ပြည်သူလူထု၏ ဆန္ဒသဘောထားအား ညှိနှိုင်း အပေးအယူလုပ်ကာ ပြောင်းလဲပါက အခြေခံဥပဒေနှင့် ကော်မရှင် ဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေများအား ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ယမန် နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
“နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တဝန်းလုံး၌ တည်သည်” ဟူသော နိုင်ငံတော်အခြေခံမူအရ မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒသဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျှော့၊ အပေးအယူဖြင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကမျှ ဥပဒေကျော်လွန်ကာ တမျိုးတဖုံ ပြောင်းလဲ၍ ရသည့် ကိစ္စမျိုး မဟုတ် ကြောင်းလည်း UEC က ဆိုထားသည်။
လက်ရှိတွင် မဲစာရင်း မှားယွင်းမှုအပေါ် အခြေခံကာ တပ်မတော်၏ စွပ်စွဲ၊ တောင်းဆိုချက်များ ငြင်းပယ်ခံရပြီးနောက် နိုင်ငံ ရေးအရ တင်းမာလျက်ရှိရာတွင် အာဏာသိမ်းရန် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ဥပဒေအား လိုက်နာခြင်း မရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းရမည်ဟုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထုတ်ဖော်ပြောကြားထား သည်။
တပ်မတော်အနေဖြင့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းများအား စစ်ဆေးရာတွင် ထပ်နေသည့်စာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့်စာရင်း ၁၀ သန်း ကျော်ရှိကြောင်း ထုတ်ပြန်ထားပြီး ပြည်ထောင်စု လွှတ်တော်၊ အစိုးရနှင့် UEC တို့က နည်းလမ်းရှာဖြေရှင်းပေးရန်လည်း တောင်းဆိုထားသည်။
UEC ဘက်ကတော့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့် လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ခြင်း ခံရသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတခုဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၊ အစိုးရတို့နှင့် နည်းလမ်းရှာ ညှိနှိုင်းဖြေ ရှင်းရန်၊ စုပေါင်းအဖြေရှာရန် မည်သည့် ဥပဒေကမျှ အာဏာအပ်နှင်းထားခြင်း မရှိကြောင်း တုံ့ပြန်ထားသည်။
မဲစာရင်း အားနည်းမှုများနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲအဆက်ဆက် ကြုံတွေ့ ခဲ့ရပြီး ယခုရွေးကောက်ပွဲတွင်မှ မဲစာရင်းချို့ယွင်းအားနည်း၍ မဲမသမာမှုအခြေအနေ မဖြစ်နိုင်ကြောင်းနှင့် တပ်မတော် သားများနှင့် အတူနေ မိသားစုဝင်များ၏ မဲစာရင်းများကိုလည်း စိစစ်မှုမရှိဘဲ မဲစာရင်းတွင် ထည့်သွင်းပြုစုပေးခဲ့ကြောင်း လည်း UEC က ဆိုထားသည်။
စစ်ကိုင်းတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌ ဦးတင်ဦးက “ကျနော်ဆို အခြေခံဥပဒေ ဆန္ဒခံယူပွဲထဲက လုပ်ခဲ့တာ မှားတာက တွေ့တာပဲ၊ မဲစာရင်းက မမှားပါဘူးလို့လည်း ဘယ်သူမှအာမခံနိုင်ဘူး၊ ဒါပေမယ့် မဲစာရင်းမှားလို့ မသမာမှုဖြစ် မယ်လို့တော့ ပြောလို့ မရဘူး၊ နိုင်ငံရဲ့ လူဦးရေ ထိန်းသိမ်းတဲ့နည်းလမ်းကိုက မှားနေတာ၊ ဒါတွေသေချာပူးပေါင်းပြီး ပြန် လုပ်မှပဲရမယ်” ဟု ပြောသည်။
တပ်မတော်က ထုတ်ပြန်သည့် မဲစာရင်းမှားယွင်းသည့် အရေအတွက်နှင့် ပတ်သက်၍လည်း ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များက ငြင်းဆိုကြပြီး UEC ရှိ အမှန်တကယ်စာရင်းနှင့် ကွာခြားမှုများ ရှိကြောင်း၊ မဲစာရင်း မှားယွင်မှု အချို့ရှိသည်မှာ မှန်ကန်သော်လည်း မဲဆန္ဒရှင်တဦး အနေဖြင့် အကြိမ်ကြိမ်မဲပေးရန်မှာ မလွယ်ကူကြောင်းလည်း ပြောကြသည်။
