မြန်မာပြည်သူများသည် ပြီးခဲ့သည့် ၅ နှစ်အတွင်း ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ကို ပိုမို ရရှိခံစားခဲ့ရပြီး အဆိုပါ အခွင့်အရေး များသည် မြန်မာနိုင်ငံတွင် မည်သည့်အခါကမျှ ရရှိခဲ့ခြင်းမရှိသော အခွင့်အရေးများ ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ဇန်နဝါရီလ၂၅ ရက်က ပြုလုပ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့် အရေး အခြေအနေ သုံးသပ်ကြားနာပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေများအား အဖွဲ့ဝင်နိုင်ငံများက မဆွေးနွေးမီ ပြည်ထောင်စု ရှေ့နေချုပ်က အဖွင့်စကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာပြည်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ လူ့အခွင့်အရေးနှင့် အခြေခံ လွတ် လပ်ခွင့်များလည်း တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစိုးရက စုံစမ်း စစ်ဆေးနေတယ်။ အမုန်းစကား ဖြန့်ချိမှုနဲ့ ဘာသာရေးကို နိုင်ငံရေး အရ အသုံးချမှုတွေကိုလည်း အထူးအလေးထား တားဆီး ပိတ်ပင်နေပါတယ်” ဟု ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ ဥပဒေပေါင်း ၁၈၅ ခုကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေများထဲတွင် ကလေးသူ ငယ် အခွင့်အရေး ဥပဒေ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေတို့ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ဘားကောင်စီ ဥပဒေအပါအဝင် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ဦးထွန်း ထွန်းဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အစီရင်ခံစာတွင် ဖော်ပြထားသော ARSA နှင့် အလိုတူပူးပေါင်းသူများ၏ ကျူးလွန်မှုများ၊ မြန်မာ နိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများနှင့် ဒေသခံတိုင်းရင်းသားများ၏ ကျူးလွန်မှုများကိုလည်း အမှုဖွင့် အရေးယူထားကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးက၂၀၂၀ နိုဝင်ဘာလ၂၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ အမှုများထဲမှ အမှုပေါင်း ၁၁၀ ကိုသာ အမှုဖွင့်ထားပြီး နောက်ထပ် အမှုဖွင့်ရန် ၂၉ မှုကျန်နေသေး ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်ကမူ ပြီးခဲ့သည့် ၅ နှစ် အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အခြေအနေသည် ထင်သလောက် တိုးတက်မှု မရှိကြောင်း သုံး သပ်သည်။
“ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာတော့ Freedom of Expression တို့ Freedom of Assembly တို့က ပြဿနာ ရှိ နေတာကို တွေ့ရတယ်။ နယ်စပ်ဒေသတွေမှာဆိုရင်တော့ မတရားသဖြင့် ဖမ်းဆီးမှုတွေ၊ ညှင်းပန်းမှုတွေ၊ Extra Judicial Killing လို့ခေါ်တဲ့ တရားစီရင်မှု မရှိဘဲ သတ်ဖြတ်တာတွေ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိနေတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အချက်အလက်များအရ ၂၀၂၀ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတွင် ပြစ်ဒဏ်ချခံရသူ၊ အာမခံဖြင့် ပြင်ပမှ တရားရင်ဆိုင်နေရသူနှင့် အချုပ်ထဲမှ တရားရင်ဆိုင်နေရသူ နိုင်ငံရေး အကျဉ်းသား ၆၀၁ ဦး ရှိနေကြောင်း သိရသည်။
သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ နိုင်ငံရေး အကျဉ်းသားဆိုသည်မှာ နိုင်ငံရေး ယုံကြည်ချက်အရ ဥပဒေနှင့် အညီလွတ်လပ်စွာ ဆန္ဒဖော်ထုတ်မှုကြောင့် အရေးယူခံထားရသူများဖြစ်ပြီး ဥပဒေချိုးဖောက်သူများသည် နိုင်ငံရေးအကျဉ်း သားများ မဟုတ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၈ က သတင်းထောက်များအား ဖြေကြားထားသည်။
အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် ပိုမိုတိုးတက်ရေး ဆောင်ရွက်မည်ဆိုပါက ထိရောက်သည့် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးဘိုကြည်က ပြောကြားသည်။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကမူ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၏ ပြောဆိုချက်သည် မှန်ကန်ကြောင်း ထောက်ခံ ပြောဆိုသည်။
“အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေ အပေါ်မှာ နိုင်ငံသားတွေက ပြန်ပြီး ဝေဖန်ခွင့် ဆန္ဒထုတ်ဖော်ပိုင်ခွင့်တွေ ရှိတယ်။ ပြီးရင် ခုန က ပြောသလို အဖွဲ့အစည်းတွေကို ကြောက်ရွံ့တဲ့ စိတ်ကတဖြည်းဖြည်းနဲ့ လျော့လာပြီးတော့မှ လူတွေဟာ ရဲရဲတင်းတင်း ပြောရဲဆိုရဲ ရှိလာတယ်။ ဒီမိုကရေစီ စံနှုန်းတွေအတိုင်း အပြည့်ရပြီလားဆိုရင် အဲဒီလိုတော့ အပြည့်အဝ မရသေးဘူး” ဟု ၎င်းက ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သည့် အစိုးရအနေနှင့် လာမည့် ၅ နှစ်တာကာလအတွင်း ဒီမိုကရေစီ နှင့် လွတ်လပ်ခွင့်များကို ယခုထက် ပိုမိုတိုးတက်ရန် ဆောင်ရွက်မည်ဆိုပါက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့် နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုဥပဒေ အပါအဝင် ဒီမိုကရေစီစံနှုန်းနှင့် ညီညွတ်မှု မရှိသည့် ဥပဒေများကို ပြုပြင် ပြဋ္ဌာန်းပေးသင့် ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။
You may also like these story:
စစ်တွေ၌ လူ့အခွင့်အရေးနေ့ကမ်ပိန်း လုပ်သူ ၃ ဦး ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ခံရ