လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားဖို့ ဒီကနေ့ နေပြည်တော်မှာ အစိုးရနဲ့ တပ်မတော် တာဝန်ရှိသူ တချို့အကြား တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် တိကျတဲ့ အဖြေရလာဒ်တခုမှ မထွက်ခဲ့ပါဘူး။
တပ်မတော်ဘက်က ရွေးကောက်ပွဲ ကော်မရှင်အပေါ် အယုံအကြည်မရှိတာတွေ၊ မဲကွာဟမှုတွေ ဖြေရှင်းဖို့နဲ့ မကြာခင် ကျင်းပမယ့် တတိယ အကြိမ် လွှတ်တော်အစည်းအဝေး ယာယီရွှေ့ဆိုင်းဖို့ ဆွေးနွေးခဲ့ပေမယ့် ရှင်းလင်းတဲ့ အဖြေ မထွက်ဘူးလို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ အစိုးရဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ယုံကြည်စိတ်ချရသူ ၂ ဦးကို စေလွှတ်ခဲ့တာ ဖြစ်ပြီး တပ်ဘက်ကတော့ အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။
နေပြည်တော်ရဲ့ ဒီကနေ့ အခြေအနေက ရဲတပ်ရင်းပေါင်းများစွာနဲ့ အစောင့်ချထားပြီး တတိယအကြိမ် လွှတ်တော်တက် ဖို့ လာရောက်တဲ့ အာဏာရ ပါတီ လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ရာ စည်ပင်ရိပ်သာမှာလည်း လုံခြုံရေး တိုးမြှင့်ထားပါတယ်။

ခိုင်လုံတဲ့သတင်းတွေ အရတော့ ယနေ့ ညနေ ၄နာရီခန့်မှာ တာဝန်ရှိသူတွေ လိုက်ပါလာတဲ့ကားဟာ လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုရာ စည်ပင်ရိပ်သာထဲကို ဝင်ရောက်မှုတွေ ရှိတယ်လို့ သိရပါတယ်။
ယနေ့မှာဆိုရင် တပ်မတော် ရဲ့ သံချပ်ကာ ယာဉ်တချို့ ရန်ကုန်မှာ လှုပ်ရှားသွားလာနေ တာကို လူမှုကွန်ရက်တွေပေါ်မှ ပျံနှံ့နေတဲ့အတွက် ပြည်သူများ အနေဖြင့် အထိပ်တလန့် ရှိနေပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မနေ့က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အရာရှိကြီးတွေ ပြောတဲ့ မိန့်ခွန်းမှာ ဥပဒေဆိုတာ လေးစားလိုက်နာရမှာ ဖြစ်ပြီး မလိုက်နာဘူးဆိုရင် ဖျက်ပစ်မယ်လို့ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ပါဝင်လာတဲ့အချက်က အများပြည်သူအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
မနက်ဖြန်တော့ နေပြည်တော်၊ လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ကိုဗစ်ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးတော့မှာ ဖြစ်ပြီး နောက်တရက် ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ တပ်မတော်သားကိုယ်စားလှယ် တွေကို ထိုးနှံပေးတော့မှာ ဖြစ်ပါတယ်။
ဒီနိုင်ငံရေး အကျပ်တည်း အခြေအနေကို မြန်မာအရေးစောင့်ကြည့်လေ့လာသူများနှင့် အထူးသဖြင့် နိုင်ငံခြားသံတမန်များက အထူးစိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။
You may also like these stories:
ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း
မျိုးချစ်ဆိုသူများ၏ ကျောက်တိုင်စိုက်ပွဲ ထောက်ပံ့ခြင်းမရှိဟု တပ်မတော်ငြင်း
ရုရှားကာကွယ်ရေးဝန်ကြီးကို တပ်မတော်က ကော်ဇောနီဖြင့် ကြိုခဲ့သည်