ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနေသော လက်ရှိအစိုးရ နှင့် တပ်မတော် တင်းမာနေသည့် ဆက်ဆံရေးကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းပြီး တည်တည်ငြိမ်ငြိမ်ဖြစ်ရန် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက လိုလားလျက်ရှိကြသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကြောင့် အနောက်နိုင်ငံများမှ တာဝန်သိ ရင်းနှီးမြှုပ် နှံမှုများ လာရောက်ရန် တွန့်ဆုတ်နေချိန်နှင့် ကမ္ဘာ့ကပ် ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ ခံစားနေရချိန်များ၌ နောက် ထပ် နိုင်ငံရေးမတည်ငြိမ်မှုများသည် ပိုမိုဆိုးရွားလာပါက တိုင်းပြည်၏ စီးပွားရေးသည် အကျဘက်သို့သာ ဦးတည် သွားမည်ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး မတည်မငြိမ်ဖြစ်လာပါက နိုင်ငံရေးတွင်လည်း ပုံရိပ်များစွာ ထိခိုက်မည်သလို မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံရန် ပြင်ဆင်နေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအပြင် လက်ရှိရင်းနှီး မြှုပ်နှံထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများပါ ပြန်လည် ထွက်ခွာနိုင်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
“ နိုင်ငံရေးမှာလည်း တော်တော်ကို ဆုတ်ယုတ်သွားနိုင်ပါတယ်။ စီးပွားရေးအရလည်း ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေမှာ အား လုံးရဲ့ ယုံကြည်မှုကို ပျက်ပြားသွားစေနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အကြီးတွေ မလာလို့ရှိရင် အခုလာနေတဲ့ နိုင်ငံတွေက လုပ်ငန်းအငယ်တွေလည်း လာကြတော့မှာ မဟုတ် ဘူး။ သူတို့ပြောသလို တကယ် ဖြစ်လာခဲ့ရင် နိုင်ငံတကာ ပြဿနာ တွေမှာလည်း ပိုပြီး ရှုပ်ထွေးမှုတွေ ဖြစ်သွားနိုင်တယ်”ဟု သူက ဆိုသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများကြားတွင် မြေဧရိယာ ပိုင်ဆိုင်မှု အများဆုံးရှိသည့် နိုင်ငံတခုဖြစ် သော်လည်း စီးပွားရေးအနိမ့်ကျဆုံး နိုင်ငံတခုအခြေအနေသို့ ပြန်လည်မရောက်ရှိစေလိုကြောင်း သူက ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း၌ တပ်မတော်ဘက်က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲသမာများရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို အကြောင်းပြုပြီး နိုင်ငံရေး တင်းမာမှုများ ဖြစ်ပေါ်နေသည့်အပြင် တပ်မတော်၏ သံချပ်ကာ မော်တော်ယာဉ်တချို့ ရန်ကုန် မြို့ပေါ်သွားလာခြင်း၊ တပ်မတော်ထောက်ခံပွဲများ၊ အစိုးရထောက်ခံပွဲများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲ ရလာဒ် ဆန္ဒပြပွဲများ ပိုမိုဖြစ်လာမှုကြောင့် စီးပွားရေးလုပ်ငန်းရှင်များ နှင့် အများပြည်သူများက စိုးရိမ် ထိပ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုအခြေအနေများကြောင့် တချို့သော ပြည်သူများမှာ အခြေခံစားသောက်ကုန်များ ဝယ်ယူစုဆောင်းမှုများ ရှိနေပြီး၊ ကုန်ဈေးနှုန်းများ တက်မည်ကို စိုးရိမ်နေသည်။
သို့သော် ယင်းကောလဟလ သတင်းများကြောင့် ပြည်တွင်းအခြေခံဈေးကွက် အပေါ်သို့ တစုံတရာ ရိုက်ခတ် မှုမရှိသေး ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဧရာဝတီသို့ ပြောသည်။
“ဒီအခြေခံစားသောက်ကုန်တွေက နဂိုကတည်းက ရောင်းမကောင်းဘဲ ဈေးတွေ အကုန်ကျနေတာဆိုတော့ လတ်တလော သက်ရောက်မှုတော့ မရှိပါဘူး ” ဟု သူက ဆိုသည်။
