သတင်း

ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေး နုတ်ထွက်သည့် သတင်းများထွက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရာထူးမှ နုတ်ထွက်မည်ဟု အဓိပ္ပါယ်ရ သည့် နှုတ်ဆက်စာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ နေ့လယ်ပိုင်းက ထုတ်ပြန်ထားသည်။

ယင်းစာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် သူ၏ ဝန်ကြီးဌာနမှ သုံးရက်အတွင်း ထွက်ခွာတော့မည် ဖြစ်ကြောင်း ရေးသားထားပြီး၊ ၎င်းစာကို ဝန်ကြီးဌာန facebook page မှ နာရီပိုင်းအတွငး ပြန်လည်ဖြုတ်ချသွားသည်။

“ဆေးရုံ၊ တက္ကသိုလ်၊ ကျန်းမာရေး စောင့်ရှောက်မှု စင်တာတွေ၊ အဖွဲ့အစည်းတွေစတဲ့ ကျန်းမာရေးစနစ်၊ ပြည်သူ့ကျန်းမာ ရေး စနစ်တွေ ဒီအဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုတာ သင်တို့ရဲ့ အပြည့်အဝ ထောက်ပံ့မှု မပါဘဲ မဖြစ်ပါဘူး။ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်း ပြောဖို့ မဖြစ်နိုင်တော့ပေမယ့် တဦးစီ တဦးစီတိုင်းကို စိတ်ထဲကနေ ကျေးဇူးတင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ကျန်းမာရေးစနစ်အတွက် အခြေခံလိုအပ်ချက်များကို ပြည့်စုံစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ဖြစ်သဖြင့် ကိုဗစ် ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးကိစ္စများကို ဆက်လက်ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။

“ကျနော်တို့ နိုင်ငံသားတွေအတွက် ကိုဗစ်နဲ့ ကိုဗစ်ကာကွယ်ဆေးကိစ္စတွေကို ဆက်ပြီး ဆောင်ရွက်ပေးကြပါ။ ကျန်းမာရေး စနစ် အတွက် အခြေခံ လိုအပ်ချက်တွေကို အတော်ကြီး ပြည်ပြည့်စုံစုံ ဖွံ့ဖြိုးတိုးတက်အောင် စုဆောင်းပေးခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဘေးရဲ့ ပြောင်းလဲမှု အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး ဆက်လက် တည်ဆောက် ပေး ကြပါ” ဟု ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးကို မေးမြန်းရာတွင် “ကျမလည်း အဲဒါပဲ တွေ့ပါတယ်။ ပြောရခက်ပါတယ်။ ပြန်ဖြုတ်ချသွားတာတော့ MOHS ရဲ့ Admin မဟုတ်တော့ မသိပါ ဘူး။ ကျမတို့လည်း တင်ထားသလောက်ပဲ တွေ့ရတာပါ” ဟု ဧရာဝတီကို ပြောသည်။

ယနေ့ မနက်ပိုင်းတွင် တပ်မတော်က အာဏာ လွှဲပြောင်းယူလိုက်ကြောင်း ၎င်းတို့ပိုင် မြဝတီ ရုပ်သံသတင်းတွင် ကြေ ညာပြီးနောက် လက်ရှိ NLD အစိုးရအဖွဲ့ခေါင်းဆောင်များ၊ NLD ဝန်းရံသူများကို ဖမ်းဆီး ထိန်းသိမ်းခြင်းများ ပြုလုပ် ခဲ့သည်။

လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် သွားမည် ဟုလည်း တပ်မတော်က ထုတ်ပြန်ထားသည်။

You may also like these stories:

အရေးပေါ်ကာလပြီးပါက ရွေးကောက်ပွဲ ပြန်ကျင်းပ၍ အာဏာပြန်လွှဲပေးမည် ဟုဆို

Loading