တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစား၊ မလိုက်နာပါက အဆိုပါဥပဒေကို အသုံးပြုရန် မလိုတော့သဖြင့် ဖျက်ပစ်ရမည်ဖြစ်ကြောင်း” ပြောကြားချက်ဟာ အခြေခံဥပဒေရဲ့ သဘောကို နားလည်သဘောပေါက်စေဖို့ ဆွေးနွေးပြောကြားခြင်းသာ ဖြစ်ကြောင်း တပ်မတော်က ယနေ့ (ဇန်နဝါရီ ၃၀ ရက်) ရက်စွဲနဲ့ ရှင်းလင်း ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်အပေါ် တချို့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိမ့်မယ်ဆိုပြီး လိုရာဆွဲ ရေးသားပြောဆိုချက်တွေ ရှိလာတာမို့ ယခုလို ရှင်းလင်း ထုတ်ပြန်တာလို့ ဖော်ပြပါတယ်။
ဒါ့အပြင် တပ်မတော်အနေနဲ့ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းကသာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်နာဖို့၊ ဥပဒေကို မလေးစား မလိုက်နာရင် အဆိုပါ ဥပဒေကို အသုံးပြုရန် မလိုတော့သဖြင့် ဖျက်ပစ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုမှုအပေါ်မှာ ပြည်တွင်းပြည်ပကပါ စိတ်ဝင်စားလာပြီး စစ်တပ်က အာဏာသိမ်းတော့မလားဆိုတဲ့ စိုးရိမ်မှုတွေပါ ဖြစ်ပေါ်စေခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် အခုလို မပြောဆိုမီ တရက်က တပ်မတော်ရဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ လက်ရှိ အခြေအနေတွေအရ တပ်မတော်က အာဏာ မသိမ်းဘူးလို့ ပြောလို့ ရမလားဆိုတဲ့ သတင်းထောက်တယောက်ရဲ့ မေးခွန်းကိုလည်း တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက“မရပါဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။
အခုလို အစိုးရနဲ့ တပ်မတော်တို့ကြား ၂ ဖက် တင်းမာနေမှု အမြင့်ဆုံး အခြေအနေကို ရောက်ရှိလာရတဲ့ အကြောင်းပြချက်တွေကို ပြန်ကြည့်ကြရအောင်ပါ။ အထူးသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီ အဓိက ဦးတည်ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် ကာလမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သက်ပြီး တပ်မတော်က မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ တပ်မတော်က နိုဝင်ဘာလ ၂ ရက်နေ့မှာ စတင် ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲကာလ မတိုင်မီ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အချက် ၇ ချက်ပါတဲ့ တပ်မတော်ရဲ့ သဘောထား ဖြစ်ပါတယ်။
တပ်မတော်က UEC ရဲ့ ကြိုတင်ပြင်ဆင်မှုတွေ ကိုင်တွယ်ရာမှာ မှားနေကြောင်းပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ အဲဒီကြေညာချက်က အစိုးရက ဖွဲ့စည်းပေးထားတဲ့ UEC ရဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်စွမ်းအပေါ် သံသယ ရှိကြောင်း ပြောပြီး အစိုးရက ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို ဘာမှ အရေးယူတာ မရှိဘူးလို့ ပြောပါတယ်။
