ရခိုင်ပြည်နယ်မှ နိုင်ငံသားအထောက်အထားမဲ့ ဝင်လာသူ မွတ်စလင် ၁၃ ဦးကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဒိုက်ထူ စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက်ပိုင်းက ဖမ်းမိသည်။
ညမထွက်ရ အမိန့်ထုတ်ထားသည့် ပုသိမ်မြို့တွင် နံနက် ၄နာရီ စစ်ဆေးရေးဂိတ်များ ဖွင့်ချိန် သာပေါင်းမြို့နယ်မှ ဝင်လာ သည့် ခရီးသည်တင်ကား တစီးမှာ မြို့အဝင် ကြိုးတံတားဂိတ်၌ စစ်ဆေးမှု မခံဘဲ မောင်းပြေးခဲ့ကြောင်း သိရသည်။
ကြိုးတံတား ဂိတ်စောင့် ရဲတပ်ဖွဲ့မှ ပုသိမ် – ရန်ကုန်လမ်းပေါ်ရှိ ဒိုက်ထူ စစ်ဆေးရေးဂိတ်သို့ ဆက်သွယ်၍ ပိတ်ဆို့ ဖမ်း ဆီးရာ ကားပေါ်တွင် ရခိုင်ပြည်နယ်မှ နိုင်ငံသား အထောက်အထားမဲ့ ဝင်လာသည့် မွတ်စလင် အမျိုးသား ၁ ဦး၊ အမျိုး သမီး ၁၂ ဦးနှင့် မြန်မာနိုင်ငံသား ယာဉ်မောင်း ၂ ဦးတို့ကို ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“ဘဂါၤလီ ၁၃ ဦး ဖမ်းမိပါတယ်။ သူတို့ ကားက မသင်္ကာလို့ စစ်ဆေးတာကို မခံဘဲ မောင်းပြေးတယ်။ ဒါကြောင့် ကျနော်တို့ ပိတ်ဆို့ စစ်ဆေးခဲ့ရာမှာ ဘင်္ဂါလီ တွေ ဖမ်းမိခဲ့တာ ဖြစ်တယ်။ သူတို့ကို ခေါ်လာတဲ့ ကယ်ရီသမား ၂ ဦးကိုလည်း ဖမ်းမိထားလို့ စစ်ဆေးမှုတွေလုပ်နေ တယ်”ဟု ဧရာဝတီကို ပြောသည်။
ဖမ်းမိသည့် ရခိုင်ပြည်နယ်မှ မွတ်စလင် ၁၃ ဦးကို ပုသိမ်တက္ကသိုလ်ရှိ တေဇဆောင်တွင် ကွာရန်တင်းထား၍ ကိုဗစ် – ၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးရန် မြို့နယ်ကျန်းမာရေးဌာနက ဆောင်ရွက်နေပြီး လူမောင်ခိုလုပ်သူ ကားသမား ၂ ဦးကို ပုသိမ်မြို့မရဲစခန်းတွင် စစ်ဆေး၍ ကားကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်။
ပုသိမ်တက္ကသိုလ် တေဇဆောင်၌ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ ကိုသူနေအောင်က“ဘင်္ဂါလီ ၁၃ ဦးကို လက်ရှိ တေဇဆောင်မှာ ကွာရန်တင်းထားတယ်။ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေကတော့ သူတို့ကို စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်။ ပြီးတော့လည်း ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးဖို့လည်း ပြင်ဆင်နေပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်း၌ အထောက်အထားမဲ့ မွတ်စလင်များ ဖမ်းမိမှုမှာ ယခုလအတွင်း ၄ ကြိမ်မြောက်ဖြစ်ပြီး၊ ဇန်နဝါရီ ၄ ရက်နေ့က ချောင်းသာကမ်းခြေတွင် ရခိုင်ပြည်နယ်မှ ဝင်လာသူ မွတ်စလင် ၇ ဦး၊ ဇန်နဝါရီ ၁၉ ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ရာဇူဒိုင်မြစ်အတွင်း မွတ်စလင် ၃၄ ဦး၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် မအူပင်မြို့၌ မွတ်စလင်၂ ဦး၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပုသိမ်မြို့တွင် မွတ်စလင် ၁၃ ဦးကို ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။
တလအတွင်း ဖမ်းမိသူ မွတ်စလင် ၅၆ ဦးတွင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၄၂ ဦး ပါဝင်ပြီး၊ အဆိုပါ မွတ်စလင် အမျိုးသမီး ၄၂ ဦးတွင် အသက် ၁၄ နှစ်မှ အသက် ၂၀ အရွယ်အတွင်း အမျိုးသမီးငယ် အများစု ပါဝင်နေကြောင်း သိရသည်။
စစ်တွေအခြေစိုက် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက“ဘင်္ဂါလီတွေက သမီးမိန်းကလေးတွေဆိုရင် အသက် ၁၄ နှစ်လောက် ရောက်တာနဲ့ ယောက်ျားပေးစားလေ့ရှိတယ်။ မိန်းကလေးက လက်မခံလည်း မရဘူး။ အတင်းအကြပ်ပေးစားတာတွေ ကျမတို့ အများကြီးတွေ့ရပါတယ်။ အခုလက်ရှိမှာ မလေးရှားကို ရောက်နေတဲ့ ဘင်္ဂါလီယောက်ျားလေးတွေက သူတို့နဲ့ လက်ထပ်ပေါင်းသင်းဖို့ ရခိုင်ပြည်နယ်က ဘင်္ဂါလီမိန်းကလေးတွေကို ငွေပို့ ပေးပြီး မလေးရှားကို ခေါ်ယူတာတွေ ရှိနေတယ်။ အဲတော့ ကျမတို့က ဘင်္ဂါလီမိန်းကလေးငယ်တွေဘဝကို အမျိုး သမီးချင်း ကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်ရပါတယ်”ဟု ပြောသည်။
သာပေါင်းမြို့နယ်မှတဆင့် ဧရာဝတီတိုင်းသို့ နိုင်ငံသား အထောက်အထားမဲ့ ဝင်လာသူ မွတ်စလင် ၁၃ ဦးကို ခေါ်လာ သည့် မြန်မာနိုင်ငံသား ကားသမား ၂ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၆၇ (ကျွန်ပြုရန်အကြံဖြင့် လူခိုးမှု) ဖြင့် ပုသိမ် မြို့မရဲ စခန်းတွင် အမှုဖွင့်၍ အရေးယူထားကြောင်း သိရသည်။
ဇန်နဝါရီ ၁၉ ရက်နေ့ကမော်လမြိုင်ကျွန်းမြို့နယ်တွင် ဖမ်းမိခဲ့သည့် ရခိုင်ပြည်နယ်မှ မွတ်စလင် ၃၄ ဦးကို ကိုဗစ် – ၁၉ ရောဂါပိုး စစ်ဆေးရာ ပိုးမတွေ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
You may also like these stories:
လူကုန်ကူးသည့် ဘုန်းကြီးကို ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေနေ
မော်လမြိုင်ကျွန်းသို့ ဝင်လာသည့် အထောက်အထားမဲ့ မွတ်စလင် ၃၄ ဦး ထပ် ဖမ်းမိ
ချောင်းသာတွင် ဖမ်းမိသည့် အထောက်အထားမဲ့ ဝင်ရောက်လာသူများကို ရခိုင်သို့ ပြန်ပို့