စစ်တပ်က ဥပဒေမဲ့ ဖမ်းထားသော အရပ်သားခေါင်းဆောင်အားလုံးကို ချက်ချင်းလွှတ်ရန် ဩစတြေးလျအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
စစ်တပ်အနေနှင့် အငြင်းပွားမှုကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းနိုင်ရန် တည်ဆဲတရားဥပဒေများကို လေးစားလိုက်နာသင့်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး အာဏာသိမ်းလိုက်သည့် အပေါ် ဩစတြေးလျအစိုးရအနေနှင့် အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း ကြေညာချက်အရသိရသည်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမည့် ငြိမ်းချမ်းသော အမျိုးသားအစည်းအဝေးတရပ် ပေါ်ပေါက်လာရေးကို အခိုင်အမာထောက်ခံသည်ဟုလည်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ၏ ကြေညာချက်တွင်ရေးသားထားသည်။
ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များအပါအဝင် အရပ်သားအစိုးရခေါင်းဆောင်အများအပြားကို မြန်မာစစ်တပ်ကဖမ်းဆီးထိန်းသိမ်းလိုက်သည့်သတင်းများကြောင့် အကြီးအကျယ် စိုးရိမ်သောကရောက်ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ထုတ်ပြန်လိုက်သည်။
အစိုးရတာဝန်ရှိသူအားလုံးနှင့် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်နှင့် နိုဝင်ဘာ ၈ ရက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွင်ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြသည့် မြန်မာနိုင်ငံသားများ၏ဆန္ဒကို လေးစားလိုက်နာရန် မြန်မာတပ်မတော်ခေါင်းဆောင်များကို တောင်းဆိုထားသည်။
အမေရိကန်ပြည်ထောင်စု အနေဖြင့် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့်ဖွံ့ဖြိုးမှုကိုလိုလားသော မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်လျက်ရှိကြောင်းနှင့် တပ်မတော်အနေဖြင့် ယခုကဲ့သို့သော ပြုမှုဆောင်ရွက်မှုများကို ချက်ချင်းနောက်ပြန်ဆုတ်ရမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။