“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကိုသာ ဦးစားပေးသူ” ဟု ယနေ့ စစ်တပ်အာဏာသိမ်းခြင်းနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန်က ဝေဖန်လိုက်သည်။
“တရားဝင် အစိုးရ၊ ပြည်သူလူထုကနေ Mandate ပေးထားတဲ့ ပြည်သူလူထုကနေ ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ပြီဆိုကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မထူးဇာတ်ခင်းသွားပြီ” ဟု ၎င်းက ဆိုသည်။
ယနေ့ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းထောက်များက NLD ပါတီ သဘာပတိ ဦးဝင်းထိန်အား မေးမြန်းရာ ထိုသို့ ဖြေကြားခြင်းဖြစ်သည်။
“အခုကျနော်တို့ ကိုဗစ်-19 နဲ့ ပတ်သက်ပြီး တနိုင်ငံလုံး ဒုက္ခရောက်နေတယ်။ ဆေးထိုးတာတွေလည်း တဝက် တပျက်။ အဲဒါထက်ကို ဒုတိယတချက်က နိုင်ငံ့စီးပွားရေးကျနေတာ။ အဲဒီလိုအချိန်မှာ ဒီလို မထောက်မညှာ အာဏာ သိမ်းတာက အမြော်အမြင်နည်းတယ်။ အမြင်ကျဉ်းမြောင်းတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ဝေဖန်သည်။
အာဏာသိမ်းသည့် လုပ်ရပ်သည် တပ်မတော်က ရေးဆွဲပြဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း လိုက်သည့် သဘောဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။
ဆက်လက်၍ ၎င်းက “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့မိသားစုဟာ တိုင်းပြည်မှာ ကျိကျိတက် ချမ်းသာနေတယ် ဆို တာ လူတိုင်းသိတယ်။ တပ်မတော်သားခေါင်းဆောင်တွေလည်း သိတယ်။ တပ်မတော်သား ခေါင်းဆောင်တွေဟာ အဲဒီလို လူမျိုးကို ဆက်ထောက်ခံနေမယ်ဆိုရင် တပ်မတော်ဟာ အစက ပြည်သူလူထု မထောက်ခံတဲ့ တပ်မတော်၊ အခုတော့ ပြည်သူလူထု ရွံရှာမုန်းတီးတဲ့ တပ်မတော်ဖြစ်လိမ့်မယ်” ဟု ပြောဆိုသည်။
ထို့အပြင် ပြည်သူလူထုအနေနှင့်လည်း အာဏာသိမ်းသည့် လုပ်ရပ်ကို အကြမ်းမဖက်ဘဲ အနုနည်းဖြင့် အာဏာဖီဆန် ကြရန်လည်း ဦးဝင်းထိန်က တိုက်တွန်းလိုက်သည်။
ယနေ့နံနက် အာရုဏ်တက်ချိန်တွင် တပ်မတော်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
You may also like these stories:
တပ်မတော်က ဖွင့်သည်ဆိုသော်လည်း ဘဏ်များ ယာယီပိတ်ထား
အရေးပေါ်ကာလပြီးပါက ရွေးကောက်ပွဲ ပြန်ကျင်းပ၍ အာဏာပြန်လွှဲပေးမည် ဟုဆို
နိုင်ငံရေး ထောင်ချောက်ထဲ မဝင်ရန် NLD ထောက်ခံသူများပြော