ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ဖမ်းဆီးထားသည့် ပလောင် (တအန်း) ရွာသားများကို ပြန်လွှတ်ပေးရန် တအန်းအရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်က မန်လွယ်(အထက်)ရွာမှ တအန်းအမျိုးသား ၆ ဦးကို တောတွင်း ထင်းခုတ်နေစဉ် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၃၄ က ဖမ်းဆီးသွားခဲ့သည်။
ဇန်နဝါရီ ၂၆ ရက်တွင် ၆ ဦးအနက် ၁ ဦးမှာ ကျန်းမာရေးမကောင်းသဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
အဆိုပါ ရွာသားများကို လွှတ်ပေးရန် တအန်းအမျိုးသမီးအဖွဲ့အစည်း၊ တအန်းဥပဒေ အထောက် အကူပြုအဖွဲ့၊ တအန်းကျောင်းသားနှင့် လူငယ်များအဖွဲ့က KIA ၏ ဌာနချုပ်ရုံးသို့လည်း စာပို့ကာ တောင်းဆိုထားခြင်း ဖြစ်သည်။
တအန်းအမျိုးသမီးအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ မလွေးချီစငါးက “လောလောဆယ်တော့ KIA ထိန်းချုပ်တဲ့ ထဲမှာပဲ သူတို့ရှိနေတယ်။ ဘယ်နေရာမှာ ဆိုတာ ကျမတို့လည်း မသိရဘူး။ သူတို့ လက်ထဲမှာရှိနေတုန်းပဲ” ဟု ပြောသည်။
တအန်းရွာသားများ ဖမ်းဆီးခံရသည့် အဓိက အကြောင်းအရင်းမှာ တအန်းလူမျိုးများ နေထိုင်သည့် မန်လွယ် (အထက်) ရွာနှင့် ကချင်လူမျိုးများ နေထိုင်သည့် ဟိုဟုတ်ရွာကြား နယ်နိမိတ်စည်းပြဿနာဖြစ်ခြင်းကြောင့် ဖြစ်သည်။
မန်လွယ် (အထက်) ရွာမှ ရွာသားများက ဟိုဟုတ်ရွာ နယ်မြေဘက်သို့ ကျူးကျော်ကာ သစ်ခုတ်သည်ဟု ပြောဆိုမှုများကြောင့် ရွာနှစ်ရွာကြား အငြင်းပွားမှုများ ရှိနေပြီး ညှိနှိုင်းမရသဖြင့် ဟိုဟုတ်ရွာမှ KIA ကို ဖြေရှင်း ပေးရန် တိုင်ကြားခဲ့သည်။
ထို့ကြောင့် KIA က တောတွင်း၌ သစ်ခုတ်နေသည့် မန်လွယ် (အထက်) ရွာသားများကို ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရသည်။
ရပ်ရွာ နှစ်ခုကြား ဖြစ်သည့် ပြဿနာတွင် လက်နက်ကိုင်တပ်ဖွဲ့တခုက ကြားဝင်ကာ တဖက်ရွာသားကို ဖမ်းဆီးခြင်းမှာ မဖြစ်သင့်သည့် လုပ်ရပ်ဖြစ်ပြီး ပြဿနာအရင်းအမြစ်ကို ပြေလည်စေရန် နှစ်ဖက် အရပ်သား ခေါင်းဆောင်များကသာ ဖြေရှင်းသင့်ကြောင်း တအန်းအရပ်ဘက်အဖွဲ့အစည်းများက ရပ်တည်သည်ဟု မလွေးချီစငါးက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကချင်ဘက်က ခေါင်းဆောင်တွေ သင်းအုပ်ဆရာတွေ ရှိတယ်။ လက်နက်ကိုင် မဟုတ်တဲ့ ခေါင်းဆောင်တွေ အများကြီး ရှိကောင်း ရှိမယ်။ သူတို့နဲ့ပဲ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ညှိနှိုင်းသင့်တယ်။ ဒီလိုလက်နက်ကိုင်တခုက ဝင်ရောက် ဖမ်းဆီးတာကျတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ပိုပြီး ဖြစ်လာမှာကို ကျမတို့ စိုးရိမ်တယ်” ဟုလည်း ဆိုသည်။

KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မန်လွယ် (အထက်) ရွာနှင့် ဟိုဟုတ်ရွာကြား ဖြစ်သည့် နယ်နိမိတ် ပြဿနာကြောင့် ရွာသားများကို ဖမ်းဆီးထားခြင်းမှာ မှန်ကန်ပြီး အောက်ခြေတပ်ရင်း ကလည်း ဌာနချုပ်သို့ အကြောင်းကြားထားသည်ဟု ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “ကချင်တွေ ပိုင်တဲ့ နယ်မြေ၊ ရွာရဲ့ကြိုးဝိုင်းမှာ ပလောင်ရွာသားတွေက ထင်းခုတ် တယ်တဲ့။ အကြိမ်ကြိမ်အခါခါ ဖြေရှင်း ကြပေမယ့် ရပ်တန့်မှု မရှိဘဲ ဆက်လုပ်နေလို့ KIO အုပ်ချုပ်ရေးပိုင်း က ဖြေရှင်းပေးဖို့ ခေါ်တယ်ဆိုတဲ့ သတင်းတတ်လာပါတယ်။ ကျနော်တို့ KIO ကတော့ အချင်းချင်း ညှိနှိုင်းပြီး အဆင်ပြေအောင် ဖြေရှင်းကြပါဆိုပြီး အကြံပြုထားပါတယ်” ဟု ပြောသည်။
KIA အုပ်ချုပ်ရေးပိုင်းမှ ရွာ ၂ ရွာကြား နယ်နိမိတ်ပြဿနာ အငြင်းပွားမှုကို ဖြေရှင်းရန် ဆောင်ရွက်နေဆဲ ဖြစ်ကာ ပြဿနာ မပြီးပြတ်သေးသဖြင့် တအန်း ရွာသားများနှင့် ၎င်းတို့ ခုတ်ထားသည့် သစ်များကို သက်သေ အဖြစ် ဆက်ဖမ်းထားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
သို့သော် မြေပြင်တပ်ရင်းမှ ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်သဖြင့် ဌာနချုပ်ဘက်မှ အသေးစိတ်ကို သိရှိခြင်း မရှိဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ရွာသားများ ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် KIA ဘက်က တအန်းရွာသားများကို ၎င်းတို့ ဖမ်းဆီးထားကြောင်း အကြောင်းကြားခဲ့ပြီး မန်လွယ် (အထက်) ရွာ၏ ကျေးရွာလူကြီးများ၊ ရပ်မိရပ်ဖများက ဟိုဟုတ်ရွာသို့ သွားကာ ညှိနှိုင်းမှုများ ပြုလုပ်ထားသည်။
ဇန်နဝါရီ ၁၁ ရက်တွင် တကြိမ်၊ ဇန်နဝါရီ ၁၃ ရက်တွင် တကြိမ် ဟိုဟုတ်ရွာ၏ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ ညှိနှိုင်းပြီး ဇန်နဝါရီ ၂၅ ရက်တွင် KIA အရာရှိများနှင့် ထပ်မံတွေ့ဆုံ ညှိနှိုှုင်းထားသည်ဟု သိရသည်။
မန်လွယ် (အထက်) ရွာဘက်မှ ၎င်းတို့ရွာသားများကို အရင်လွှတ်ပေးပြီးနောက်တွင် ရွာ ၂ ရွာ၏ နယ်နိမိတ်ကိစ္စ ကို ဆက်ဖြေရှင်းကြရန် ပြောဆိုထားပြီး KIA ဘက်က နယ်နိမိတ်ကိစ္စကို ဦးစွာ ဖြေရှင်းပြီးမှ ရွာသားများကို လွှတ်ပေးမည်ဟု ပြောကြောင်း တအန်း အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။
ဇန်နဝါရီ ၂၆ ရက်က ပြန်လွတ်လာသည့် ရွာသား တဦးကို တအန်းအရပ်ဘက်အဖွဲ့အစည်းများမှ မေးမြန်းချက် အရ KIA က ဖမ်းဆီးထားသည့် မန်လွယ် (အထက်) ရွာ၊ ရွာသားများကို အစားအသောက်နှင့် ရေပုံမှန် ရရှိသော်လည်း ကြိုးတုတ်ခြင်း၊ ထိပ်တုံးခတ်ခြင်းများ ပြုလုပ်ကာ ချုပ်နှောင်ထားသည်ဟု သိရသည်။
မန်လွယ် (အထက်)ရွာ နှင့် ဟိုဟုတ်ရွာသည် နမ့်ဆန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာ အဖြစ် သတ်မှတ်ထားသည့် နယ်နိမိတ်ဖြစ်သော်လည်း အစိုးရအုပ်ချုပ်မှုယန္တရား သက်ရောက်မှု အားနည်းပြီး လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။
You may also like these stories:
NLD ခေတ် ထိုငါးနှစ်နှင့် ရခိုင်ပြည်နယ်
“ဝ” ပြည်နယ်တောင်းဆိုမှု သို့မဟုတ် အစိုးရ ဖြေရှင်းရခက်မယ့် ပုစ္ဆာ
AA လက်က ပြန်မလွတ်သေးတဲ့ အမေ့ခံ နိုင်ငံ့ဝန်ထမ်းများ