့် လည်းကောင်း၊ ကျောက်တံတား မြို့နယ်တွင် ငြိမ်း/စု/စီး ဥပဒေပုဒ်မ ၁၉ ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူခံထားရသူလည်း ဖြစ်သည်။
၎င်းတို့အနေဖြင့်၂၀၂၀ ရွေးကောက်ပွဲ၊ မဲစာရင်း မှားယွင်းမှုအပေါ် အခြေခံပြီး မဲမသမာမှု ရှိသည်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အား ကန့်ကွက်လျက်ရှိပြီး မျိုးချစ်တပ်မတော်မှ အခြေခံဥပဒေနှင့်အညီ တိုင်းပြည်အား ကာကွယ် စောင့်ရှောက်ပေးရန် ဟုဆိုကာ ဇန်နဝါရီ ၂၉ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ရုံးစိုက်ရာအနီး၌ တိုင်းပြု ပြည်ပြု ကျောက်တိုင် စိုက်ထူရန် စီစဉ်နေခြင်း ဖြစ်သည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် အထောက်အပံ့ ပေးထားခြင်း မရှိကြောင်း ယမန်နေ့က သ တင်းစာ ရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပြီးနောက် မိုက် ကယ်ကျော်မြင့်နှင့် ကျောက်တိုင်ကိုလည်း ဆက်တိုက် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်မတော်အနေနဲ့က စပွန်ဆာ ပေးစရာ အကြောင်းမရှိပါဘူး။ ဝန်းရံသူတွေကတော့ ရှိမှာပေါ့။ ဝန်းရံသူတွေ ဝန်းရံတာကတော့ အပြစ် မဟုတ်ဘူးလို့ ဆိုချင်တယ်။ အဖွဲ့အစည်းတိုင်းမှာတော့ သူတို့ ဝန်းရံသူတွေက ရှိ နိုင်ပါလိမ့်မယ်” ဟု ယမန်နေ့က ပြောသည်။
အဆိုပါ ကျောက်တိုင်စိုက်မည့် အစီအစဉ်နှင့် ပတ်သက်၍လည်း လူမှုကွန်ရက်စာမျက်နှာတွင် လှုံ့ဆော်ခဲ့သည်ဟု ဆိုကာ မင်းသားကြီး ဆိုသူနှင့် ညီဖြစ်သူအား ရန်ကုန်-မန္တလေးအမြန်လမ်း နေပြည်တော်အနီး မိုင်တိုင် ၂၀၃၊ ၃/၄ ဖာလုံအနီးရှိ ရာဇအောင်မြေတောရ သာသနာပြုကျောင်းတွင် ဇန်နဝါရီ ၂၂ ရက်ကလည်းကောင်း၊ YDP ပါတီမှ ဗဟိုကော်မတီဝင် ဒေါ်မိုး မိုးခိုင်ဆိုသူအား ဇန်နဝါရီ၂၅ ရက်တွင် မြောက်ဒဂုံမြို့နယ်၊ ၁၆ ရပ်ကွက်အတွင်းရှိ Ruby Paradise တွင် လည်းကောင်း ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ ဖြင့် အမှုဖွင့် အရေးယူထားသည်။
ကျောက်တိုင် စိုက်ပွဲ လှုံ့ဆော်သူများအား အရေးယူထားသည့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ တွင် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး (သို့) အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တရပ်ရပ်ကို ပြုလုပ်ခြင်းတို့ ရှိပါက အနည်းဆုံး ထောင်ဒဏ် ရ နှစ်နှင့် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
You may also like these stories:
မျိုးချစ်ဆိုသူများ၏ ကျောက်တိုင်စိုက်ပွဲ ထောက်ပံ့ခြင်းမရှိဟု တပ်မတော်ငြင်း
တပ်မတော် ထောက်ခံပွဲ ဦးဆောင်သူများကို အရေးယူရန် ပုသိမ်ဒေသခံများ တောင်းဆို