သတင်း

အရေးပေါ် အခြေအနေ ကြေညာ၊ ဦးမြင့်ဆွေ ယာယီသမ္မတ တာဝန်ယူ

ဖေဖော်ဝါရီလ ၁ ရက်တွင် လက်ရှိ ခေါင်းဆောင်များ ဖြစ်သော သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အပါ အဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ခေါင်းဆောင်များ၊ ပါတီဝင်တချို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အာဏာသိမ်းလိုက်ကြောင်း ကြေညာကာ၊ ယာယီ သမ္မတအဖြစ် ဦးမြင့်ဆွေက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ပိုင် သတင်းဌာန ဖြစ်သည့် မြဝတီသတင်း၌ ကြေညာလိုက်သည်။

အရေးပေါ် အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံ တဝန်းလုံး ဖြစ်ကြောင်းနှင့် ယခုအမိန့်အား ထုတ် ပြန်သည့်နေ့မှစ၍ ၁ နှစ် သတ်မှတ်လိုက်ကြောင်း ဦးမြင့်ဆွေ က လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားသည်။

ထို ထုတ်ပြန်ချက်တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် အခြေခံ အသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုများရှိ၍ မဲစာရင်း ပြဿနာကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း မပြုခြင်း၊ လွှတ်တော် အစည်းအဝေးများ ရွှေ့ဆိုင်းရန် တောင်းဆိုမှုအပေါ် မဆောင်ရွက်ပေးခြင်းတို့မှာ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင် ရွက်ခြင်း ဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး နိုင်ငံတော် တည်ငြိမ်မှုကို များစွာ ထိခိုက်စေလျက်ရှိ ကြောင်း ပါရှိသည်။

အဆိုပါ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းခြင်း မပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ် ပေါ်လာစေမည် ဖြစ်၍ ဥပဒေနဲ့အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ အရ နိုင်ငံ တော်အား အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း၊ မဲစာရင်းများ စစ်ဆေး အတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၈ ပုဒ်မခွဲ ကအရ နိုင်ငံ တော်၏ ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လွှဲအပ် တာဝန်ပေးလိုက်သည်ဟု ထုတ်ပြန်ထားသည်။

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်က “ ကျနော့်ဆီသတင်းပို့တာတော့ ဦးသိန်းဦး ဖမ်းသွားပြီ၊ ဦးဟံသာမြင့် အိမ်ကိုလည်း ဝိုင်းထားပြီလို့ပြောတယ်။CEC ကထဲ သိရသလောက်တော့ သူတို့နှစ်ယောက်ပေါ့။ ကျနော့ဆီလည်း လာနေပြီလို့ ပြောလို့ ဒါကြောင့် ကျနော်လည်း အထုပ်အပိုးပြင်ပြီး စောင့်နေတာပါ” ဟု ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

ဆက်လက်ပြီး “လက်နက်ရှိတဲ့သူက လက်နက်နဲ့ အာဏာသိမ်းတာပေါ့၊ အကြောင်းပြတာကတော့ နောက်မှပြလို့ ရတာပေါ့ဗျာ။ ကျနော်တို့က ဥပဒေနဲ့အညီဆိုရင် အဖမ်းခံရပြီး ဥပဒေနဲ့အညီပဲ ဆက်ပြီးပြောရမှာပေါ့” ၎င်းကပြော သည်။

ယနေ့မနက်အစောပိုင်းကလည်း သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဦးနိုင်ငံလင်းနှင့် လွှတ်တော် ကိုယ်စားလှယ် ဦးပြုံချိုတို့အား နေအိမ်တွင်ပင် တပ်မတော်က လာရောက်ခေါ်ဆောင်သွားကြောင်းလည်း မိသားစုဝင်များက ဧရာဝတီသို့ပြောသည်။

လက်ရှိအချိန်တွင် NLD ပါတီခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့၊ ပြည်သူများကြား ထင်ရှား ကျော်ကြားသော NLD ပါတီ ဝန်းရံသူများနှင့် စာရေးဆရာတချို့ကို လိုက်လံ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရှိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း၊ တပ်မတော်ပိုင် သတင်းဌာနဖြစ်သည့် မြဝတီ ရုပ်သံလိုင်းမှ လွဲ၍ အခြား ရုပ်သံလိုင်းများ ဖြတ်တောက်များ ပြုလုပ်ထားလျက် ရှိသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို

Loading