နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာချက်ကြောင့် ပြည်သူများ ကုန်စည်၊ စားနပ်ရိက္ခာ ဝယ်ယူ စုဆောင်းမှုများ ပြု လုပ်လျက် ရှိကြောင်း သိရသည်။
ယနေ့ မနက်ပိုင်းတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် NLD ပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တချို့၊ NLD ပါတီ ဝန်းရံသူများ၊ စာရေးဆရာတချို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းကြောင့် ပြည်သူများကြား စိုးရိမ် ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြသည်။
အဆိုပါ သတင်းကြောင့် ပြည်သူများ စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းမှုများလည်း ရှိလာကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆန်ဆိုင် ၁ ဆိုင်က “ဒီမနက်မှာဆိုင်ဖွင့်စ ၇ နာရီလောက်မှာပဲ လူတွေအများကြီး လာဝယ်ကြတာ။ ကျမတို့လည်း အံ့သြနေတာ။ ဘာဖြစ်တယ်ဆိုတာ မသိသေးဘူး အဲဒီအချိန်က။ အရင်က ၅ ပြည်ဆို လိုက်ပို့ပေးတာ။ အခု တော့ မပို့နိုင်တော့ဘူး။ ဆန်ဈေးကတော့ အခုလက်ရှိတော့ မတက်သေးဘူး။ ပုံမှန်အတိုင်းပဲ ရောင်းနေပါတယ်” ဟု ပြော သည်။
တချို့ဆန်ဆိုင်များမှာ ဝယ်ယူမှုများသဖြင့် ဈေးကွက် ထိန်းသည့်အနေဖြင့် ပိတ်လိုက်သည့် ဆိုင်များလည်း ရှိနေကြောင်းနှင့် တချို့ဆိုင်များမှာ ဆန်ဈေးနှုန်းများ ပုံမှန်ထက် ဈေးတင်ရောင်းချမှုများရှိလာကြကြောင်း သိရသည်။
ဆန်ဆိုင်များ သာမက ရပ်ကွက်ဈေးများအတွင်း၌လည်း စားသောက်ကုန်များ ဝယ်ယူစုဆောင်းသူများဖြင့် များပြားနေ ကြောင်း ဈေးရောင်းချသူများက ပြောကြသည်။
“ပုံမှန် တနင်္လာနေ့ဆို ဈေးက လူရှင်းတယ်။ ဒီနေ့ကျမှ စုပြုံ လူကျနေတယ်” ဟု ကုန်ခြောက် ရောင်းချသူ တဦးက ဆို သည်။
ရန်ကုန်မြို့အတွင်းရှိ ငါးခြောက်၊ ကြက်ဥ၊ ဆန်၊ ဆီ၊ ကြက်သွန် စသည့် အရောင်းဆိုင်များတွင် လူများတိုးကြိတ်၍ ဝယ်ယူ နေကြသည်ကိုလည်း တွေ့မြင်ရသည်။
လက်ရှိတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားမည်ကို ပြည် သူများက စိတ်ပူနေကြကြောင်း ပြောဆိုကြသည်။
ယနေ့မနက်ပိုင်းက အာဏာသိမ်းလိုက်ကြောင်း ကြေညာချက်ကို ဦးမြင့်ဆွေ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီး အရေးပေါ် အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံ တဝန်းလုံး ဖြစ်ကြောင်းနှင့် ယခုအမိန့်အား ထုတ်ပြန်သည့်နေ့မှစ၍ ၁ နှစ် သတ်မှတ်လိုက်ကြောင်း ကြေညာထားသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး အာဏာတို့အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လွှဲအပ် တာဝန်ပေးလိုက်သည်ဟု ထုတ်ပြန်ထား သည်။
You may also like these stories:
အရေးပေါ် အခြေအနေ ကြေညာ၊ ဦးမြင့်ဆွေ ယာယီသမ္မတ တာဝန်ယူ
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို
ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးကို တပ်က ထိန်းသိမ်း