ကိုဗစ်ကာကွယ်ဆေးထိုးထားသူများ အနေဖြင့်လည်း ကိုဗစ်ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာရန် လိုအပ် ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတိပေးလိုက်သည်။
COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူ ဖြစ်စေ COVID-19 ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်၍ တိကျစွာ မဖြစ်မနေ လိုက်နာ ကျင့်သုံးနေရမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက သတိပေးထားခြင်း ဖြစ်သည်။
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “ကာကွယ်ဆေး ထိုးပြီးတော့ ပါးစပ်နဲ့ နှာခေါင်းစည်း မတပ်တာတို့ ဒါမျိုးတော့ လုပ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးထိုးတဲ့ လူတိုင်း ၁၀၀ ရာ ခိုင်နှုန်း မကာကွယ်နိုင်ပါဘူး။ ကာကွယ်ဆေးသည် အခု ထိုးပြီးတာနဲ့ အခု ထိရောက်မှု ရှိတာ မဟုတ်ပါဘူး။ ထိုးပြီးရင် ၂ ပတ်လောက်ကြာမှ ကိုယ်ခံအားက သတ်မှတ်ထားတဲ့ Level လောက်အထိ ရောက်တာ ဖြစ်တဲ့အတွက် ဒီကြားထဲမှာလည်း ရောဂါပိုး ကူးစက်နိုင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် COVID-19 ကာကွယ်ဆေး COVISHIELD သည် အနည်းဆုံး ၆၂ ရာခိုင်နှုန်းမှ အများ ဆုံး ၉၀ ရာခိုင်နှုန်း၊ ပျမ်းမျှအားဖြင့် ဆိုပါက ၇၀ ရာခိုင်နှုန်းခန့် ကာကွယ်နိုင်သည်ဟု သိရသည်။
COVID-19 ကာကွယ်ဆေးသည် ဆေးထိုးထားသူအတွက် ရောဂါကာကွယ်မှု အတိုင်းအတာတခု အထိပေးနိုင်သော် လည်း ထိုသူမှတဆင့် အခြားသူများထံ ရောဂါကူးစက်နိုင်မှု အခြေအနေကို နိုင်ငံတကာတွင် ဆက်လက် လေ့လာဆဲ ဖြစ် ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိပြီ ဖြစ်သော်လည်း မပေါ့ဆကြဘဲ သတိထားရန် လိုအပ်ကြောင်းနှင့် ပြည်သူ့အချို့ အနည်းငယ် ပေါ့ဆသွားမည်ကိုလည်း စိုးရိမ်သည့်အပြင် လက်ရှိ ကူးစက်မှုနှုန်း ကျဆင်းလာသည့် အနေအထားကို ဆက် လက်ထိန်းသိမ်းထားကြစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ထမ်းများအား သားဖွားသင်တန်းကျောင်း (နေပြည်တော်)၌ ကာကွယ်ဆေး ထိုး ပေးမှုကို သွားရောက်ကြည့်ရှုစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပထမအသုတ်အနေဖြင့် ရောက်ရှိထားသည့် ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲမှ ကျန်းမာရေး ဝန်ထမ်းများကို ယနေ့မှ စတင်ပြီး ကိုဗစ် ကာကွယ်ဆေးထိုးပေးနေခြင်း ဖြစ်ပြီး တပတ်အတွင်း အပြီးသတ်ထိုးမည် ဖြစ်ကာ အဆင့်လိုက် ဆက်လက် ထိုးမည်လည်း ဖြစ်သည်။
လက်ရှိ ထိုးနှံသည့် ကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုးနည်းပြီး ကာကွယ်ဆေးထိုးနှံသူ ၁,၀၀၀ တွင် ၁ ယောက်ခန့် သာ ပိုမိုပြင်းထန်သည့် လက္ခဏာများ ခံစားရခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
“၁ ရာခိုင်နှုန်းလောက်ကတော့ သာမန် လက္ခဏာ ဖြစ်တယ်။ ဆေးထိုးတဲ့ နေရာမှာ နီတာ၊ နာတာ၊ ယောင်တာ၊ ခေါင်း ကိုက်တာ ဒီလိုမျိုးတော့ ဖြစ်ပါတယ်။ ဒါတွေကလည်း ကြာရှည် မဖြစ်ပါဘူး။၂၄ နာရီအတွင်းမှာ ပြန်ကောင်းသွားတာများ ပါတယ်” ဟု ဒေါက်တာ ခင်ခင်ကြီးက ရှင်းပြသည်။
ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရောဂါပိုး ဝင်ရောက် ကူးစက်ခံရပါက ရောဂါပိုး၏ ဆိုးရွားပြင်းထန်စွာ ခံစားရမည့် အဆင့် အထိ မရောက်ခြင်း၊ သေဆုံးခြင်းတို့ မဖြစ်ပွားနိုင်ကြောင်း သိရသည်။
COVID-19 ကာကွယ်ဆေးများသည် ဓာတ်ခွဲခန်းနှင့် သုတေသန လေ့လာ စမ်းသပ်ရာတွင် စွမ်းရည်ထက်မြက်မှု (Efficacy) ရှိသည်ကိုသာ သိရှိရသေးပြီး ရောဂါကာကွယ်မှု စွမ်းရည်မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလ အတိုင်းအတာ မည်မျှရှိမည် စသည့် အချက်များအားလည်း ဆက်လက် လေ့လာဆဲ ဖြစ်သည်။
COVID-19 ကာကွယ်ဆေး (COVISHIELD) ထိုးနှံပြီးသူများ အနေဖြင့် ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ပြန်လည် ထိုးရမည် ဖြစ်သည်။
ယခုရောက်ရှိနေသည့် ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲအပြင် ဖေဖော်ဝါရီလ ပထမပတ်တွင်လည်း ကာကွယ် ဆေး၂ သန်းခန့် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
ဇန်နဝါရီလ၂၉ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ၃၀ ရက်တွင် အမျိုးသားလွှတ်တော်နှင့် တပ် မတော်သား ကိုယ်စားလှယ်များကို ထိုးနှံပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်မှစတင်ကာ အစိုးရ အဖွဲ့ဝင်များ အပါအဝင် နိုင်ငံတဝန်းတွင် စတင် ထိုးနှံပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မတ်လ၂၃ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၃၇,၉၉၆ ဦး ရှိနေပြီဖြစ်ကာ သေဆုံးသူ ၃,၀၈၂ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၂၂,၇၈၁ ဦး ရှိပြီ ဖြစ်သည်။
You may also like these stories:
အန္တရာယ်ကင်းစွာနဲ့ ကာကွယ်ဆေးထိုးနိုင်အောင် စီစဉ်ထားတယ်