တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ဇန်နဝါရီလ၂၈ ရက် ညနေ ပိုင်းက ကြေညာသည့် အပစ်အခတ် ရပ်စဲရေးထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်လည်း ပါဝင်လာခြင်းမှာ အပြုသဘော ဆောင်သည့် တိုးတက်မှု ဖြစ်ကြောင်း ရက္ခိုင်စစ်တပ် (AA) က ပြောဆိုသည်။
တပ်မတော်၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ တဝန်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စ ရပ်များမှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ ရပ်ဆိုင်း ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆက် လက် ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကမ္ဘာတဝှမ်း ရင် ဆိုင်ရလျက်ရှိသည့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ရေးတို့ အတွက် ထိုသို့ ထုတ်ပြရခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ရက္ခိုင်စစ်တပ် (AA) မှ သတင်း ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ “မနေ့က ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင် ဒါဟာ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှု တခုလို့တော့ ပြောလို့ရတာပေါ့။ ဒါပေမယ့် ဒီထက်ပိုတဲ့ အစိုးရဘက်ကလည်းပဲ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ လုပ်လာမယ်ဆိုလို့ရှိရင် တော့ ဒါပိုပြီးတော့ အလားအလာ ကောင်းလာမယ်လို့တော့ ပြောလို့ရတယ်” ဟု ပြောသည်။
သို့သော် အဆိုပါ ထုတ်ပြန်ချက်တွင် သတိထားစရာများ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
ခိုင်သုခ က “နိုင်ငံတော် ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များမှအပဆိုတဲ့ အဲဒီစကားရပ်ကို သုံးစွဲထားတာကို တွေ့ရတယ်။ ဆိုတော့ ကျနော် သတိထားသလောက်ကတော့ အခု ကရင်ပြည်နယ်ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အဲဒီစကားရပ်အောက်မှာ ဖြစ်နေတာ ဖြစ်နေတယ်။ မြန်မာ စစ်တပ်ဘက်က အသုံးအနှုန်းအရဆိုရင်တော့ အုပ်ချုပ်မှု လုပ် ငန်းတွေကို ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတွေကို နှောင့်ယှက် ပစ်ခတ်တယ်ဆိုတဲ့ အဲဒီလို ပြောဆိုမျိုးတွေနဲ့ တိုက်ပွဲဖြစ်နေတာကို တွေ့နေရတယ်။ ဒါကြောင့်မို့လို့ သတိထားစရာတွေတော့ ရှိတာပေါ့ဗျာ” ဟု ပြောဆိုသည်။
တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ယခင်က အကြိမ်ကြိမ် ကြေညာခဲ့သော်လည်း အကြမ်းဖက်အဖွဲ့ အစည်းများ ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ဒေသကို ချန်လှန်ထားခဲ့ရာ၊ ယခုတကြိမ် ပါဝင်လာခြင်းမှာ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုဟု စစ်ရေး ၊နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုးက “မနေ့က ထုန်ပြန်တဲ့ ကြေညာချက်ကို ကြည့်ခြင်းအားဖြင့် အပစ်အခတ်ရပ်တဲ့ အထဲမှာ ရခိုင်ဒေသပါ ပါတယ်လို့ မှတ်ယူလို့ ရပါတယ်။ လက်တွေ့လည်း ရခိုင်မှာ အပစ်ရပ်နေပြီဆိုတော့ ထည့်သွင်း ကြေ ညာလိုက်တယ်လို့ ပြောရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “လက်တွေ့ မြေပြင်အခြေအနေမှာ လည်း နှစ်ဖက် အပစ်အခတ် ရပ်စဲထားကြတယ်။ တပ်မတော်က မနေ့က ထုတ်ပြန်တဲ့ အထဲမှာလည်း တနိုင်ငံလုံး အတိုင်း အတာနဲ့ အပစ်အခတ် ရပ်စဲလိုက်တယ်ဆိုတာ ပါလာတော့ ဒါက အပြုသဘောဆောင် လာတယ်လို့ မြင်မိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက်တွင် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ရာ တနိုင်ငံလုံး အတိုင်းအတာဖြင့်လည်း အပစ်အခတ် ရပ်စဲထားပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အားလုံးအနေဖြင့် တပ်မတော်မှ စစ်ရေးလှုပ်ရှားမှု ရပ်စဲပေးထားသည့် ကာလများအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခင်ကထက် ပိုမို ထိရောက် အကျိုးရှိစွာ အသုံးပြု၍ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်ပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် အားလုံးက ဝိုင်းဝန်ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် သုံးနှစ်နီးပါး နေ့စဉ်နှင့်အမျှ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သော၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲနောက်ပိုင်း နှစ်ဖက် အပစ်အခတ်များ ကိုလည်း ရပ်စဲထားကြသည်မှာ လက်ရှိ အချိန်အထိ ဖြစ်သည်။
ထိုသို့ အပစ်အခတ် ရပ်စဲထားသည့်နောက်ပိုင်းတွင် တပ်မတော် ခေါင်းဆောင်ပိုင်းများနှင့် AA ခေါင်းဆောင်တို့သည် ပြီးခဲ့ သော နိုဝင်ဘာလ ၂၅ ရက်က အွင်းလိုင်းတွင် မိနှစ် ၃၀ ကြာ ဆွေးနွေးခဲ့ကြလို ဒီဇင်ဘာလ ၉ ရက်ကလည်း “ ဝ ” ဒေသ ပန်ဆန်းတွင် ၁ နာရီကြာ မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
လာမည့် ဖေဖော်ဝါရီလ အတွင်းလည်း AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မတီတို့ တွေ့ဆုံမည့် အစီအစဉ်များ ရှိသော်လည်း လက်ရှိဖြစ်ပေါ်နေသော အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး အခြေအနေများ ကြောင့် ကြန့်ကြာမှုများ ရှိနိုင်ကြောင်းလည်း စစ်ရေး၊ နိုင်ငံရေး စောင့်ကြည့်သူများက မှတ်ချက်ပြုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ဒေသခံ အရပ်သား သေဆုံးသူ ဒဏ်ရာရသူ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် အထိရှိနေကြောင်း ရခိုင်မျိုး နွယ်များ အစည်းအရုံး (REC) ၏ ကောက်ယူထားသော စာရင်းဇယား အရ သိရှိရသည်။
ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် စစ်ရေ ပဋိပက္ခကြောင့် မြို့နယ် ၉ မြို့နယ် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသလို တိုက် ပွဲကာလအတွင်း ကျေးရွာများ မီးရှို့ခံရမှု၊ သံသယဖြင့် ဖမ်းဆီးခံရမှုတို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရကာ စစ်ဘေးဒုက္ခသည်၂ သိန်းကျော်ရှိခဲ့ပြီး အရပ်သား အစိုးရလက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။
ထိုသို့ နှစ်ဘက် အပစ်ရပ်၍ အပြုသဘောဆောင်သည်ဆိုသော ကြေညာချက်များ ထုတ်ပြန်သော်လည်း AA အဖွဲ့က ဖမ်းဆီးထားသည့် နိုင်ငံဝန်ထမ်းများ ဖြစ်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ဝန်ထမ်းများ နှင့် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်တို့မှာ ယခုချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးပေ။
You may also like these stories:
အစိုးရနှင့် မြောက်ပိုင်း ၄ဖွဲ့ တွေ့ဆုံရေး၊ နေရာညှိမရသေး
အစိုးရနှင့် မြောက်ပိုင်း ၄ဖွဲ့ တွေ့ဆုံရေး၊ နေရာညှိမရသေး