နိုင်ငံရေးမတည်ငြိမ်ပါက တိုင်းပြည်၏ စီးပွားရေးသာမက ပြည်သူလူထုတရပ်လုံးအတွက် မကောင်းမွန်ကြောင်း၊ နိုင်ငံရေး မတည်ငြိမ်ဘဲ အပြောင်းအလဲ တခုခုဖြစ်သွားမည်ကို မလိုလားကြောင်း MKT ဆောက်လုပ်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမြင့်က ပြောဆိုသည်။
“ ကျနော်တို့ ဆောက်လုပ်ရေးလုပ်ငန်းတွေက အခြားလုပ်ငန်းတွေလို မဟုတ်တော့ ဒီလိုမျိုးတွေဖြစ်မှာ ပိုပြီးတော့ စိုးရိမ် တယ်။ ရင်းနှီးမြှုပ်နှံပြီး မြေပြင်ပေါ်မှာ တည်ဆောက်ထားတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ အဆောက်အအုံတွေ အားလုံး ပစ်ထားခဲ့ရမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်ရင် အားလုံး ထိခိုက်ဆုံးရှုံးမှု ကြီးမားပါတယ် ” ဟု သူက ပြောသည်။
ဦးမျိုးမြင့်က ဆက်လက်၍ “ ရွေးကောက်ပွဲကော်မရှင်မှာ အမှားအယွင်းရှိတယ်ဆိုရင် ဥပဒေဘောင်အတွင်းက ဖြေရှင်းပေါ့။ အခုက လုပ်တာက တယောက် ဒါပေမဲ့ ပြည်သူတွေက ကြားထဲက မြေစာပင်ဖြစ်ပြီး လိုက်ခံစားနေရတယ်။ ပြည်သူတွေနဲ့ မဆိုင်ဘဲ စစ်ကားကြီးတွေ လမ်းပေါ်တက်လာတယ် ပြည်သူတွေပါ ခြိမ်းခြောက်ခံနေရတယ်။ ကျနော်အမြင်ကတော့ မဖြစ်ဘူးလို့ ထင်ပါတယ် ခေါင်းဆောင်တွေမှာ ဆင်ခြင်တုံတရားရှိမှာပါ ” ဟု မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းမှ စပြီး ကိုဗစ်ရောဂါကာကွယ်ဆေးများ ရောက်ရှိ၍ စီးပွားရေးလုပ်ငန်းများကို ပြန်လည် ဖွင့်လှစ်ပေးရန် ပြင်ဆင်နေချိန်၌ ယခုလို နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုဆိုးရွားလာပါက တိုင်းပြည်စီးပွားရေးသည် အကျဘက် သို့သာ ထပ်မံထိုးဆင်းသွားပြီး အလုပ်လက်မဲဦးရေများ ပိုမိုတိုးပွားလာရန်သာရှိကြောင်း စီးပွားရေး လုပ်ငန်း ရှင်များက ပြောဆိုကြသည်။
“ပြေပြေလည်လည် ဖြစ်သွားရင်တော့ ကျနော်တို့ တိုင်းပြည်အတွက် အကောင်းဆုံးပေ့ါဗျာ၊ စီးပွားရေးတခုတည်းကို မပြော လိုပါဘူး။ စီးပွားရေးဆိုတာက တိုင်းပြည်ရဲ့ အစိတ်အပိုင်းတခုပေါ့။ နိုင်ငံတနိုင်ငံလုံးနဲ့ ချိန်ဆပြီးတော့ လူကြီးတွေ အနေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ကြရင်တော့ သားရွှေအိုးထမ်းလာသလိုဖြစ်မှာပေါ့ ” Dagon Group of Companies ဥက္ကဌ ဦးဝင်းအောင်(UMFCCI ဥက္ကဋ္ဌဟောင်း) က ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေသော ကြိုးပမ်း အားထုတ်မှု မှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်င်ငံဆိုင်ရာ ဥရောပနိုင်ငံများ၏ သံရုံးအသီးသီးက ယမန်နေ့ မနက်ပိုင်းက ကြေညာချက် ထုတ်ပြန်ထားကြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများအပြားပြုလုပ်ထားသော ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကလည်း ၎င်းတို့၏ ကုမ္ပဏီများကို လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး ဂရုတစိုက်စောင့်ကြည့်နေကြရန် သတိပေးစာများ ထုတ်ပြန်ထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယနေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာချက် တစောင်ထုတ်ပြန်ရာတွင် တပ်မတော်အနေဖြင့် တည် ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်လျှက် ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှသာ ဥပဒေနှင့် အညီ တုန့်ပြန်မည်ဟု ဖော်ပြထားသည်။
You may also like these stories:
စီးပွားရေး အကျပ်အတည်းကြောင့် ပုဂံကို စနစ်တကျ ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို
ရခိုင်ပြည်နယ်၌ စပါးဝယ်သူမရှိ၍ တောင်သူများ အခက်ကြုံ
ဘော်တွင်းသတ္တုစီမံကိန်းအတွက် နေရာပြောင်းရန် ပြောဆိုမှု ဒေသခံများ လက်မခံ