ကမာရွတ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်အောင်က “သူတို့ စာရင်းတွေကြေညာထဲက ကျနော်တို့လည်း ပြန်ပြီး စိစစ်တာတွေလုပ်ကြည့်တော့ သူတို့ပြောသလောက်မဟုတ်ပါဘူး၊ စာရင်းတွေ ကွာပါတယ်၊ ညွှန်ကြားလာရင်တော့ ဒီအချက်အလက်တွေက ထုတ်ပေးလို့ရတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း UEC ထံသို့ ကန့်ကွက်လွှာ၂၈၇ မှုလျှောက်ထားမှုရှိခဲ့ပြီး ခုံရုံးအဖွဲ့ဝင်များ၏ စစ်ဆေးပေါ်ပေါက်ချက်အရ လိုအပ်ပါက ဥပဒေနှင့်အညီ ထိန်းသိမ်းထားသည့် မဲစာရင်းအပါအဝင် စာရွက်စာတမ်းများ အား နှစ်ဖက် အမှုသည်များရှေ့တွင် ကြည်ရှုစစ်ဆေးမည်ဖြစ်ကြောင်း UEC က ပြောထားသည်။
သို့သော် ရွေးကောက်ပွဲ အငြင်းပွားမှုမှတဆင့် အာဏာသိမ်းမှုကဲ့သို့ တင်းမာမှုများရှိလာနေသည့်အတွက် လူထုကြား စိုးရိမ်မှုများ မြှင့်တက်လျက်ရှိသည့်အခြေအနေတွင် အဓိကတာဝန်ရှိသည့် UEC အနေဖြင့် တစုံတရာ ထွက်ပြီးဖြေရှင်း သင့်ကြောင်း တိုက်တွန်းမှုများလည်း ရှိနေသည်။
ဦးတင်ဦးက “အခုလို တင်းမာမှုဖြစ်လာတာက ဘယ်သူမှမကောင်းဘူး၊ တပ်ကလည်း သူ့အကွက်တွေ့တယ်ဆိုပြီး နင်း၊ UEC ကလည်း ဥပဒေအရ မှန်တာ လုပ်ထားတာပဲဆိုပြီး တင်းခံပေါ့၊ တကယ်တော့ ဒီလိုအမှားရှိရင်လည်း နောင် ရွေး ကောက်ပွဲတွေမှာ မဖြစ်အောင် အတူပေါင်းပြီးလုပ်ရမှာပေါ့ဗျာ” ဟု သုံးသပ် ထားသည်။
ယင်းပြင် ယခုကဲ့သို့ အငြင်းပွားမှုများသည့် ဥပဒေဆိုင်ရာ ပြဿနာတရပ်သက်သက်မဟုတ်တော့ နိုင်ငံရေးအရ ဖြေရှင်းရ မည့် ပြဿနာရပ်ဖြစ်လာသည့်အတွက် တာဝန်ရှိသူများကြား တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် လိုအပ်ကြောင်းလည်း ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက တိုက်တွန်းထားကြသည်။
The Fifth Pillar အဖွဲ့မှ Program Director & Lawyer၊ ဦးနေဝင်းနိုင်က “UEC အနေနဲ့ ဒီအချိန်မှာတော့ တစုံတရာ ထွက် ပြီးတော့ ပြောဖို့လိုအပ်နေပြီးလို့ ပြောရမှာဖြစ်ပါတယ်။ ထုတ်ပြန်ချက်တွေ ထုတ်နေတာက အလုပ်မဖြစ်ပါဘူး။ ဘာမှ ထွက် မပြောဘဲ နေလေလေ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးတွေက ပိုပြီးတော့ အက်ကြောင်းတွေ ပေါ်လာပြီးတော့ အပျက် ပျက်နဲ့ နှာခေါင်းသွေးထွက်မယ့် သဘောဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် UEC က ကိုယ်လုပ်ထားတဲ့ အလုပ်ကို ကိုယ်တာ ဝန်ခံဖို့ လိုအပ်တယ်လို့ပဲ သုံးသပ်ချင်ပါတယ်” ဟု သုံးသပ်ထားသည်။
လတ်တလော နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်မှုနှင့် ပတ်သက်ပြီး ယမန်နေ့က နေပြည်တော်တွင် အစိုးရနှင့် တပ်မတော် တို့မှ တာဝန်ရှိသူအချို့ တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ဘက်က လွှတ်တော်များ ရွှေ့ဆိုင်းထားရန် တောင်းဆိုမှုရှိခဲ့ပြီး အစိုးရဘက်က လက်မခံခဲ့သည့်အတွက် သဘောတူညီမှု မရရှိကြကြောင်း သိရသည်။
You may also like these stories:
ရွေးကောက်ပွဲရလဒ် ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှ ဆန့်ကျင်ကြောင်း သံရုံးများကြေညာ
ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း