ရန်ကုန်မြို့မှ လာသည့် မော်တော်ယာဉ်များကို နေပြည်တော်မြို့အဝင်ဂိတ်ဖြစ်သည့် ၁၁၅ မိုင်တွင် ပြန်လှည့် ခိုင်းနေ သည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ မမှန်ကြောင်း ဖြူးအမြန်လမ်းမကြီး ရဲစခန်းက အတည်ပြု ပြောဆိုသည်။
တပ်မတော်က အာဏာသိမ်း၍ ရကြောင်း ပြောဆိုချက်များ ထွက်ပေါ်ပြီးနောက် နေပြည်တော်သို့ ဝင်ခွင့်မပြုတော့ဘဲ အမြန်လမ်းမှ လှည့်ပြန်ခိုင်းကြောင်း ကောလဟလများ ယနေ့မနက်ပိုင်းတွင် Facebook လူမှုကွန်ရက်၌ ပျံ့နှံ့နေခြင်း ဖြစ်သည်။
သို့သော် ဖြူးအမြန်လမ်းမကြီး စခန်းမှူး ဒုရဲမှူး လှိုင်ဇော်ဦးက ၎င်းသတင်းမှာ ကောလဟလသာ ဖြစ်ပြီး COVID-19 ဆေး ထောက်ခံစာ မပါဘဲ လူစုလူဝေးနှင့် သွားလာသူများကို ပြန်လွှတ်သည့် ကားအရေအတွက် များပြားသွားခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီသို့ ဖြေကြားသည်။
“COVID-19 စစ်ဆေးချက် မပါတဲ့ ကားတွေ များလို့၊ သွားတဲ့လူတွေက များတော့ စစ်တဲ့အခါမှာ နည်းနည်းလေး များသွား တာပါ။ ဒီနေ့မှ မဟုတ်ပါဘူး။ မနေ့ကတည်းကပေါ့။ ညတုန်းကဆိုရင် တော်တော်များလိမ့်မယ် ထင်တယ်၊ သီးခြား ညွှန် ကြားတာ မရှိပါဘူး အခါတိုင်းလည်း ဒီလိုပဲ ကား များတဲ့ ရက်မျိုးတွေ အခုလို စနေ ၊တနင်္ဂနွေတို့ ၊ သောကြာတို့မှာ ဝင်တဲ့နေရာလေးတွေမှာ ကားကျပ်မှာစိုးလို့ လုပ်တာပါ”ဟု ၎င်းက ဆို သည်။
အမြန်လမ်း ရဲတပ်ဖွဲ့အနေဖြင့် ယခင်ကတည်းကပင် တဦးစ၊ နှစ်ဦးစ ယာဉ်ငယ်နှင့် လာသူများမှအပ COVID-19 ဆေးထောက်ခံစာ မပါဘဲ လူစုလူဝေးနှင့် လာသူများကို လက်ခံခြင်းမပြုဘဲ ပြန်လွှတ်ခြင်း ဖြစ်ကြောင်းလည်း ပြောသည်။
ယနေ့တွင်လည်း နေပြည်တော် ၌ သမ္မတနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌတို့အပေါ် စာချွန်တော်လျှောက်ထားမှုနဲ့ ပတ်သက်ပြီး စစ်ဆေးရန် သင့်၊ မသင့် ကြားနာပွဲ ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော်ရုံးချုပ် အနီးတွင် ပြည်ထောင်စု ကြံခိုင်ရေးပါတီ ထောက်ခံသူများ အင်အားပြခဲ့သဖြင့် ရဲတပ်ရင်းများဖြင့် အင်အားတိုး၍ လုံခြုံရေးတင်းကျပ်ခဲ့သည်။
ယမန်နေ့ကလည်း တပ်မတော်သည် ရွေးကောက်ပွဲ ကော်မရှင်အပေါ် အယုံအကြည် မရှိသည့်အတွက် မဲကွာဟမှုများကို ဖြေရှင်းရန်အပြင် မကြာခင် ပြုလုပ်တော့မည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေး ယာယီရွှေ့ဆိုင်းရန် အစရှိသည့် အချက်များကို အစိုးရနှင့် ဆွေးနွေးနေသော်လည်း အဖြေအတိမကျ ထွက်ရှိခြင်း မရှိခဲ့ဟု သိရသည်။
ထို့ပြင် ဇန်နဝါရီလ ၂၈ ရက်ကလည်း တပ်မတော် သံချပ်ကာ ယာဉ်တချို့ ရန်ကုန်မြို့ထဲတွင် လှုပ်ရှားသွားလာနေသည့် ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ထွက်ပေါ်လာခြင်း၊ ဗန်းမော်မြို့တွင် အစမ်းလေ့ကျင့် မောင်းနှင်ခြင်းများကြောင့် ပြည် သူလူထုကြားတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်။
You may also like these stories:
ရွေးကောက်ပွဲရလဒ် ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှ ဆန့်ကျင်ကြောင်း သံရုံးများကြေညာ
အာဏာသိမ်း ဆိုသည့်စကားရပ်အပေါ် ဘယ်လိုတုန့်ပြန်ကြသလဲ