တပ်မတော်ရဲ့ စွပ်စွဲချက်တွေကို သမ္မတရုံးက ပယ်ချပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ အစိုးရနဲ့ သီးခြားကင်းလွတ်ကြောင်း၊ အချို့နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလတွေရဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်တွေကို အခြေခံကြောင်းနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အထောက်အကူ မဖြစ်ရုံသာမက စိုးရိမ်ပူပန်မှုတွေနဲ့ မတည်ငြိမ်မှုတွေကို ဖြစ်စေကြောင်း သမ္မတရုံးက ပြန် ဝေဖန်ပါတယ်။
တပ်မတော်က သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ကို ရှည်ရှည်လျားလျား ပြန်တုံ့ပြန်ပါတယ်။ သမ္မတဟာ UEC ရဲ့ လုပ်ရပ်တွေကို လျစ်လျူရှုနေတယ်လို့ ပြောပါတယ်။ “အရည်အချင်းမပြည့်မှီ သို့မဟုတ် သူ၏တာဝန်များကို ထမ်းဆောင်ခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့် ဒုတိယသမ္မတကို စွဲချက်တင်နိုင်ကြောင်း မှတ်သားသင့်သည်” လို့လည်း ဆိုပါသေးတယ်။
အပြန်အလှန် ထုတ်ပြန်ကြေညာမှုတွေကြား ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒနဲ့ ရလာတဲ့ ရလဒ်ကို လက်ခံရမှာ ဖြစ်တယ်လို့ ဧရာဝတီက မေးမြန်းတဲ့အခါ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပမှုအပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ရှိတယ်ဆိုပြီး တပ်မတော်က ထုတ်ပြန်လာပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ သံသယကင်းစွာ အသိအမှတ်ပြုနိုင်ဖို့အတွက် စာရွက်စာတမ်းတွေ မိတ္တူကူးဖို့ စတောင်းပါတယ်။
ရွေးကောက်ပွဲကော်မရှင်က စာရွက်စာတမ်းတွေ တပ်မတော်ကို ထုတ်ပေးဖို့ ငြင်းပါတယ်။ ရွေးကောက်ပွဲ အငြင်းပွားမှု တိုင်ကြားချက်တွေကို ကြားနာမှာ ဖြစ်ပြီး လိုအပ်ရင် မဲတွေ ပြန်ရေမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ကိုယ်စားလှယ်ဦးရေ လေးပုံတပုံမဲနဲ့ အထူးအရေးပေါ် ပြည်ထောင်စု လွှတ်တော်ခေါ်ပေးဖို့ ထပ်ပြီး တောင်းဆိုလာပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ အချက် ၁၂ ချက်ပါတဲ့ ထုတ်ပြန်ချက်တစောင်ကို ထပ်မံထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက် နောက်ဆုံးအပိုဒ်မှာ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေဖို့ ပြည်ထောင်စု လွှတ်တော် သို့မဟုတ် နိုင်ငံတော် အစိုးရ သို့မဟုတ် ရွေးကောက်ပွဲ ကော်မရှင်တို့ကနေ နည်းလမ်းရှာပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီအခြေအနေကနေ အရှိန်မြင့်လာခဲ့တာ နောက်ဆုံး စစ်အာဏာသိမ်းနိုင်ခြေ ရှိကြောင်း ပြောဆိုသံတွေ ဆူညံလာခဲ့ပြီး တပ်မတော် သံချပ်ကာယာဉ်တွေ လမ်းပေါ် ထွက်မောင်းတဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ တွေ့လာခဲ့ရပါတယ်။
ဒီလိုအခြေအနေတွေမှာ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုလို ဒီမိုကရေစီနိုင်ငံတွေနဲ့ နောက်ဆုံး နိုင်ငံတော် သံဃ မဟာ နာယကလို အဖွဲ့ မျိုးကပါ ကြေညာချက်တွေ ထုတ်ပြီး ညှိညှိနှိုင်းနှိုင်း အဖြေရှာဖို့ မိန့်ကြားလာပါတယ်။
နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားဖို့ အစိုးရဘက်က တာဝန်ရှိသူတချို့နဲ့ တပ်မတော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ၂ ဦးတို့ နေပြည်တော်မှာ တွေ့ ဆုံ ဆွေးနွေးမှုတွေကို ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ရွေးကောက်ပွဲ ကော်မရှင်အပေါ် အယုံအကြည်မရှိတာတွေ၊ မဲကွာဟမှုတွေ ဖြေရှင်းဖို့နဲ့ မကြာခင် ကျင်းပမယ့် တတိယ အကြိမ် လွှတ်တော်အစည်းအဝေး ယာယီရွှေ့ဆိုင်းဖို့ ဆွေးနွေးခဲ့ပေမယ့် ရှင်းလင်းတဲ့ အဖြေမထွက်ဘူးလို့ သိရပါတယ်။
ပြီးတော့ တပ်မတော်ဘက်က သမ္မတ ဦးဆောင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အတည်ပြုဖို့ ခက်နေတဲ့ သတင်းတချို့အရ အစိုးရဘက်က သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့ ၃ ဦး တွေ့ဆုံဆွေးနွေးပြီး အစိုးရဘက်က အဆိုပြုချက်တချို့ကို တပ်မတော်ဘက်ကို ပေးထားတယ်လို့ သိရပါတယ်။
နိုင်ငံရေးရာသီဥတု မှုန်မှိုင်းလာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်၊ ရန်ကုန်မြို့က နိုင်ငံတကာ သံရုံး တချို့ကပါ တပ်မတော်ကို ဆက်သွယ်လာပြီး ပြောဆိုမေးမြန်းမှုတွေ ရှိနေပါတယ်။
တပ်မတော်ဘက်ကတော့ တချို့ မီဒီယာတွေရေးနေသလို တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်ဆိုတာ မဟုတ်ကြောင်း၊ တပ်မတော်ရဲ့ ထုတ်ပြန်တွေအထဲမှာလည်း ရွေးကောက်ပွဲ ရလဒ် ပြောင်းလဲပေးပါလို့ တောင်းဆိုထားတာ မရှိကြောင်း ပြန်လည် ရှင်းပြခဲ့တယ်လို့ တပ်မတော်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီနေ့ နေ့လယ်ပိုင်း နောက်ဆုံး ထုတ်ပြန်ချက်ဟာ အများပြည်သူကြားမှာ ဖြစ်နေတဲ့ စစ်အာဏာသိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ပါးသွားအောင် တပ်မတော်က သတင်းစကား ပေးပို့တာလို့ ယူဆသူတွေ ရှိပါတယ်။
နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက “ခု ထုတ်ပြန်ချက်က လတ်တလောဖြစ်နေတဲ့ tension ကိုတော့ အတိုင်းအတာ တခုထိ လျော့သွားနိုင်မယ်လို့ ထင်တယ်။ သို့သော်လည်း ပြည်သူလူထုကြားထဲမှာ စိုးရိမ်မှုက ဆက်ပြီး ရှိနေအုံးမယ့် သဘောတော့ ရှိတယ်။ နောက်ပိုင်းရက်တွေမှာ လွှတ်တော်တွေ ခေါ်ယူတဲ့ အစိုးရဖွဲ့စည်းတဲ့ လုပ်ငန်းစဉ်မှာ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အရပ်ဘက်ခေါင်းဆောင်တွေ စစ်ဘက် ခေါင်းဆောင်တွေကြားမှာ ဟန်ချက်ညီညီနဲ့ ဆောင်ရွက်လာနိုင်မှုနဲ့ သက်သေပြနိုင်မယ်ဆိုရင်တော့ လာမယ့် ရက်ပိုင်းတွေမှာ ဒီ ပြည်သူလူထုကြားမှာ ရှိနေတဲ့ စိုးရိမ်မှုတွေကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လျော့ချနိုင်လိမ့်မယ်” လို့ ဧရာဝတီကို ပြောဆိုသွားခဲ့ပါတယ်။
You may also like these stories:
နိုင်ငံရေး တည်ငြိမ်စေဖို့ စီးပွားရေးလုပ်ငန်းရှင်များ လိုလား
ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း
အာဏာသိမ်းလျှင် ငြိမ်းချမ်းရေးပျက်ပြီး လက်နက်ကိုင် ပဋိပက္ခ ပိုဆိုးမည်ဟု KNU သတိပေး
အာဏာသိမ်းမိသူတဦး၏ နိုင်ငံရေး သံဝေဂတရား